ရန်ကုန် (မဇ္ဈိမ) ။ ။ အသစ်ပြန်လည် ရေးဆွဲလျက်ရှိသော Mining Law
(သတ္တုတွင်း ဥပဒေ)တွင် အဓိက အားဖြင့် အချက်နှစ်ချက်အား အဓိက
ပြုပြင်သွားမည်ဟု သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သက် က
ပြောသည်။
ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် Myanmar Mining Summit (မြန်မာ သတ္တုတွင်း ထိပ်သီးအစည်းအဝေး) တွင် တက်ရောက်နေစဉ် မဇ္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားသွားခြင်း ဖြစ်သည်။

“အခု အသစ်ပြန်လုပ်နေတဲ့ Myanmar Mining Law မှာ အဓိကထားပြီး ပြင်စရာက အချက် နှစ်ချက်ပဲ ရှိပါတယ်။ တခုက သဘာာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိအောင်ရယ်။ နောက်တခုက အခု သတ္တုတွင်းမှာ ရင်းနှီးမြှုပ်နှံကြမယ့်
ပြည်တွင်းရော၊ ပြည်ပရင်းနှီးမြှုပ်နှံသူတွေအတွက် လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ကို ဆောင်ရွက်ထားပါတယ်” ဟု ဦးကျော်သက် က ပြောသည်။
အဆိုပါ ဥပဒေအား သတ္တုတွင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ ကုလသမဂ္ဂ တာဝန်ရှိသူများ ပူးပေါင်းကာ ရေးဆွဲပြုပြင်ထား
ခြင်း ဖြစ်သောကြောင့် အခြားသော နိုင်ငံများ၏ သတ္တုတူးဖော်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် နှိုင်းယှဉ်ပါက နားလည် သဘောပေါက်ရ လွယ်ကူမည်ဟု ၎င်းက ဖြည့်စွက် ပြောကြားသွားသည်။
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများအား ယခုထက်ပိုမိုပြီး ထင်သာမြင်သာ ရှိရန် ဆောင်ရွက်သွားဖို့နှင့် ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်လို၍ ဤအစည်းအဝေးကြီး ကျင်းပရခြင်း ဖြစ်သည်ဟု ဆိုသည်။
“အခု နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ သတ္တုတူးဖော်ရေးကဏ္ဍမှာဆိုရင် FDI (တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု)
ရယ်၊ Joint Invest (ဖက်စပ် ရင်းနှီးမြှုပ်နှံမှု)ပုံစံ နဲ့ Contract Mining (ကန်ထရိုက် တူးဖော်မှု)ပုံစံမျိုးတွေ လုပ်လာကြ
ပါတယ်။ လက်ရှိ ဒီကဏ္ဍမှာ အများဆုံး လုပ်ကိုင်နေတာကတော့ တရုတ်ပါ။ ဒါပေမယ့် အခုတော့ ဂျပန်၊ ကိုရီးယား
နိုင်ငံတွေကပါ လုပ်ဆောင်ဖို့ ရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလို့ လေ့လာနေကြတာကတော့ အများကြီးပါ” ဟု ညွှန်ကြားရေးမှူးက ပြောသည်။
သို့ရာတွင် ရင်းနှီးမြှုပ်နှံမှုများကို လက်ခံစဉ်းစားရာတွင် “ကျနော်တို့ အနေနဲ့တော့ အကျိုးအမြတ်ကိုပဲ ကြည့်မှာ မဟုတ်ပါဘူး။ အကျိုးအမြတ် ဘယ်လောက်ပဲရရ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ်ဆိုရင်တော့ လက်ခံမှာ မဟုတ်ပါဘူး” ဟု ပြောဆိုသွားသည်။
ထို့ကြောင့် သတ္တုတွင်းတူးဖော်သည့် လုပ်ငန်းများအား မြစ်ချောင်းများနှင့် ကိုက် ၁၀၀ အတွင်း လုပ်ကိုင်မှု မပြုရဟု ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်းနှင့် လက်ရှိ လုပ်လက်စ လုပ်ငန်းများကိုလည်း လုပ်ကိုင်ခွင့်ပြုတော့မည် မဟုတ်ကြောင်း အသိပေး ပြောဆိုသွားသည်။
ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပလျက်ရှိသော ပထမဆုံးအကြိမ် Myanmay Mining Summit တွင် နိုင်ငံအလိုက် တက်ရောက်ဆွေးနွေးကြသူ ရာခိုင်နှုန်းမှာ ဥရောပမှ ၅ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ၁ ရာခိုင်နှုန်း၊ အမေရိကန်နှင့် ကနေဒါမှ ၆ ရာခိုင်နှုန်း၊ သြစတြေးလျမှ ၁၆ ရာခိုင်နှုန်း၊ အရှေ့တောင်
အာရှမှ ၃၃ ရာခိုင်နှုန်း၊ ပြည်တွင်းမှ ၁၂ ရာခိုင်နှုန်းနှင့် ကျန် အာရှနိုင်ငံများမှ ၂၇ ရာခိုင်နှုန်း တက်ရောက်လာကြသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။