Wednesday, July 25, 2012

ပြုပြင်ပြောင်းလဲမှုများအား ဆက်လက်လုပ်ဆောင်သွားမည်ဟု ထိုင်းခရီးစဉ်၌ သမ္မတဦးသိန်းစိန် ပြောကြား

မြန်မာအစိုးရအဖွဲ့ဆောင်ရွက်နေသော နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုများအား ထိုင်းဝန်ကြီးချုပ် က ထောက်ခံသည့် အပေါ်တွင်ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် သမ္မတဦးသိန်းစိန်က ယနေ့ပြောကြားခဲ့ခြင်းဖြစ်သည်။    
ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်းလတ် ရှီနာဝတ်တို့ ယနေ့ ဇူလိုင်(၂၃)ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့ရာ စီးပွားရေးနှင့် သက်ဆိုင်သော နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့သည်။ ယင်းနောက် နေ့လည်ပိုင်းတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သမ္မတ ဦးသိန်းစိန်က အခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။     “ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့အတွက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲ မှုတွေ ဆောင်ရွက်တဲ့ နေရာမှာထောက်ခံအားပေးတဲ့ ထိုင်းအစိုးရနဲ့ ပြည်သူတွေကို ကျွန်တော်တို့ အနေနဲ့ကျေးဇူး တင်ကြောင်း ထုတ်ဖော်ပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီပြုပြင် ပြောင်းလဲမှုတွေကို ဆက်လက် ဆောင်ရွက် သွားဖို့အတွက်ဆုံးဖြတ်ထားကြောင်းကိုလည်း အလေးအနက် ပြောကြားလိုပါတယ်။”  ဟု မြန်မာနိုင်ငံတော် သမ္မတကြီးက အလေးအနက်ထား ပြောကြားခဲ့သည်။     ထို့အပြင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုဘ၀မြှင့်တင်ရေး၊ မြန်မာ့လူ့ အဖွဲ့ အစည်းများ၏ လုပ်ငန်းစွမ်းဆောင်မှုနှင့် အဖွဲ့အစည်း တည်ထောင်မှုများတွင် စွမ်းရည် မြှင့်တင်ရေး၊ ထားဝယ် ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဆက်သွယ်မှုအပါအ၀င် ဆက်သွယ်ရေးလမ်း ကြောင်း မြှင့်တင်ရေးကိစ္စများကို ကူညီဆောင်ရွက်ပေးသွားမည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည့်အပေါ် သမ္မတဦးသိန်းစိန်က ကျေးဇူးတင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။        ယနေ့ လက်မှတ်ရေးထိုးခဲ့သည့် MOU သဘောတူညီချက်တွင် အဓိက အချက်(၃)ချက်နှင့် အခြားကိစ္စရပ်များ ပါဝင်သည်ဟု သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့သည့် ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် မြန်မာ သတင်း ထောက်တစ်ဦးက ယခုကဲ့သို့ ဆိုသည်။        “ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းရယ်၊ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ရေနက်ဆိပ်ကမ်းဖြစ်တဲ့ လမ်ချဘန် ရေနက် ဆိပ်ကမ်း စက်မှုဇုံ စီမံကိန်းပူးပေါင်းဆောင်ရွက်မှု အနေအထားနဲ့ ပတ်သက်ပြီးတော့ အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားဖို့ရယ်၊ ရှေ့လာမယ့် သြဂုတ်လထဲမှာ ၀န်ကြီးအဆင့် အစည်းအဝေး လုပ်ပြီးတော့ အခြေခံ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်မယ်လို့ သိရတယ်” ဟု ဘန်ကောက် အခြေစိုက် မြန်မာသတင်းထောက်တစ်ဦးက သူ့၏အတွေ့အကြုံကိုရှင်းပြသည်။        ဆက်လက်၍ “စီပွားရေး ကုန်သွယ်ရေး မြှင့်တင်ဖို့ အနေအထားတွေ၊ မြန်မာအလုပ်သမား ငှားရမ်းရေး အပါ အ၀င် ရင်းနှီးမြုတ်နှံမှုနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စတွေ ရှေ့ဆက်သွားနိုင်မယ်၊ ပြီးရင်တော့ ထိုင်းနဲ့ မြန်မာ သံတမန်ဆက်ဆံရေး(၆၅)နှစ်ပြည့် တဲ့အနေနဲ့ အထိမ်းအမှတ်ပြုလုပ်နိုင်မယ်ဆိုတာမျိုး ပြောသွားတယ်။” ဟု အဆိုပါ သတင်းထောက်က ဆက်ပြောခဲ့သည်။     သမ္မတ ဦးသိန်းစိန်နှင့်အတူ ဌာနဆိုင်ရာ ၀န်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ၀န်ကြီးချုပ်အချို့နှင့် အလုပ်သမား၊ လယ်သမားကိုယ်စားလှယ်များအပါအ၀င် သတင်းထောက်များပါဝင်သည့် စုစုပေါင်း လူဦးရေ (၅၀)ခန့် ပါဝင်ကြောင်းကိုလည်း သိရှိရသည်။     အဆိုပါခရီးစဉ်တွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် လိုက်ပါလာသည့် အတွက်   နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် နေရာအချို့သို့ သွားရောက်လေ့လာရန် စီစဉ်ထားရှိကြောင်းကိုလည်း သိရှိရသည်။     ယခုခရီးစဉ်သည် သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက် ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ်သွား ရောက်သည့်ခရီးစဉ်ဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်နေ့နံနက်ပိုင်းတွင် မြဘုရားသို့ သွားရောက်ဖူးမျှော်ရန် အစီအစဉ်ရှိကြောင်း သိရှိရပြီး  ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဟု သတင်းရသည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။