Friday, June 8, 2012

၂၉ ထပ် ဆီဒိုးနားဟိုတယ် ဆောက်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ဆီဒိုးနား ဟိုတယ်ပိုင်ရှင်များက ၂၉ ထပ်ရှိ အဆင့်မြင့် ဟိုတယ် တခု ရန်ကုန်မြို့တွင်
ဆောက်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး ဆီဒိုးနား ဟိုတယ်များကို ပိုင်ဆိုင်သော Capple ကုမ္ပဏီ လုပ်ငန်းစုမှ မြန်မာ့ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတွင် အထပ် ၂၉ ထပ်မှာ ဟိုတယ် တာဝါတခုကို ဆောက်လုပ်ရန် တင်ပြထားကြောင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းမှာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ သန်း ၈၀ ကုန်ကျနိုင်မည်ဖြစ်ပြီး မြန်မာ့နိုင်ငံ တွင် အမြင့်ဆုံး ဟိုတယ်တာဝါ ဖြစ်လာမည် ဖြစ်သည်။

“သူတို့ လာဆွေးနွေးတာ ဟုတ်ပါတယ်။ နေရာကတော့ အသိအမှတ် မပြုသေးပါဘူး။ ဒီဟာကတော့ အသစ်ဆောက် မှာပေါ့။ အခန်းတွေကလည်း လက်ရှိမှာ တော်တော်လေး လိုနေတာ ဆိုတော့ ဒီဟာကို ခွင့်ပြုဖို့ များပါတယ်။ တိုင်ပင်ညှိနှိုင်းသွားမှာပါ” ဟု နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို
ပြောသည်။

ထိုသို့ ဟိုတယ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလာမှုမှာ ကောင်းသော လက္ခဏာတရပ် ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင် တဦးက ပြောသည်။

“ဒီလိုဖြစ်လာတာကို ကြိုဆိုရပါမယ်။ ခုက ဟိုတယ်အခန်း လောက်ငှမှု မရှိသလို ဝန်ဆောင်မှုပိုင်းကလည်း ဈေးသာ များတယ်၊ ဝန်ဆောင်မှု တက်မလာတာတွေလည်း ရှိနေတယ်။ နောက် ဒီက ကလေးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာမယ်။ ခုက ဟိုတယ်က နည်းတော့ ဟိုတယ်သင်တန်း တက်ပြီးရင် နိုင်ငံခြားထွက်တော့ လူ့စွမ်းအားရင်းမြစ်တွေလည်း ဆုံးရှုံးမှုတွေ နည်းသွားမယ်” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ Capple လုပ်ငန်းစုမှာ ၁၉၉၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ၁၉၉၆ တွင် အထပ် ၁ဝ ထပ် ရှိ အခန်းပေါင်း ၃၆၆ ခန်း ပါဝင်သော ရန်ကုန် ဆီဒိုးနား ဟိုတယ်ကို ဒေါ်လာ ၁၀၃ သန်းဖြင့် စတင်ရင်းနှီး လုပ်ဆောင် လာခဲ့သည်။ အထပ် ငါးထပ်ရှိ အခန်းပေါင်း ၂၄၇ ခန်း ပါသည့် ဆီဒိုးနား မန္တလေးကိုလည်း ကိုလည်း ဒေါ်လာ ၄၅ သန်းဖြင့် ရင်းနှီးမြှုပ်နှံထားသည်။ ၎င်းတို့၏ ရင်းနှီးငွေမှာ လက်ရှိတွင် ဒေါ်လာ ၁၄၈ သန်း ရှိကြောင်း သိရပြီး ထပ်မံ ရင်းနှီးမြှုပ်နှံပါက ဒေါ်လာ ၂၂၈ သန်း ရှိလာမှာ ဖြစ်သည်။

ယခုတည်ဆောက်မည့် ၂၉ ထပ်ပါ ဟိုတယ်တွင် အခန်းပေါင်း ၃ဝဝ ကျော်နှင့် ခန်းမများ ပါဝင်မည်ဟု သိရပြီး
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။