Friday, June 8, 2012

ဟူးကောင်းချိုင့်ဝှမ်းမှ သိမ်းဆည်းခံလယ်မြေများအတွက် အထူးအယူခံဝင်မည်

ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီမှ သိမ်းယူထားသောလယ်ဧက (၂)သိန်းကျော်အတွက် နေပြည် တော်တွင် အထူးအယူခံဝင်တော့မည်ဖြစ်ကြောင်း လယ်သမားအရေးဆောင်ရွက်ပေးနေသူ တစ်ဦးက ဆိုသည်။

 
အထူးအယူခံတင်မည့် အမှုမှာ(၃)မှုဖြစ်ပြီး  (၁၇)ဦး ပါဝင်သောအမှုတစ်မှု၊ (၂၄)ဦး တစ်မှုနှင့် (၃၈)ဦး ပါဝင်သော အမှုတို့   ဖြစ် သည်။‘’နေပြည်တော်မှာ အထူးအယူခံတင်မှာပါ။ ဒီအမှုက ခဏခဏပလပ်ခံရတယ်။ အဲ့ဒါကြောင့် အထူးအယူခံ ဆက် တင်မှာပါ’’ဟုဟူးကောင်းချိုင့်ဝှမ်းဒေသမှ လယ်သမားအရေးဆောင်ရွက်ပေးနေသူဒေါ်ဘောက်ဂျာကပြောသည်။
 
အဆိုပါ လယ်ယာမြေသိမ်းယူမှုနှင့် ပတ်သက်၍ ယုဇနကုမ္ပဏီအား တရားစွဲဆိုသည့် တောင်သူများမှာ ဖားကန့် မြို့နယ်ရှိ   ကျေးရွာ(၆)ရွာမှ တောင်သူများဖြစ်သည်။

ယုဇနကုမ္ပဏီမှ ပိလောပီနံစိုက်ပျိုးရန်အတွက် လယ်ဧက (၂)သိန်းကျော်အား ဒေသခံတောင်သူများ ဆန္ဒမပါပဲ အတင်းအဓမ္မ သိမ်းယူထားခြင်းဖြစ်ကြောင်း ဖားကန့်မြို့ အောင်ရာရပ်ကွက်နေ လယ်အသိမ်းခံရသူ တောင်သူ ဦးလမုန်တန်ခွန်းက ဆိုသည်။

“ကျွန်တော့် လယ်မြေက ဧက ၅၀ သိမ်းခံရတယ်။”ဟု ဦးလမုန်တန်ခွန်းက ဆိုသည်။ အဆိုပါ လယ်ယာမြေ သိမ်းဆည်းခံထားရသည့်အမှုမှာ  ၂၀၁၀ ခုနှစ် ဇူလိုင်လ ကတည်းက တရားစွဲဆိုထားသော အမှုဖြစ်သည်။
 
ထိုအမှုအား ကချင်ပြည်နယ် တရားသူကြီးချုပ် ဦးတူးဂျာမှ ဆုံးဖြတ်ပေးခဲ့သော်လည်း ကျေနပ်မှုမရှိသဖြင့်ထပ်မံ၍ပြည်နယ်  လွှတ်တော်တရားရုံးတွင်  အယူခံတင်ရာပလပ်ခံရပြီး ဒုတိယအကြိမ် အယူခံတင်ရာတွင်လည်း  ထပ်မံ ပလပ်ခံခဲ့ရကြောင်း သိရှိရသည်။

‘’ပထမ သူတို့က ညှိပေးမယ်လို့တော့ ပြောတယ်။ တရားရုံးမှာ တင်ထားတဲ့အမှုဖြစ်တဲ့အတွက် တရားရုံးမှာပဲ ဖြေရှင်းချင်တယ်။ အပြင်က ညှိရင်လည်း နောက်ထပ် ပြန်ဖြစ်လာနိုင်တာတွေ ရှိလာနိုင်တယ်။ ဒီတရားဥပဒေ ဟာ တောင်သူတွေအတွက် တရားဥပဒေစိုးမိုးနိုင်ဖို့ ဥပဒေအတည်ဖြစ်ဖို့ တရားရုံးမှာ ရင်ဆိုင်ရတာပါ” ဟု ဒေါ်ဘောက်ဂျာက ပြောသည်။
 
မြန်မာနိုင်ငံတွင် လယ်ယာမြေကိစ္စများမှာ အမြဲပေါ်ပေါက်နေသော ပြသာာနာတစ်ရပ်ဖြစ်လာသည့်အတွက် တရားဥပဒေ လမ်းကြောင်းအရ အမှန်အတိုင်းဖြစ်စေရန်  လယ်သမားများအား ကူညီနေခြင်းဖြစ်ကြောင်း ကိုလည်း သိရှိရသည်။
 
ဒေါ်ဘောက်ဂျာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိင်ခဲ့သူတစ်ဦးဖြစ်ပြီး အဆိုပါနှစ်မှာပင် ဟူးခေါင်းချိုင့်ဝှမ်း လယ်သမားအရေး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။