Friday, June 8, 2012

အစ္စလာမ်ဘာသာရေးအဖွဲ့များက နိုင်ငံတော်သမ္မတထံသို့ တွေ့ဆုံလိုကြောင်း ပန်ကြားလွှာတင်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာဝင်(၁၀)ဦးအသတ်ခံရခြင်းနှင့် ပတ်သတ်၍ နောင်တွင် တရားမဲ့မှုများ ဖြစ်ပေါ်ခြင်း မရှိစေရေးအတွက် နိုင်ငံတော်သမ္မတထံသို့ တွေ့ဆုံဆွေးနွေးလိုကြောင်း ပန်ကြား လွှာ တစ်စောင်အား ဇွန်လ(၅)ရက်နေ့တွင် အစ္စလာမ်ဘာသာရေးအဖွဲ့(၅)ဖွဲ့က တင်ခဲ့ကြောင်း သိရှိရသည်။
 

နိုင်ငံတော်သမ္မတထံစာတင်ရခြင်းမှာ ပဋိပက္ခဖြစ်ပေါ်လာရခြင်းအခြေအနေနှင့် ရခိုင်ပြည်နယ်တွင် ဆင်းရဲမွဲတေ ခြင်းကြောင့့်  ပညာသင်ကြားခွင့် နည်းပါးနေခြင်းအား တင်ပြရန်အတွက် ဖြစ်ကြောင်း  အစ္စလာမ် သာသနာရေး ရာအဖွဲ့(၅)ဖွဲ  ဥက္ကဌထံက သိရှိရသည်။
 
“နိုင်ငံတော်ကို တင်ပြမယ် ဆိုတာက လက်တလောဖြစ်နေတဲ့ ပဋိပက္ခပေါ့ ဒီပေါ်ပေါက်လာတဲ့ အခြေအနေကို တရားဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ တဖက်က ပန်ကြားရမယ်။ လူသားချင်းစာနာမှု ကင်းမဲ့စွာနဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်တဲ့ ကိစ္စတွေက ဘာကြောင့်ဖြစ်ရလဲ နောက်ဒါမျိုးတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ နိုင်ငံတော်ကို တင်ပြမယ်။ “ ဟု အစ္စလာမ်သာသနာရေးရာအဖွဲ့(၅)ဖွဲ့၏ ဥက္ကဌ ဦးဝဏ္ဍရွှေက ပြောသည်။
 
ရခိုင်ပြည်နယ်တွင် အစ္စလာမ်သာသနာဝင်များ အသတ်ခံခြင်းပြသာနာ သာမက၊ ဆင်းရဲမွဲတေခြင်း ၊ ပညာတက်ချို့တဲ့သည့်  ပြသာနာများလည်း ရှိနေခြင်းများကို နိုင်ငံသမ္မတထံသို့ ဆွေးနွေးတင်ပြရန် အစီအစဉ် ရှိကြောင်းကိုလည်း သိရှိရသည်။
 
“ရခိုင်ဒေသမှာ တခြားဒေသနဲ့မတူတဲ့ အခြေအနေတစ်ရပ် ရှိတယ်။ အဲ့ဒီဒေသက ပွင့်ပွင့်လင်းလင်းပြောရရင် ဆင်းရဲမွဲတေမှုနှုန်း   မြင့်မားတယ်။ ပညာမဲ့မှုလည်း မြင့်မားနေတယ်။ ဒီဒေသကလူတွေ ရာဇ၀တ်မှု ကျူးလွန် တယ်ဆိုတာ အထူးသဖြင့် ကျွန်တော်တို့ မွတ်ဆလင်တွေကို ပြောတာနော်။ ကျွန်တော်တို့က အချိန်မီ ပညာတတ်အောင် ၊ စီးပွားရေးအခွင့်အလမ်းလုပ်ကိုင် စားသောက်နိုင်အောင်   ဖန်တီးပေးပြီးတော့မှ သူတို့ လူနေမှုတွေ မြင့်လာမယ်။ အဲ့လို အခြေအနေလေးတွေကို နိုင်ငံတော် သမ္မတဆီတင်ပြဖို့   အစီအစဉ်ရှိပါတယ်” ဟု အစ္စလာမ်သာသနာရေးရာအဖွဲ့(၅)ဖွဲ့၏ ဥက္ကဌ ဦးဝဏ္ဍရွှေက ပြောသည်။
 
နိုင်ငံတော်သမ္မတအနေဖြင့် ဘာသာခွဲခြားမှုမရှိဘဲ နိုင်ငံသားအချင်းချင်း သဟဇာတဖြစ်ပေါ်စေရန် လုပ်ဆောင် ပေးသင့်ကြောင်း ကိုလည်း ၄င်းက သုံးသပ်ပြောကြားခဲ့သည်။
 
 
ရခိုင်ပြည်နယ်တွင် ဆင်းရဲမွဲတေမှုကိစ္စရပ်များအား တင်ပြရခြင်း အခြားအကြောင်းအရင်းမှာ အခြားသော သက်ဆိုင်ရာ ဌာနများသို့ တင်ပြခဲ့သော်လည်း လုံလောက်မှု မရှိသောကြောင့် သမ္မတထံတင်ပြရခြင်း ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
“နိုင်ငံတော်သမ္မတဆီကို တင်ပြဖို့ဆိုတာ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကို ရွေးတာပဲ။ ဒါက ပြသာနာတစ်ခုကို အပြေလည်နိုင်ဆုံးနည်းလမ်းကို ရွေးတာ။ သက်ဆိုင်ရာ ၊ဌာနဆိုင်ရာတွေကို တင်ပြခဲ့ပြီးလဲ ဖြစ်တယ်။ ပြသာနာတွေက သက်ဆိုင်ရာ ဌာနတွေမှာ တင်ပြရုံလောက်နဲ့ မလုံလောက်ဘူး အကယ်၍ နိုင်ငံတော်သမ္မတကြီးက မအားလပ်လို့သော်လည်းကောင်း၊ မတွေ့ရင်လည်း ကျွန်တော်တို့ စိတ်မလျော့ပါဘူး။ “ဟု မြန်မာမွတ်စ်လင်လူငယ်များ(ဘာသာရေး)အဖွဲ့ (မ-မ-လ) ဌာနချုပ် ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပြောသည်။
 
အစ္စလာမ်သာသနာရေးရာအဖွဲ့(၅)ဖွဲ့သည် ရခိုင်ပြည်နယ်မှ ကိစ္စအရပ်ရပ်များကို ဖြေရှင်းနိုင်ရေးအတွက်   နိုင်ငံတော် သမ္မတဖြင့် တွေ့ဆုံရန်ကြိုးပမ်းသွားမည်ဖြစ်သလို ဘာသာရေးပေါင်းစုံချစ်ကြည်ရေးအတွက်လည်း   မေတ္တာထားကာ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာမွတ်စ်လင်လူငယ်များ(ဘာသာရေး)အဖွဲ့ (မ-မ-လ) ဌာနချုပ် ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ဆက်လက်ပြောဆိုသည်။
 
အစ္စလာမ်သာသာနာရေးရာအဖွဲ့(၅)ဖွဲ့မှာ အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ် ၊ အစ္စလာမ် သာသနာရေးရာ   ကောင်စီဌာနချုပ် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီအဖွဲ့ဌာနချုပ် ၊ မြန်မာမွတ်စ်လင်မ် လူငယ်များ(ဘာသာရေး)အဖွဲ့ (မ-မ-လ)ဌာနချုပ် နှင့်   မြန်မာမွတ်ဆလင်အမျိုးသားရေးရာအဖွဲ့ချုပ်   (မ-အ-ဖ)ဌာနချုပ်တို့ ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။