Wednesday, June 13, 2012

စစ်တွေတွင် ပုဒ်မ(၁၄၄)ကြေညာပြီးနောက် ပဋိပက္ခဖြစ်ပွားမှုမရှိသေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံထိန်း/စစ်တပ်ကြပ်မတ်မှုများရှိနေ၍  ပုဒ်မ(၁၄၄)အရ လူ(၅)ဦးစုဝေးခြင်း မပြုလုပ်ရအမိန့် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
 

လက်ရှိအချိန်တွင် စစ်တွေ၌ ပဋိပက္ခများ အေးဆေးတည်ငြိမ်လျက်ရှိကြောင်းကိုလည်း သိရှိသည်။“ဒီနေ့ မနက်ဘဲ စစ်တပ်ကနေပြီးတော့ ပုဒ်မ(၁၄၄)ထုတ်ပြန်ကြေညာတယ်၊ လူ(၅)ဦးစုဝေးပြီး အပြင်ထွက် ခွင့်မပြုတာ၊ စစ်တပ်တွေလည်း ရောက်လာတော့ အခြေအနေက အခုတော့ အေးအေးဆေးဆေး ဖြစ်နေ ပါတယ် ” ဟု မင်းဂံရပ်ကွက်ရှိ ရခိုင်တိုင်းရင်းသား ကိုဖြိုးက ပြောသည်။
 
စစ်တွေမြို့တွင် မြို့ပေါ်ရှိရပ်ကွက်ပေါင်း (၂၀)အနက်မှ ဘင်္ဂလီအများစု နေထိုင်သော ရပ်ကွက်(၄)ခု တွင်လည်း စစ်တပ်များသေနတ် ကိုင်ဆောင်ကာ လုံခြုံရေးအထူးကြပ်မတ်ပေးထားခြင်းကြောင့် နေ့ဘက်တွင် ခိုက်ရန်ဖြစ်ပွားမှု မရှိသော်လည်း ညဘက်တွင် စိုးရိမ် ရကြောင်း သိရှိရသည်။
 
“ဘင်္ဂလီတွေအများစု နေထိုင်တဲ့ရပ်ကွက်(၄)ခုလည်း အေးအေးဆေးဆေးဖြစ်နေပါပြီ စစ်တပ်ကစောင့်ပေး နေတော့ ဘာမှမဖြစ်တော့ဘူး ဆိုပေမဲ့ စိုးရိမ်နေရတဲ့အခြေအနေတော့ ရှိတာပေါ့နော်၊ ညဘက်မှာ ဘယ်သူကို ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ မသိဘူးလေ၊ ဘင်္ဂလီ လူမျိုးတွေ အများစုနေတဲ့ ရပ်ကွက်တွေက နာဇီရယ်၊ အောင်မင်္ဂလာရပ်ကွက် ၊ စံပြ(ပြည်တော်သာ) နဲ့ မင်းဂံပေါ့ “ ဟု စစ်တွေမြို့နေ ရခိုင်တိုင်းရင်းသား ကိုကျော် ခင်ထူးက ပြောသည်။
 
ပုဒ်မ ၁၄၄ အရ စစ်တွေမြို့နယ်တွင် ညနေ(၆း၀၀) နာရီမှ နံနက်(၆း၀၀)နာရီအထိ အပြင်မထွက်ရကြောင်း အစ္စလာမ်ဘာသာဝင် တစ်ဦး ထံက သိရှိရသည်။
 
“မနက် ၈နာရီခွဲလောက်ကတည်းက အပြင်မထွက်ရဆိုပြီး ထုတ်ပြန်ထားတော့ ရေခပ်တာလောက်ပဲ ကျွန်တော် တို့အပြင်ကိုထွက်တယ် အဲ့ကိစ္စကလွဲလို့ ကျွန်တော်တို့ အပြင်မထွက်ဘူး စစ်တပ်တွေကလဲ သေနတ်နဲ့ ကျွန်တော်တို့ကိုချိန်ပြီး စောင့်ကြပ်နေတာမို့ မွတ်ဆလင်တွေ   အကုန်လုံး ရွာထဲမှာပဲနေတယ်  ရွာပြင်ကို ဘယ်သူမှ မထွက်ကြဘူး “ဟု အောင်မင်္ဂလာ ရပ်ကွက်နေ အစ္စလာမ် ဘာသာဝင်တစ်ဦးကပြောသည်။
 
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရပ်ကွက်များတွင် ရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂလီများ ပဋိပက္ခဖြစ်ပွားမှုမှာ ရက်ကြာပြီဖြစ်သော်လည်း တည်ငြိမ်အေးချမ်းခြင်း မရှိသေးသောကြောင့် ပုဒ်မ(၁၄၄)အား ယနေ့ ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။
 
နိုင်ငံတော်အစိုးရအနေဖြင့် ဒေသရပ်ရွာတည်ငြိမ်းအေးချမ်းမှုရရှိစေရေးအတွက် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် အဆိုပါ ပုဒ်မ(၁၄၄)အားထုတ်ပြန်ခဲ့ပြီး ဇွန်လ (၁၀)ရက်နေ့တွင် စစ်တွေမြို့နယ်၊ သံတွဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်များ အား ဆက်လက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
 
အဆိုပါဥပဒေမှာ နောက်ထပ်အထက်မှ အမိန့်တစုံတရာ ရရှိခြင်းမရှိသ၍ အတည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။