Tuesday, June 26, 2012

ပူတာအိုခရိုင်အတွင်း ဆန်တစ်ပြည်ကျပ်(၄၀၀၀)အထိ ဈေးနှုန်းမြင့်တက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဒေသတွင်း ဆန်လိုအပ်ချက်ရှိနေခြင်းနှင့် မြစ်ကြီးနားမှ ဆန်တင်ပို့ရာတွင် အခက်အခဲများ ရှိနေခြင်းကြောင့်  ဒေသဆန်ဈေးကွက်အတွင်း ဆန်ဈေးနူန်းများ အဆမတန်မြင့်တက်လျက်ရှိ ကြောင်း သိရသည်။
 

 
“လမ်းတွေ မကောင်းတာနဲ့ တင်ပို့လို့မရတော့ ဒေသမှာ ဆန်အ၀င် နည်းလာတယ်။ ဆန်ဈေးကလည်း တစ်ဗူး ကို ကျပ် ၅၀၀ဖြစ်လာတော့ ၀ယ်မစားနိုင်တဲ့သူတွေလဲ ရှိနေတယ်”ဟု ကချင်ပြည်နယ် နောင်မွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
 
 
လက်ရှိတွင် ပူတာအိုအထက် နောင်မွန်းမြို့နယ်၌ ဒေသထွက် ဆန်တစ်ဗူးလျှင် ကျပ် (၅၀၀) အထိမြင့်တက် နေပြီး ၂၄ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျပ် (၉)သောင်းကျော်ထိ ဈေးရှိပြီး ပူတာအိုမြို့တွင်လည်း လက်ရှိ ဆန် နို့ဆီဗူး(၃)ဗူးလျှင် ကျပ် (၁၀၀၀) ထိ ဈေးရှိသည်။
 
 
အဆိုပါဒေသများ၌ မေလပိုင်းတွင် ဒေသထွက်ဆန်တစ်အိတ်လျှင် ကျပ် (၅)သောင်းရှိခဲ့ရာမှ ယခုဇွန်လကုန်ပိုင်း တွင် ကျပ် (၉)သောင်းကျော်သို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
 
 
“အခုလမ်းကလည်း မကောင်းဘူး၊ ကုန်တင်ပို့ရတာ အဆင်မပြေတော့ ကုန်ကားတွေလဲ မဆွဲတော့ဘူး။ အဲဒါ ကြောင့် ဒေသတွင်းမှာရှိတဲ့ စားသောက်ကုန်တွေ ပြတ်လပ်ပြီး အ၀င်မရှိတော့ဘူး။ ဒေသထွက် ဆန်တွေက လည်း မလုံလောက်တော့ ဒေသခံတွေအနေနဲ့ စားသောက်ဖို့အတွက်ကို စိုးရိမ်နေရတဲ့ အနေအထားထိဖြစ်လာတယ်။ အခုဆိုရင် ဘိလပ်မြေလည်း တစ်အိတ်ကို ကျပ် ၅သောင်းလောက် ပေးနေရတယ်”ဟု ပူတာအိုမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက ပြောသည်။
 
 
ပူတာအိုခရိုင်ဖြစ်သည့် ခေါ်ဘူဒဲမြို့နယ်၊ ဆွမ်ပရာဘွမ်၊ နောင်မွန်းမြို့နယ်၊ ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ် တို့တွင် မြစ်ကြီးနားမြို့နယ်မှ မော်တော်ယာဉ်လမ်းကြောင်းနှင့် လေကြောင်းလိုင်းများဖြင့်သာ သွားလာနိုင်သည်။
 
 
ယခု မိုးတွင်းတွင်မူ မော်တော်ယာဉ်လိုင်းများ သွားလာနိုင်ခြင်းမရှိတော့သဖြင့် လေကြောင်း တစ်ခုတည်းကိုသာ အားကိုးနေရသည့်အတွက် ယခုကဲ့သို့ ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။
 
 
အဆိုပါဒေသများတွင် ဆန်ဈေးကွက်မြင့်တက်လာခြင်းမှာ သွားလာမူအခက်အခဲများကြောင့် ကုန်စည်တင်ပို့ရာ တွင်လေယာဉ်များ အား ပြောင်းလဲအသုံးပြုရခြင်းကြောင့် ဆန်ဈေးနူန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ပူတာအိုမြို့ခံတစ်ဦးကဆိုသည်။
 
 
“ကျွန်မတို့ဆီမှာ အခုမိုးရာသီမှာ စပါးကလည်း စိုက်လို့မရဘူးဆိုတော့ စပါးအထွက်လည်း နည်းမယ်။ နောက်ဒေသခံတွေ စားဖို့အတွက် တော်တော်လေး အခက်အခဲဖြစ်နိုင်တယ်။ အခုလဲ လမ်းတွေမကောင်းတော့ ဈေးကွက်တွင်း ဆန်အ၀င်နည်းတယ်။   လှောင်ထားတဲ့ ဆန်တွေ ထုတ်ရောင်းနေရတော့ အ၀င်မရှိဘူးဆိုရင် ဒေသခံတွေအတွက် ဆန်မလုံလောက်နိုင်တော့ဘူး” ဟု ပူတာအိုမြို့ ကောင်းကတောင်ရပ်ကွက်မှ ဒေသခံ တစ်ဦးပြောသည်။
 
 
ပူတာအို ဒေသခံများအနေဖြင့် မိုးစပါးမစိုက်ပျိုးနိုင်ခြင်းကြောင့် ဆန်ရှားပါးမှုနှင့် ဆန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေမည်ကို စိုးရိမ်လျက်ရှိပြီး လက်ရှိတွင် ဒေသခံအချို့မှာ ဆန်ဈေးမြင့်တက်နေခြင်းကြောင့် ထမင်း အစား ဆန်ပြုတ်များကို ပြောင်းလဲ စားသုံးနေရကြောင်း သိရသည်။ ပူတာအိုခရိုင်အတွင်းတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် စားသောက်ကုန် ပစ္စည်းများနှင့် အခြား အသုံးပစ္စည်းများမှာ ယခင် ၂၀၁၁ခုနှစ် ကထက် ယခုနှစ် ဇွန်လတွင် ကုန်ဈေးနူန်း (၄)ဆကျော်   မြင့်တက်လာခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။