Tuesday, June 26, 2012

 တရားစွဲဆိုခံရသော လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ပထမနေ့ရုံးချိန်းတွင် အာမခံရရှိ

အမှုရုံးချိန်းသို့ လာရောက်သူများကို တွေ့ရစဉ်
ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ လျှပ်တစ်ပြက်ဂျာနယ်အပေါ် ပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် တရားစွဲဆိုထားမှု ပထမနေ့ ရုံးချိန်းဖြစ်သည့် ဇွန်လ ၂၅ ရက်နေ့တွင် အယ်ဒီတာချုပ် ဦးမြတ်ခိုင်၏ ကျန်းမာရေး အခြေအနေအရ အာမခံလျှောက်ထားမှုကို ပုဇွန်တောင်မြို့နယ် တရားရုံးက လုံ လောက်သည့်ခံဝန်ဖြင့် အာမခံခွင့်ပြုလိုက်ပြီး အလင်္ကာဝတ်ရည်မှ ဦးမောင်မောင်အေး(မောင်ဟေမာ)နှင့်  စာရေးဆရာမောင်ဆွေသက်တို့က ငွေကျပ်သိန်းလေးထောင်ခံဝန်ဖြင့် အာမခံပေးထားကြောင်း သတင်းရရှိသည်။
ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ဇွန်လ ၂၅ ရက်နေ့(ယနေ့)တွင်ပြုလုပ်သည့် ပထမဆုံး အမှုရုံးချိန်းတွင် လျှပ်တပြက်ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့်က လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်မှာ ဆီးချို၊သွေးတိုး၊ နှလုံးရောဂါများ ခံစားနေရကြောင်း၊ ဆေးစာအထောက်အထားများရှိကြောင်း၊ သို့ဖြစ်၍ ကျန်းမာရေး အခြေအနေအရ အာမခံပေးပါရန် လျှောက်ထားခဲ့ကြောင်း သိရသည်။
အမှုရုံးချိန်းသို့ လာရောက်သူများကို တွေ့ရစဉ်
တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့်ရှေ့နေမှ ယခုစွဲဆိုတားသည့်အမှုမှာ အာမခံပေးပိုင်ခွင့် မရှိသည့်အမှုဖြစ်သဖြင့် ကန့်ကွက်ပါကြောင်း ပြန်လည်လျောက်ထားခဲ့သည်။ ထို့နောက် ပုဇွန်တောင်မြို့နယ် တရားသူကြီးက နှစ်ဖက်လျှောက်ထားချက်များကို ကြားနာပြီး လျှပ် တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အတွက် အာမခံလျှောက်ထားမှုကို လုံလောက်သည့်ခံဝန်ဖြင့် ခွင့်ပြုလိုက်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး နောက်ထပ်ရုံးချိန်းကို လာမည့် ဇွန်လ ၂၉ ရက်နေ့တွင် ဆင့်ခေါ်ကြောင်းသိရှိ ရပါသည်။

''ဘာအကြောင်းနဲ့ တရားစွဲတယ်ဆိုတာ အခု ကူးခိုင်းထားပါတယ်။ လုံလောက်တဲ့ ခံဝန်နဲ့ အာမခံပေးလိုက်ပါတယ်။ လုံလောက်တဲ့ခံဝန်ဆိုတာ ဘယ်လောက်ပဲ သတ်မှတ်သတ်မှတ်ပေါ့ဗျာ။ အရေးကြီးဆုံးက အာမခံရဖို့ပဲ။ တရားမျှတတဲ့ ဆုံးဖြတ်ချက်ချပေးတဲ့အတွက် မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်အတွက် အားတက်လာပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၇ မှာ ပေးထားတဲ့ခြွင်းချက်နဲ့ အာမခံလျှောက်ထားခဲ့တာပါ။ နောက်ရုံးချိန်းက ဇွန်လ၂၉ ရက်နေ့ပါ။ အဲဒီနေ့မှာတော့ တရားလိုသက်သေတွေကို စစ်မှာပါ ''ဟု တရားလွှတ်တော် ရှေ့နေ ဦးသိန်းညွှန့်က ပြောကြားခဲ့သည်။
''တရားစွဲတာက ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး စွဲတာပါ။ အာမခံပေးတာကတော့ ဦးမောင်မောင်အေးနဲ့ ဆရာမောင်ဆွေသက်တို့ ဖြစ်ပါတယ်။ အာမခံအတွက် ရံထားတာတော့ ဆရာချစ်စံဝင်းတို့လည်း ပါပါတယ်''ဟု လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောကြားခဲ့သည်။

အာမခံရရှိရန်အတွက် အလင်္ကာဝတ်ရည်မဂ္ဂဇင်းမှ ဦးမောင်မောင်အေးနှင့် စာရေးဆရာမောင်ဆွေသက်တို့က နှစ်ဦးပေါင်း ကျပ်သိန်း ၄၀၀၀ ခံဝန်ဖြင့် အာမခံပေးထားကြောင်း သိရှိရပါသည်။

ယနေ့ ကြားနာစစ်ဆေးသည့် အမှုရုံးချိန်းသို့ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များ၊ ပြည်တွင်းဂျာနယ်များမှ အယ်ဒီတာ၊ သတင်းထောက်များနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများ စုစုပေါင်း ခန့်မှန်းဦးရေ ၅၀ ကျော်တက်ရောက် သတင်းရယူခဲ့ကြောင်း သိရသည်။
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)(ဂ) တို့သည် ပုံမှန်အားဖြင့် အာမခံပေး၍မရသော ပုဒ်မဖြစ်သော်လည်း တရားသူကြီးအနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) အရ အာမခံပေးနိုင်ကြောင်း သိရသည်။ ပုံမှန်အားဖြင့် အာမခံ ပေးကိုပေးရမည်ဟု သတ်မှတ်ထားသော ပြစ်မှုများအား အာမခံပေးရာ၌ တရားသူကြီးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆ အရ အာမခံပေးလေ့ရှိကြောင်းသိရသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇ (၁)တွင် ပြဌာန်းထားသည်မှာ  "အာမခံ မပေးနိုင်သော ပြစ်မှုတစ်စုံတရာဖြင့် စွပ်စွဲခံရသူတစ်ဦးသည် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှုးက ၀ရမ်းမပါဘဲ ဖမ်းဆီးခြင်းဖြစ်စေ၊ ချုပ်နှောင်ခြင်းဖြစ်စေ ခံရသည့်အခါ (သို့မဟုတ်) တရားရုံးရှေ့သို့ ထိုသူရောက်ရှိသောအခါ (သို့မဟုတ်) တရားရုံးရှေ့သို့ ခေါ်ဆောင်ခြင်းခံရသည့်အခါ ထိုသူကို အာမခံဖြင့် လွှတ်ထားနိုင်သည်။ သို့သော်လည်း ထိုသူသည် သေဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ စီရင်ထိုက်သော ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရန် သင့်လျှော်သော အကြောင်းများရှိလျင် ထိုသူကို ထိုကဲ့သို့ လွှတ်ထားခြင်း မပြုရ၊ သို့ရာတွင် အဆိုပါပြစ်မှုမျိုးဖြင့် စွပ်စွဲခြင်းခံရသည့် အသက် ၁၆ အောက်ရှိသူ မည်သူ့ကိုမဆို (သို့မဟုတ်) မည်သည့်အမျိုးသမီးကိုမဆို (သို့မဟုတ်) ဖျားနာနေသော (သို့မဟုတ်) ချိနဲ့နေသော မည်သူ့ကိုမဆို အာမခံဖြင့် လွှတ်ထားရန် တရားရုံးက ညွှန်ကြားနိုင်သည်" ဟူ၍ ဖြစ်ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။