Saturday, May 26, 2012

 မန္တလေးမြို့တွင် အလှည့်ကျရရှိသော လျှပ်စစ်မီး ပြတ်တောက်ခြင်း မရှိစေရန် ရွေ့လျားမီးစက်များဖြင့် လှည့်လည်၍ ဓာတ်အားပေးမှုကို မေလ ၂၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိ

မန္တလေးမြို့တွင် အလှည့်ကျပုံ မှန်မီးရရှိချိန်အတွင်း ပြတ်တောက်ခြင်း မရှိစေရန် ရွေ့လျားမီးစက် ၂၄ လုံးဖြင့် လှည့်လည်ဓာတ်အားပေးမှုကို မေလ ၂၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်တင်မီးစက်များကို လျှပ်စစ်ဓာတ်အား ရရှိချိန် လျော့ နည်းသည့် နေရာများနှင့် မြို့တော်စည်ပင် ရေပေးဝေရေး စက်ရုံများတွင် လိုအပ်သလို ထားရှိဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရှိရသည်။

လက်ရှိအချိန်တွင် မန္တလေးခရိုင်အတွင်း လိုအပ်သော လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်မှာ ၁၅၀ မဂ္ဂါဝပ်ရှိပြီး ဖြန့်ဖြူးနိုင်သော ဓာတ်အားမှာ အလှည့်ကျ A,B,C တစ်အုပ်စုလျှင် ၆၅ မဂ္ဂါဝပ်ရှိကြောင်း သိရသည်။''မန္တလေးမှာ အသုံးက ၁၅၀ မဂ္ဂါဝပ်ရှိပြီး ဖြန့်ဖြူးပေးတာက A,B,C တစ်အုပ်စုချင်းစီကို ၇၀ မဂ္ဂါဝပ်တော့ ပေးနေရတာပေါ့။ အခုရောက်ရှိတဲ့ မီးစက် ၂၄ လုံးက မဂ္ဂါဝပ် ၇.၆ မဂ္ဂါဝပ် ရှိပါမယ်။ ဒါပေမယ့် မီးစက်တွေက စုပေါင်းပြီးထုတ်လို့ မရတော့ ထရန်စဖော်မာတစ်လုံးချင်းစီကို လိုက်ပြီးထည့်ရမှာမို့ မဂ္ဂါဝပ်အပြည့်ရမှာ မဟုတ်ပါဘူး။ လိုအပ် ချက်အရ ဖြည့်ပြီး ပေးသွားရမှာပါ။ အရေးပေါ် လိုအပ်တဲ့နေရာ၊ ပုံမှန်မီးရရှိချိန်မှာ အကြောင်းတစ်ခုခုကြောင့် ပြတ်တောက်တဲ့နေရာတွေကို အဓိကထား ပေးသွားမှာပါ။ မန္တလေးမှာ ထရန်စဖော်မာ အလုံး ၄၀၀ လောက်ရှိတယ်။ ဒီအလုံး ၄၀၀ လုံးကိုတော့ မီးစက်တွေနဲ့ ဘယ်လိုမှ မီးပေးလို့ မရပါဘူး။ အရေးပေါ်အတွက်
Mobile system နဲ့ ပေးသွားမှာပါ။ဥပမာ-ဆေးရုံကြီးမှာ ဓာတ်အားမလာတော့ဘူး ဆိုရင်ယာဉ်တင်မီးစက်နဲ့ သွားရောက်ပြီး ပေးသွားမှာပေါ့''ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားခဲ့သည်။

''သောက်သုံးရေ မပြတ်တောက်ရေးအတွက် ရေပေးရေးဘက်ကို အဓိကထားပြီး ကူပါမယ်။ မီးပြတ်တောက်တာများတဲ့အချိန်မှာ မီးစက်နဲ့ ရေတွန်းစက်ရုံတွေဘက်ကို ကူပေးမှာပါ''ဟု မြန်မာ့လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။