Friday, April 27, 2012

 အပူရှိန်ပြင်းကာ ရေပြတ်လပ်မှုများ ကြုံတွေ့နေရသောကြောင့် ကျေးလက်ဒေသအချို့၌ အမျိုးသမီးများ စုပေါင်း၍ တစ်နိုင်တစ်ပိုင် ရေလှူဒါန်းမှုများရှိနေ

542
အမျိုးသမီးများ စုပေါင်း၍ ရေအိုးများရွက်ကာ ရေလှူဒါန်းရန် သွားလာနေမှုကို ၀က်ပုတ် (ညောင်ပင်သာကျေးရွာ)၌
ဧပြီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
လက်ရှိအချိန်ကာလသည် အပူရှိန်ပြင်းနေသောကြောင့် ကျေးရွာအချို့၌ ရေပြတ်လပ်မှုများ ကြုံတွေ့ နေရကြောင်း၊ ယင်းအတွက်ကြောင့် ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် အတွင်းရှိ ကျေးရွာအချို့၌မူ အမျိုးသမီးများစုပေါင်း၍
တစ်နိုင်တစ်ပိုင် ရေလှူဒါန်းမှုများရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
“အခုချိန်က နွေရာသီဆိုတော့ ရေရှားတယ်။ သုံးဖို့ရေရှားသလို သောက်ရေလည်း ရှားတယ်။ ကျွန်မတို့ရွာနားမှာ ၀က်ပုတ်ချောင်းရှိပေမယ့် ချောင်းရေက ညစ်နေတော့  သောက်လို့မရဘူး။ တချို့လည်း ဒီရေကိုပဲ သုံးနေကြတယ်။ ဒါကြောင့် ကျွန်မတို့ရွာက ရေကန်ကရေကို ရေအိုးတွေနဲ့ရွက်ပြီး တစ်နိုင်တစ်ပိုင်လိုက်ပြီး ရေလှူနေကြတာပါ။ အများအားဖြင့်တော့ ဘုန်းတော်ကြီးကျောင်းတွေ နဲ့ သက်ကြီးရွယ်အိုတွေနေတဲ့ အိမ်တွေကိုလိုက်ပြီး လှူနေပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေကတော့ သင်္ကြန် မှာ ဥပုသ်သည်တွေ အတွက်ဆိုပြီး လှူ နေရင်းကနေ ဆက်ပြီးလှူနေကြတာပါ”ဟုလည်း ၀က်ပုတ်မြို့မှ ညောင်ပင်သာ ကျေးရွာသို့ ရေလှူဒါန်းရန် လာရောက်သူ ဒေါ်လုံးကြည်က ပြောကြားခဲ့သည်။
အလားတူ နတ္တလင်းမြို့နယ် ချောင်းခွကျေးရွာမှ ဒေါ်ခင်သောင်းကလည်း “ကျွန်မတို့ဆီမှာက စက်ရေတွင်းကရေကိုပဲ သောက်ကြ၊ သုံးကြပါတယ်။ ရေတွင်းတွေက လက်နှိပ်တွင်းတွေ ဆိုတော့ ရေတစ်ထမ်းရဖို့ကို တန်းစီစောင့်ရတယ်။ လူငယ် မရှိတဲ့အိမ်တွေဆို ရေလာခပ်ဖို့ အခက်အခဲရှိတော့ရွာထဲက မိန်းကလေး၊ ယောက်ျားလေးတွေစုပြီး ရေလိုက်လှူ ကြပါတယ်။ နွေရာသီဆိုရင် နှစ်တိုင်းပဲ ရေရှားတာနဲ့ကြုံရပေမယ့် စက်တွင်း ရေတွေကနေ ရေနှိပ်ပြီးသုံးလို့ သောက်လို့ရနေသေးလို့ တော်ပါသေးတယ်”ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။