Friday, April 27, 2012

သုံးစွဲမီတာယူနစ်မှန်ကန်စေရန် စက်မှုဇုံများတွင် ဒစ်ဂျစ်တယ်မီတာတပ်ဆင်မည်

သုံးစွဲမီတာယူနစ်မှန်ကန်စေရန် စက်မှုဇုံများတွင် ဒစ်ဂျစ်တယ်မီတာတပ်ဆင်မည်




ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် သုံးစွဲမီတာယူနစ်မှန်ကန်စေရန်အတွက် သုံးစွဲလျက်ရှိသည့် ရိုးရိုးမီတာများကို ဒစ်ဂျစ်တယ်မီတာများဖြင့် ပြောင်းလဲတပ်ဆင်သွားရန်ရှိကြောင်း အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့က ပြောသည်။

ကိုရီးယားနိုင်ငံထုတ် မီတာများကို  ပြောင်းလဲတပ်ဆင်အသုံးပြုရန် ဒစ်ဂျစ်တယ်မီတာအလုံးရေ (၃၀၀)အား မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ကတဆင့်  မှာယူထားခြင်းဖြစ်သည်။

“ သုံးစွဲတဲ့ မီတာ ယူနစ်များအတိုင်း မီတာခ မရရှိမှုမှာ စက်မှုဇုန်များက ပိုမိုများတယ်။ မြို့နယ်၊ ရပ်ကွက် တွေမှာရှိတဲ့ အိမ်သုံးမီတာတွေကတော့ မီတာယူနစ်အတိုင်း မီတာခ မရရှိမှု ပမာဏ နည်းပါးတယ်။” ဟု လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

သုံးစွဲသည့် မီတာယူနစ်ပမာဏအတိုင်း ရရှိနိုင်ရန်အတွက် ဒစ်ဂျစ်တယ်မီတာကို စက်မှုဇုန်များတွင် စတင် တပ်ဆင်ရန် စီစဉ်နေခြင်းဖြစ်သည်။ စက်မှုဇုံများတွင့်  ဒစ်ဂျစ်တယ်မီတာဓာတ်တိုင်များတွင် ဒစ်ဂျစ် တယ်မီတာများကို တပ်ဆင်မည်ဖြစ်သည်။

ဒစ်ဂျစ် တယ်မီတာများမှာ လူကိုယ်တိုင်သွားရောက်မီတာ ဖတ်စရာ မလိုပဲ အဝေးထိန်းစနစ် အသုံးပြု၍ မီတာ ဖတ်ရှု နိုင်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ကိုရီးယားနိုင်ငံထုတ် ဒစ်ဂျစ်တယ်မီတာဈေးနှုန်းမှာ တစ်လုံး ကျပ် တစ်သိန်းတစ်သောင်းဝန်းကျင်ရှိပြီး  အမှတ် (၂)လျှပ်စစ်ဝန်ကြီး ဌာန၏ ဘဏ္ဍာငွေဖြင့် ၀ယ်ယူထားကြောင်း သိရှိရသည်။

“အခုလို စက်မှုဇုန်တွေမှာ ရိုးရိုးမီတာ ကနေ ဒစ်ဂျစ်တယ် မီတာများ ပြောင်းလဲ တပ်ဆင် ရတာဟာ မီတာ ယူနစ်များကို မှန်မှန်ကန်ကန် သိရှိစေဖို့အတွက် ဖြစ်တယ်။” ဟု ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ တာဝန်ရှိသူ ကပြောသည်။


 ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။