Friday, April 27, 2012

ဘုရင့်နောင်ဈေးကွက်တွင် ပဲဈေးကျဆင်းလျက်ရှိ

ဘုရင့်နောင်ဈေးကွက်တွင် ပဲဈေးကျဆင်းလျက်ရှိ



ဘုရင့်နောင်ပဲဈေးကွက်တွင် ပဲဈေးများကျဆင်းလျက်ရှိနေကြောင်း ဘုရင့်နောင်ပွဲရုံအတွင်းဝင်းက သိရှိရသည်။

“ဈေးနှုန်းက သင်္ကြန်မတိုင်ခင်ကဈေးနဲ့ဆိုပျှမ်းမျှပေါ့ နှစ်သောင်းဝန်းကျင်လောက်အထိကျတယ်။ ဒါပေမယ့် ဈေးကွက်ပြန်စကာစမို့ပါ။   နောက်တစ်ပတ်လောက်ဆိုရင် ပြန်ငြိမ်သွားမှာပါ”ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
သင်္ကြန်မတိုင်ခင် ပဲဈေးကွက်အတွင်း ပဲစင်းငုံ RC တစ်တန်လျှင် ငွေကျပ် လေသိန်း လေးသောင်း ရှစ်ထောင် ၀န်းကျင်ရှိခဲ့ပြီး မတ်ပဲ FAQတစ်တန်လျှင် ငွေကျပ် လေးသိန်း ငါးထောင်ဝန်းကျင်ရှိခဲ့ကြောင်းသိရသည်။ သင်္ကြန်အပြီး ပွဲရုံပြန်လည်ဖွင့်ပြီးချိန်တွင် ပဲစင်းငုံ RC တစ်တန်လျှင် ငွေကျပ်လေးသိန်း သုံးသောင်းခြောက် ထောင်နှင့် မတ်ပဲ FAQ တစ်တန်လျှင် ငွေကျပ် သုံးသိန်း ရှစ်သောင်း ငါးထောင်သာ ရှိတော့ကြောင်းသိရသည်။

“ပဲတွေက အားလုံးနီးပါးဈေးကျတယ်။ မကျတဲ့ပဲဆိုလို့ တစ်မျိုးနှစ်မျိုးလောက်ပဲရှိတယ်။ ပဲဈေးကျလို့ ထူးထူး ခြားခြား ထိခိုက်တာတော့မရှိပါဘူး။ ဈေးနှုန်းမငြိမ်တာတွေက ဖြစ်တတ်ပါတယ်”ဟု နိုင်ငံခြားသို့ ပဲတင်ပို့နေသူ ကိုကျော်မြင့်ကပြောသည်။
ဘုရင့်နောင်ပွဲရုံများကို သင်္ကြန်ကာလအတွင်းပိတ်ထားခဲ့ပြီး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သင်္ကြန်အပြီး ပွဲရုံများပြန်လည်ဖွင့်လှစ်ခြင်းကြောင့် ပဲဈေးနှုန်းများကျဆင်းနေရခြင်းဖြစ်ပြီး မကြာခင် ပဲဈေးနှုန်းများမှာ ပုံမှန်ပေါက်ဈေးနှုန်းများ အတိုင်း ပြန်လည်ငြိမ်သက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပဲဈေးကျတာက တခြားကြောင့်မဟုတ်ပါဘူး။ သင်္ကြန်တွင်းမှာ ပွဲရုံတွေပိတ်ထားရတယ်လေ။ အခုသင်္ကြန်ပြီးပွဲရုံ   ပြန်ဖွင့်တော့   ဈေးမငြိမ်တဲ့သဘောပါ”ဟု ဘုရင့်နောင်ကုန်စည်ဒိုင်က သိရသည်။ 


ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။