Friday, April 27, 2012

ငါးထောင်တန်ဆင်မ်းကဒ် အသုံးပြုနိုင်ရန် ပြည်သူများက ဆက်လက်ကြိုးပမ်း

ငါးထောင်တန်ဆင်မ်းကဒ် အသုံးပြုနိုင်ရန် ပြည်သူများက ဆက်လက်ကြိုးပမ်း



ပြည်သူများမျှော်လင့်နေသော ငါးထောင်ဖုန်းဆင်မ်းကဒ် အသုံးပြုနိုင်ရန်အတွက် ရွှေပြည်တံခွန်ကုမ္ပဏီက ဆက်လက်ကြိုးပမ်းလျက် ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့က လုပ်နိုင်တယ်၊ လုပ်ခွင့်ရှိရင် လုပ်မယ်၊ အတိအကျတင်ပြထားပြီးသားပါ၊ နိုင်ငံတော်ကို လေးဆယ်ရာခိုင်းနူန်း၊   ပြည်သူတွေက သုံးဆယ်ရာခိုင်းနူန်း၊ ကျွန်တော်တို့က သုံးဆယ်ရာခိုင်နူန်း၊ ၀န်ကြီးဌာန တွေကို လျှောက်ထားပြီးသား၊ လိုင်စင်ရဖို့အတွက်ကို အဆိုတင်ပြထားပြီးသား လျှောက်ထားပြီးသားပါ၊ အကြောင်းမပြန်သေးလို့”ဟု ရွေပြည်တံခွန်ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ကိုလွင်နိုင်ဦးက ပြောသည်။
အဆိုပါ ၅၀၀၀ တန်ဆင်မ်းကဒ်များအကြောင်းကို ဧပြီလ (၂၃)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)က   ဒေါက်တာမြတ်ဥာဏစိုးက  “ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦး တင်ပြလာသည့် ၅၀၀၀ ကျပ်တန် SIM Card အစီအစဉ်သည် Mobile ဖုန်းဆက်သွယ်ရေးစနစ်ကို ပြည်သူများစရိတ်စက အထူးသက်သာစွာ သုံးစွဲနိုင် မည်ဖြစ်သဖြင့် နိုင်ငံတော် အစိုးရမှ အစီအစဉ်ကို ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မူအဆိုကို တင်သွင်းခဲ့ကြောင်း သိရသည်။
“ပြည်သူတွေမျှော်လင့်နေတဲ့ လူတိုင်းးဖုန်းကိုင်မယ့် အခွင့်အလမ်းမျိုး တင်ပြပေးတာကောင်းပါတယ်။ ဒါပေမယ့် ၀န်ကြီးက ပုဂ္ဂလိက ကုမ္ပဏီက လုပ်မယ်ဆိုတာကို ခွင့်ပြုမယ်မပြုဘူးဆိုတာ အတိအကျမဖြေကြားသွားပါဘူး။ ချပေးနိုင်ဖို့အတွက်လည်း မျှော်လင့်ပါတယ်” ဟု လှိုင်သာယာမြို့နယ်တွင်နေထိုင်သူ ဦးကျော်ရှင် ကပြောသည်။
၅၀၀၀ ကျပ်တန် SIM Card အဆိုအား နိုင်ငံတကာဆက်သွယ်ရေးကဏ္ဍတွင် အတွေ့ကြုံရှိပြီး ငွေကြေး အင်အား တောင့်တင်းခိုင်မာ၍ နည်းပညာအဆင့်အတန်းမြင့်မားသော လက်ရှိဆက် သွယ်ရေးလုပ်ငန်းကို ဆောင်ရွက်နေကြသည့် ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေးပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွတ်တော်တွင်း၌ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးတင့်လွင် က ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
၅၀၀၀ ကျပ်တန် SIM Cardအား အကျိုးအမြတ်နည်းနည်းဖြင့် ထုတ်လုပ်နိုင်သည်ဟုဆိုထားသည့် ရွေပြည် တံခွန်ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ကိုလွင်နိုင်ဦးက လွှတ်တော်တွင် တင်သွင်းသည့် ၅၀၀၀ ကျပ်တန် SIM Card အဆိုနှင့်ပတ်သက်၍ ယခုကဲ့သို့ဆိုသည်။
“ကျွန်တော်တို့ကိုတော့ အခုချိန်ထိ ဆက်သွယ်ရေးဝန်ကြီးဌာနက နေဘာမှအကြောင်းမပြန်သေးဘူးပေါ့။ ဒီလုပ်ငန်းကိုတင်ထားပြီးသား၊ လွတ်တော်မှာလဲ ရမယ်မရဘူးဆိုတာ အကြောင်းပြန်သွားတာမဟုတ်ဘူး။ လွတ်တော်မှာ မေးတာကို ဘာမှဖြေသွားတာမဟုတ်ဘူး။ တင်သွင်းတဲ့အဆိုနဲ့ ဖြေသွားတာ ကိုက်ညီမှု့ မရှိဘူးလို့ထင်တယ်။ ပြည်သူတွေထဲမှ ဒီလိုလုပ်နိုင်တဲ့သူတွေက လုပ်နေတယ်။ ဘာဖြစ်လို့ ခွင့်မပြုတာ လဲလို့မေးတာ။ မေးခွန်းနားမလည်တာလားတော့ မသိဘူး။ သူမှာအရင်းအနှီးမရှိပါဘူးဆိုပြီး ဖြေသွားတယ်။’’ဟု ၄င်းကပြောသည်။


 အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။