နယူးဒေလီ (မဇ္ဈိမ)။ ။ အာဆီယံ နိုင်ငံများအတွင်း သြဇာကြီးလှသည့် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) သည် နေပြည်တော်သို့ ဧပြီလ ၂၃ ရက်နေ့တွင် လာရောက်မည်ဟု ၎င်း၏ရုံးမှ ထုတ်ဖော်ပြောဆိုလိုက်သည်။
အာဆီယံ အဖွဲ့ဝင် စင်္ကာပူခရီးစဉ်အပြီး မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ကာ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ယူဒိုယိုနို၏ သမ္မတရုံး ကြေညာချက်ပါ နိုင်ငံခြားရေး အကြံပေး အရာရှိအား ကိုးကား၍ ဂျာကာတာ ဂလုပ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
အဆိုပါ အကြံပေးအရာရှိ၏ အဆိုအရ ထိုခရီးစဉ်မှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ်သည်ဟု ဆိုသည်။
၂၀၁၁ ခုနှစ်၊ မေလအတွင်း ဂျာကာတာသို့ သွားရောက်လည်ပတ်ခဲ့ဖူးသည့် ဦးသိန်းစိန်နှင့် မစ္စတာ ယူဒိုယိုနိုတို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ (MOUs) အများအပြား လက်မှတ်ရေးထိုးပွဲသို့ ပါဝင်ကြမည်ဖြစ်သည်။
ဧပြီလဆန်းပိုင်းကလည်း အင်ဒိုနီးရှား စီးပွားရေးဝန်ကြီး ဦးဆောင်၍ ကုမ္ပဏီ ၁၁ ခုမှ ကိုယ်စားလှယ်များ
မြန်မာနိုင်ငံသို့ လာရောက်ကာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် စီးပွားရေး လုပ်ငန်း အလားအလာများကို လာရောက် လေ့လာသွားခဲ့ကြသည်။
နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို လာမည့် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၁ ဘီလီယံထိ ရောက်ရှိလာရန်
နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။
အင်ဒိုနီးရှား နိုင်ငံပိုင် Bank Negara Indonesia ဘဏ်ခွဲတခု ဖွင့်လှစ်ရန် လေ့လာလျက်ရှိကြပြီး
ဒေါ်လာသန်း ၂၀၀ တန် ဘိလပ်မြေ စက်ရုံတရုံကို အင်ဒိုနီးရှား၏ အကြီးမားဆုံး ဘိလပ်မြေ ထုတ်လုပ်သူ PT Semen Indonesia က ၂၀၁၄ နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ၌ စတင် ဆောက်လုပ်မည်ဖြစ်သည်။
ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် PT Wijaya Karya (Wika)၊ PT Timah သတ္တုတွင်း ကုမ္ပဏီနှင့် PT Semen Indonesia ဘိလပ်မြေ ကုမ္ပဏီတို့ကြီးက မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် လိုင်စင်ရပြီး ဖြစ်သည်။
အင်ဒိုနီးရှားအစိုးရပိုင် Bukit Asam ကျောက်မီးသွေး တူးဖေါ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံတွင် အကြီးဆုံး
ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ တရုံ တည်ဆောက်ရန် အမေရိကန် ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံရန် ရှိသည်ဟုလည်း ဂျာကာတာ ဂလုပ်တွင် ရေးသားသည်။
သမ္မတ ယူဒိုယိုနိုသည် မြန်မာနိုင်ငံမှတဆင့် ဘရူနိုင်းနိုင်ငံသို့လည်း ဆက်လက်သွားရောက်ကာ အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အခြား ဒေသတွင်း အစည်းအဝေးများသို့ တက်ရောက်မည် ဖြစ်သည်။
Sunday, April 21, 2013
အင်ဒိုနီးရှား သမ္မတ မြန်မာပြည် လာမည်
ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ပါက ဘဏ္ဍာရေး ကိစ္စများကို အဓိကဆွေးနွေးမည်
ရန်ကုန်(မဇ္ဈိမ)။ ။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှု အနေဖြင့် ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် လာမည့် ဧပြီလ ၂၆ ရက်နေ့ မနက်(၉)နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပမည်ဟု သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က မဇ္ဈိမသို့ ပြောသည်။
၎င်းက "ကျွန်တော်ကတော့ ဆွေးနွေးပွဲမှာ ပေါ်ပေါက်လာတဲ့ အခြေအနေမှာ မူတည်ပြီးတော့ ကျွန်တော် စိတ်ဝင်စားတဲ့ issue (အကြောင်းအရာ) အပေါ်မှာ ဆွေးနွေးပါမယ်။ ကြိုတင် ပြင်ဆင်ထားတာတော့ မရှိပါဘူး" ဟုဆိုသည်။
ထို့အပြင် ၎င်းအနေဖြင့် နိုင်ငံရေးပါတီများ၏ ရန်ပုံငွေကိစ္စကို အဓိကဆွေးနွေး သွားမည်ဖြစ်ပြီး မှတ်ပုံတင်ဥပဒေ၊ နည်းပညာ ဥပဒေနှင့် ဆန့်ကျင်၍ ဘဏ္ဍာငွေ ကောက်ခံနေသည့် ကိစ္စများ၊ ဥပဒေနှင့် မညီ ရဲတင်းစွာ လုပ်ကိုင်နေမှုများကို ဆွေးနွေးသွားမည်ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) မှ ဦးမျိုးထွန်းက "ကျွန်တော်တို့ ပါတီအနေနဲ့က လူထုရဲ့ အခက်အခဲတွေကို အကူအညီပေးတဲ့ အခါမှာ လူထုကလည်း အခြားမတတ်နိုင်သူတွေကို ကူညီပေးလို့ ရအောင် ပြန်လှူပေးတဲ့ငွေနဲ့ပဲ ရပ်တည်နေတာပါ။ ပါတီက ရန်ပုံငွေရှာတာလဲ မလုပ်ပါဘူး။ ဘာအကြောင်းနဲ့ ပဲဖြစ်ဖြစ် ရန်ပုံငွေကို မရှာခဲ့တာပါ" ဟု ပါတီရန်ပုံငွေနှင့် ပတ်သတ်၍ ရှင်းပြခဲ့သည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) မှအတွင်းရေးမှူး ဦးသာထွန်းလှက မိမိတို့ပါတီအနေဖြင့် မည်သည့်အကြောင်းအရာများကို ဆွေးနွေးရမည်ဟု မသေချာသေးကြောင်း မဇ္ဈိမကို ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်မှ ဦးဥာဏ်ဝင်းကမူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ
ပေးထားသော ခေါင်းစဉ်များကိုသာ ဆွေးနွေးဖြစ်မည်ဟု မဇ္ဈိမကို ပြောသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုမှ ဥက္ကဌ ဦးခင်မောင်ဆွေက ပါတီများ၏ ဘဏ္ဍာရေးကိစ္စများနှင့် အခြားကိစ္စများလည်း ဆွေးနွေးမည်ဟုဆိုသည်။
ဧပြီလ ၂၆ ရက်နေ့တွက် ဆွေးနွေးမည့် အကြောင်းအရာများမှာ မဲဆန္ဒစာရင်း တင်သွင်းမှု နိုင်ငံရေး ပါတီများ၏ ရန်ပုံငွေထောက်ပံ့မှု၊ နိုင်ငံရေး ပါတီများ၏ (Code of Conducts) လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း၊ ဆန္ဒမဲပေးရန် ပညာပေးမှု ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ ပါဝင်လေ့လာ
ပေးနိုင်မှုများ ဆွေးနွေးကြမည်ဟု ဖိတ်စာတွင်ပါကြောင်း ဦးသိန်းညွှန့်က ရှင်းပြသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသည့် နိုင်ငံရေး ပါတီများသာမက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခဲ့သော အမျိုးသာ ဒီမိုကရေစီအဖွဲ့အချူပ်နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ်တို့ကိုပါ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း နိုင်ငံရေး ပါတီများမှ သိရသည်။
"မိပြီ" မာရသွန်ဗုံးဖောက်ခွဲမှု တရားခံကို ဖမ်းဆီး ထိန်းသိမ်းထားပြီဟု ဘော်စတွန် ရဲတပ်ဖွဲ့ ကြေငြာ
ဘော်စတွန် မာရသွန်ဗုံးဖောက်ခွဲမှုမှ ဒုတိယမြောက် သင်္ကာမကင်း ဖြစ်ခံရသူကို သောကြာနေ့ညက ဖမ်းဆီးရမိလိုက်ပြီ ဖြစ်သောကြောင့် မက်ဆာချူးဆက် ပြည်နယ် မြို့တော် တွင်ပြုလုပ်ခဲ့သော လူဖမ်းပွဲကြီး အဆုံးသတ် သွားပြီ ဖြစ်ကာ ထိုသူသည် လက်နက်နှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများ ပါဝင်နိုင်သည်ဟု သတိပေးထားမှုကြောင့် စိုးရိမ်ထိတ်လန့်နေရမှု များလည်း ကင်းစင် သွားပြီဖြစ်သည်။
ထိုသို့ ဖမ်းဆီးရမိကြောင်းကို ဘော်စတွန်ရဲတပ်ဖွဲ့က တွီတာ (Twiter ) ၀ဘ်ဆိုက်တွင် ဖော်ပြ အသိပေးခဲ့သည်။ 'မိပြီ ၊ လူရှာပွဲကြီး ပြီးဆုံးပြီ၊ ရှာတွေ့ပြီ၊ အကြမ်းဖက်တိုက်ခိုက်မှု ပြီးဆုံးပြီ၊ တရားဥပဒေက အနိုင်ရရှိလိုက်ပြီ၊ မသင်္ကာသူအား ဖမ်းဆီးထားပြီ ' ဟုရေးသားဖော်ပြ ထားသည်။
အသက် ၁၉နှစ်အရွယ် ဇိုကာဆာနက်ဗ်( Dzhokar Tsarnaev) ကိုဖမ်းဆီးရမိထားပြီ ဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြု ပြောဆိုသည်။ ရဲတပ်ဖွဲ့က အလိုရှိနေသူ နောက်တဦးဖြစ်သော သူ့အကို တမာလန်းဆာနက်ဗ်( Tamerlan Tsarnaev) မှာ ယမန်နေ့က ရဲများနှင့် ပစ်ခတ်မှု ဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီးနောက် ဇိုကာမှာ ထွက်ပြေးလွတ်မြောက်နေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဖမ်းဆီးရမိသူ ညီဖြစ်သူ ဇိုကာဆာနက်ဗ်မှာ ဒေသတွင်းဆေးရုံတခုတွင် ဒဏ်ရာပြင်းထန် စွာဖြင့်ရောက်ရှိနေသည်ဟု ဘော်စတွန်ပုလိပ်မင်းကြီး အက်ဒ်ဒေးဗီးစ်( Ed Davis) က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ဘော်စတွန်မြို့ပြင် ၀ါးတားတောင်း (Watertown) တွင် အိမ်တအိမ်၏ နောက်ဖေး လှေတစင်းအတွင်း
ဇိုကာဆာနက်ဗ် ပုန်းအောင်းနေစဉ် ရဲများက ၎င်းကို ချောင်ပိတ်ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်သည်။
လူရှာပွဲ လူဖမ်းပွဲကြီး ပြုလုပ်နေစဉ် အိမ်ပြင်မထွက်ကြပါရန် တားမြစ်ချက်ကို ရဲကရုပ်သိမ်း လိုက်ပြီးနောက် သူ့ကို အိမ်ရှင်က ခြေရာခံမိခဲ့ခြင်း ဖြစ်သည်။ အိမ်နောက်ဖေးတွင် ဆိုက်ကပ် ထားသော လှေပေါ်တွင်
သွေးစများကို တွေ့ရှိခဲ့ပြီးနောက် ရဲကိုအကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ဘော်စတွန်ပုလိပ်မင်းကြီး အက်ဒ်ဒေးဗီးစ်က ပြောသည်။
သွေးစကိုတွေ့ပြီး အိမ်ရှင်က လှေကိုဖုံးအုပ် ထားသည့် တာပေါ်လင်စကို လှန်လိုက်ရာ ' သွေးများပေကျံ
နေသည့် လူတဦး ' ကိုတွေ့ရှိခဲ့သည်ဟု သူကပြောသည်။ ထို့နောက် ရဲကို အကြောင်းကြားခဲ့ရာမှ ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးဖောက်ခွဲမှု အပြီး တပတ်မပြည့်မီ အချိန်အတွင်း ထိုသို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် ဘော်စတွန် တမြို့လုံးနှင့် တနိုင်ငံလုံး တုန်လှုပ်ချောက်ချားကာ ရင်တမမ နေမထိ ထိုင်မသာ ဖြစ်ခဲ့ကြရသည်။ " သေနတ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူ့ကိုထိမထိတော့ ကျနော်မသိပါဘူး " ဟု ဒေးဗီးစ်က သင်္ကာမကင်းဖြစ်ခံရသူနှင့် ပတ်သတ်၍ ပြောသည်။ အာဏာပိုင်များက
အော်လံ အသုံးပြုပြီး သင်္ကာမကင်း ဖြစ်ခံရသူကို လက်နက်ချ ခိုင်းခဲ့သည်။ " လက်မြှောက်ပြီး အပြင်ထွက်လာပါ " ဟု အော်ပြောခဲ့သည်။
သို့သော် အာဏာပိုင်များ၏ အပြောအရ ဆာနက်ဗ်က လက်နက်ချရန် ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။ " လှေပေါ်မှာ တာပေါ်လင်စကို လှန်ရန် စက်ရုပ်အသုံးပြု လုပ်ဆောင်ခဲ့ပါတယ်။ ရဟတ်ယဉ်ပေါ်ကလည်း အပူအာရုံခံ ပုံရိပ်ဖော် ကင်မရာအသုံးပြုပြီး သူ့ကိုစောင့်ကြည့်နေခဲ့ပါတယ်။ သူဟာသွေးထွက် လွန်လို့ မျော့နေပါတယ်။ မနေ့ကညက ရခဲ့တဲ့ ဒဏ်ရာဖြစ်ဖို့များပါတယ် " ဟု မက်ဆာချူးဆက
ပြည်နယ်ရဲဌာနမှ ဒေးဗစ်ပရိုကိုပီရို (David Procopio) ကပြောသည်။
ရဲများလှေရှိရာသို့ အပြေးတက်စီးနင်း ခဲ့ပြီးနောက် ဆာနက်ဗ်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေးဗီးစ်က ဆိုသည်။
သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ လူဖမ်းပွဲကြီး ပြုလုပ်နေရာတွင် သင်္ကာမကင်းဖြစ်ခံရသူကို ရှာမတွေ့တော့ပဲ လက်လွှတ် လိုက်ရတော့မည်ဟု အာဏာပိုင်များက ပြောကြားအပြီး မိနစ်ပိုင်း အတွင်းမှာပင် သူနှင့်ထိပ်တိုက် ရင်ဆိုင်တွေ့ကာ ဆက်လက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
သူ့အကို ဖြစ်သူက သူ့နောက်လိုက် နေသူများအား ပေါက်ကွဲ စေတတ်သော ပစ္စည်းများနှင့် ပစ်ပေါက်ကာ မက်ဆာချူးဆက် စက်မှုတက္ကသိုလ် ရဲအရာရှိ ရှောင်ကော်လီယာ (Sean Collier) ကိုသတ်ဖြတ်ခဲ့ပြီး ကားတစီးကို အဓမ္မအပိုင်စီးကာ ယမန်နေ့ညကထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ထို့နောက် အာဏာပိုင်များက ဘောစတွန်မြို့နှင့် ရွာနီးချုပ် စပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ကာ သင်္ကာမကင်းခံရသူကို ကျယ်ကျယ် ပြန့်ပြန့် ၀ိုင်းဝန်း ရှာဖွေ ခဲ့ကြသည်။
`ဒီဝမ်းနည်း စိတ်မကောင်းဘွယ်ရာ အဖြစ်အပျက်ကြီးကို ပြည်ဖုံးကား ချလိုက်နိုင်ပါပြီ´ ဟု သမ္မတ အိုဘားမားက တိုင်းပြည်သို့ ပြောကြားသည့် ရုပ်သံလွှင့် မိန့်ခွန်းတွင် ပြောကြား သွားခဲ့သည်။
သို့သော် မည်သည့် အတွက်ကြောင့် ထိုသို့ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ရသည် ဆိုသည့်အချက်နှင့် အဆိုပါ သင်္ကာမကင်း ဖြစ်ခံရသူတို့သည် သူတို့အကြံအစည်ကို အကောင်အထည် ဖော်ရာ၌ ပြင်ပမှ အကူအညီ အထောက်အပံ့ ရရှိခဲ့ခြင်း ရှိမရှိကို ဆက်လက် စုံစမ်း ဖော်ထုတ်သွားမည် ဟုလည်း သူက ကတိပြု ပြောကြားခဲ့သည်။
`ခုလိုပြီးဆုံးသွားတဲ့အတွက်ဝမ်းမြောက်ပါတယ်´
ထိုသို့ ဖမ်းဆီးရမိပြီဆိုသည့် သတင်းသည် ဆင်ခြေဖုံး ၀ါးတားတောင်းမြို့ကလေးတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
မြို့နေလူထု လမ်းများပေါ်သို့ ထွက်လာပြီး သင်္ကာမကင်း ဖြစ်ခံရသူကို ဖမ်းဆီးရမိပြီ ဆိုသည့် သတင်းကို ၀မ်းမြောက်ဝမ်းသာ ကြိုဆို သြဘာပေးခဲ့ကြသည်။
`ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ကလဲ ၀မ်းမြောက်ပါတယ်´ ဟု ဘော်စတွန် အကြမ်းဖက်သမား နှိမ်နင်းရေး ကွန်မန်ဒို တပ်ဖွဲ့ SWAT အဖွဲ့ဝင်များက အသံ ချဲ့စက်များဖြင့် အော်ဟစ်
ပြောကြားခဲ့ကြသည်။
သူမတို့ ရပ်ကွက်တွင် သောကြာနေ့ညက သေနတ်သံများ ကြားရချိန်၌ မေရီဆူလီဗန် (Mary Sullivan) တယောက် သူမ၏ အနက်ရောင် လာဗရာဒို ခွေးကလေးနှင့် လမ်းလျှောက်နေချိန် ဖြစ်သည်။
`ခုလို ပြီးဆုံး အောင်မြင်သွားတာ အတွက် အလွန်ဝမ်းသာပါတယ်။ ဒီလူငယ်နှစ်ယောက် ရဲ့ ခုလိုမဆင်မခြင် လုပ်ရပ်ကြောင့် တမြို့လုံးနဲ့ မြို့လူထုအားလုံး အလွန်နာကျင်ကြေကွဲ ရပါတယ်´ ဟု သူမက ပြောကြားခဲ့သည်။
ဗုံးခွဲမှုနောက်ခံအဆက်အသွယ်
ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI) က ဘော်စတွန် မာရသွန် ဗုံးဖောက်ခွဲမှုကို ပြုလုပ်ခဲ့သည် ဟု သင်္ကာမကင်း ဖြစ်ခံရသူနှစ်ဦး၏ ဓါတ်ပုံများကို ထုတ်ပြန်ခဲ့ပြီး နာရီပိုင်း အကြာတွင်ပင် လူရှာ လူဖမ်းပွဲကြီးကို ကြာသပတေးနေ့ နှောင်းပိုင်းက စတင်ပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်။
အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့သည့် နေရာမှ `လက်လုပ် ပေါက်ကွဲ စေတတ်သော ပစ္စည်း အများအပြားကို စုံစမ်းစစ်ဆေးသူများကရှာဖွေတွေ့ရှိခဲ့သည်´ ဟု ပရိုကိုပီရို က စီအန်အန် သတင်းဌာနကိုပြောသည်။
မည်သည့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများ ဖြစ်ကြောင်းကို ယခုမသိရသေးပါ။
သို့သော် ထိုသို့ တွေ့ရှိပြီးနောက် တမြို့လုံးတုန်လှုပ်ချောက်ချားသွားခဲ့ကြသည်။
ရဲကလည်း ထိုညီအကိုသည် သူတို့ နောက်လိုက်နေသူများကို အဆိုပါ ပေါက်ကွဲစေတတ် သောပစ္စည်းများနှင့် ပစ်ပေါက်ခဲ့ပြီး ရဲအရာရှိတဦးသေဆုံးကာ ကားတစီးကို အဓမ္မတား ဆီးမောင်းနှင်သွားသည်ဟု ပြောခဲ့သည်။
သေဆုံးချိန်၌ အကိုဖြစ်သူ တမာလင်းဆာနက်ဗ် မှာ ကိုယ်ပေါ်တွင်ပေါက်ကွဲစေတတ် သောပစ္စည်းများ ကိုဝတ်ဆင်ကာ ယင်းတို့ကို မောင်းခလုပ် ဖြုတ်မည့် ပစ္စည်းကိုလည်း ကိုင် ဆောင်ထားသည်ကို
တွေ့ခဲ့ရကြောင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည့် သတင်းရပ်ကွက် တခုက စီအန်အန်ကို အမည်မဖော်ဘဲ
ပြောကြားခဲ့သည်။
ထိုလူရှာ လူဖမ်းပွဲကြီးကြောင့် ဘော်စတွန် တမြို့လုံးနီးပါး လုပ်ငန်းများ ရပ်ဆိုင်းလု မတတ် ဖြစ်သွား ခဲ့သည်။
`ဥပဒေ ဘက်တော်သား အရာရှိများ၏ ကြိုးပမ်း လုပ်ဆောင်မှု များကို ကူညီနိုင်ရန်အတွက်´ သောကြာနေ့ ညတွင် Kansas City Royals နှင့်ကစားမည့် ပွဲကိုရွှေ့ဆိုင်းထားလိုက်ကြောင်းဖြင့် Boston Red Sox အသင်းကကြေငြာခဲ့သည်။
Pittsburgh Penguins အသင်းနှင့်ကစားမည့်သူတို့ပွဲကိုအလားတူရွှေ့ဆိုင်းထားမည့် အကြောင်း NHL's Boston Bruins ကကြေငြာခဲ့သည်။
အလားတူပင် မြို့တော် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ဖြစ်သော မြေအောက်ရထား၊ ဘတ်စ်ကား၊ Amtrak အဝေးပြေးရထားလိုင်းများ၊ Greyhound အဝေးပြေးကားလိုင်းများ၊ ဒေသတွင်းပြေး Bolt Bus တို့ကိုရပ်ဆိုင်းထားခဲ့သည်။
လူဖမ်းပွဲကြီး ပြုလုပ်နေစဉ် အတွင်း မြို့တွင်း အငှါးကားလုပ်ငန်း ကိုလည်း ရပ်ဆိုင်းထားခဲ့သည်။ ဘော်စတွန် ဧရိယာတွင်းရှိ ကျောင်းအားလုံး ကိုလည်းပိတ်ထားခဲ့သည်။
ဘော်စတွန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ဌာနအာဏာပိုင် ကလည်း ၀ါးတားတောင်းမှ မြို့နေလူထုကို ကယ်ထုတ်ရန် မြို့တွင်း ပြေးဘတ်စ်ကားများ ပို့ပေးခဲ့သည်။
ဗုံးပါရဂူများက ထိုအချိန်အတွင်း အနီးဝန်းကျင်တွင် ပေါက်ကွဲ စေတတ်သော ပစ္စည်းများကို ပိုက်စိတ် တိုက်ရှာဖွေခဲ့ကြသည်။
အဆိုပါ ညီအကိုနှစ်ဦးသည် အနီးရှိ စတိုးဆိုင်တခုကို ၀င်ရောက် လုယက်ခြင်းဖြင့် သူတို့၏ သောင်းကျန်း ထကြွမှုကို စတင်ခဲ့ကြခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။
ဆဲဗင်း အလဲဗင်း စတိုးဆိုင်ကို ၀င်ရောက် လုယက်ခဲ့မှုသည် ယခုအမှုနှင့်ဆက်စပ်မှုမရှိဟု ပြောဆိုခဲ့ခြင်းအား မစ်ဒဲလ်ဆက်စ်ခရိုင်ဥပဒေအရာရှိရုံး (Middlesex District Attorney's Office) က သောကြာနေ့နှောင်းပိုင်းက ပြန်လည်ရုပ်သိမ်းခဲ့သည်။
ရဲအရာရှိသေဆုံးခြင်း
ထို့နောက် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွါးခဲ့ပြီး နောက်ဆုံး ဖမ်းဆီးရရှိခဲ့မှုမှာ ဘော်စတွန်မြို့၏ ချားလ်စ် မြစ်တဘက်ကမ်း ကိန်းဘရစ်ခ်ျ တွင်စတင်ခဲ့ခြင်းဖြစ်သည်။
မက်ဆာချူးဆက် တက္ကသိုလ်ရဲအရာရှိ ကော်လီးယားမှာ သူ့ကားအတွင်းထိုင်နေစဉ် ကြာသပတေးနေ့ညက ပစ်သတ်ခံခဲ့ရသည် ဟု ဆားဖော့ကောင်းတီး ခရိုင်ဥပဒေအရာရှိ ရုံး (Suffolk County District Attorney's Office) ကကြေငြာချက် ထုတ်ပြန် ပြောကြားခဲ့ သည်။
အာဏာပိုင်များ၏ အပြောအရ ထိုသို့ ပစ်သတ်ပြီးနောက် သင်္ကာမကင်း ဖြစ်ခံရသူ နှစ်ဦးသည် ကိန်းဘရစ်ခ်ျ မြို့တွင်းတွင် ကားတစီးကို သေနတ်နှင့် ချိန်၍ အပိုင်စီးကာ ကားမောင်းသူကို သူတို့သည် မာရသွန်ပြိုင်ပွဲတွင် ဗုံးဖောက်ခွဲ ခဲ့ကြသူများ ဖြစ်သည်ဟု ပြောဆို ခဲ့သည်ဟု ဥပဒေထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တဦးက အမည်မဖော်ဘဲ စီအန်အန် သတင်း ဌာနကိုပြောကြားခဲ့သည်။
သို့သော် ဓါတ်ဆီဆိုင် တခုသို့ အရောက်တွင် ကားမောင်းသူမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ပုံ ရသည်ဟု အဆိုပါ သတင်းရပ်ကွက်က ဆက်လက်ပြောဆိုသည်။
ကားတွင် တပ်ဆင်ထားသော ဂျီပီအက်စ် ဂြိုဟ်တု သုံးတည်နေရာ ရှာစနစ်ကို အသုံးပြုကာ ရဲများက ထိုကားကို ၀ါးတားတောင်းမြို့တွင်းရောက်ရှိနေကြောင်းခြေရာခံမိခဲ့ကြသည်။
ထို့နောက် လူနေရပ်ကွက် အတွင်းသို့ လိုက်လံ ဖမ်းဆီးခဲ့ကြရာ မသင်္ကာသူများက ပေါက်ကွဲစေတတ် သော ပစ္စည်းများ ဖြင့်ရဲများကို ပစ်ပေါက် တိုက်ခိုက်ခဲ့ကြသည်။
အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ ပြီးနောက် ဗုံးခွဲသူတဦး ကားတွင်းမှ ထွက်လာရာ ရဲက ပစ်ခတ်ဖမ်းဆီးခဲ့ သည်။
ထိုသူသည် တမာလင်း ဆာနက်ဗ် ဖြစ်ကြောင်း နောက်ပိုင်းတွင် ဖော်ထုတ်သိရှိခဲ့သည်။ ညီဖြစ်သူက အကိုဖြစ်သူအပေါ် ကားဖြင့် တက်နင်းပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု အမည်မဖော်လိုဘဲ ထုတ်ဖော် ပြောဆိုသည့် သတင်းရပ် ကွက်တခု၏အပြောအရသိရသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း ယဉ်ထိန်းရဲတပ်ဖွဲ့မှ အသက် ၃၃နှစ် အရွယ်ရှိ ၀ါရင့်ရဲအရာရှိ ရစ်ချတ်အိပ်ခ်ျ ဒိုနိုဟွေး (Richard H. Donohue) မှာ သေနတ်ဒဏ်ရာနှင့် ဆေးရုံသို့ ရောက်ရှိ သွားခဲ့သည်ဟု ယဉ်ထိန်းရဲဌာန ပြောရေး ဆိုခွင့်ရှိသူက သောကြာနေ့ကပြောသည်။ အဆိုပါ ရဲအရာရှိ၏ အခြေအနေကို ချက်ချင်း မသိရှိရသေးပါ။
နောက်ထပ် ရဲအရာရှိ ၁၅ ဦးကိုလည်း ပေါက်ကွဲမှုနှင့် ပစ်ခတ်မှု ဖြစ်စဉ်များတွင် ရရှိခဲ့သော သာမန် ဒဏ်ရာများဖြင့် ဆေးဝါးကုသမှု ပေးနေရသည်ဟု စိန့်အယ်လီဇဘက်ဆေးရုံမှ ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီး ဂျနီဖာကိုဗားလစ်ခ်ျ (Jennifer Kovalich) ကပြောသည်။
သင်္ကာမကင်းခံရသူများ၏နောက်ကြောင်းရာဇ၀င်
အဆိုပါ ညီအကိုနှစ်ဦးသည် တနင်္လာနေ့က ဖြစ်ပွါးခဲ့သည့် လူသုံးဦး သေဆုံးပြီး ဒါဇင်ပေါင်း များစွာ ဒဏ်ရာ ရရှိစေခဲ့သည့် မာရသွန်ပြိုင်ပွဲ ဗုံးဖောက်ခွဲမှုကြီး၏ တရားခံများဟု သင်္ကာမ ကင်း ဖြစ် ခံရသူများအဖြစ် အက်ဖ်ဘီအိုင်က ကြာသပတေးနေ့က ထုတ်ပြန်ပေးခဲ့သော ဓါတ်ပုံ ပါသူများပင် ဖြစ်သည်ဟု ရဲက ယုံကြည်နေသည်။
ထိုပေါက်ကွဲ မှုကြီးကြောင့် ဒဏ်ရာ ပြင်းထန် သည့်သူ ၃ ဦး အပါအ၀င် လူပေါင်း အနည်းဆုံး ၅၈ ဦးမှာ ယခုတိုင် ဆေးရုံတွင် ရှိနေဆဲ ဖြစ်သည်ဟု စီအန်အန်၏ ရေတွက် ထားမှုအရ သိရသည်။
သူတို့ ညီအကို မာရသွန်ပြိုင်ပွဲ ပန်းတိုင် အနီးလျှောက်သွား နေကြသည်ကို အဆိုပါ ဓါတ်ပုံ များ ထဲတွင် တွေ့မြင် ခဲ့ကြရသည်။
ပထမ သင်္ကာမကင်း ဖြစ်ခံရသူမှာ ဓါတ်ပုံထဲတွင် ဦးထုပ် အနက် ဆောင်းထားပြီး နေကာမျက်မှန် တပ်ထားကာ ကျောပိုးအိတ်တလုံးပါသည်။
သူသည် တမာလင်းဆာနက်ဗ် ဖြစ်ပုံရသည်ဟု အာဏာပိုင်များ၏ အပြောအရ သိရသည်။ ဒုတိယ သင်္ကာမကင်း ဖြစ်ခံရသူမှာ ဦးထုပ်အဖြူကို ဆောင်းပြီး သောကြာနေ့ တနေ့လုံး လွတ်မြောက် နေသူ
ဖြစ်သည်ဟု ရဲကပြောသည်။
သူ့ကို သောကြာနေ့ ညပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့သည်။ သို့သော် သူ့သားနှစ်ဦးမှာ မာရသွန်ဗုံး ပေါက်ကွဲမှု တွင်ပါဝင် ပတ်သက်ခဲ့ပြီး နောက်ဆက်တွဲ ဖြစ်ပွားခဲ့သော အပြန်အလှန် ပစ်ခတ်မှုများတွင် ပါဝင်ခဲ့သည် ဆိုသည်ကို သူ မယုံကြည် နိုင် ပါကြောင်းဖြင့် ဆာနက်ဗ်ညီအကို၏ မိခင်ကပြောသည်။
`ဒီလိုမျိုး သူတို့လုပ်တယ် ဆိုတာ မဖြစ်နိုင်ပါဘူးရှင်။ ဒါ သက်သက် ထောင်ချောက်ဆင် ဖမ်းတာပါ ကျမ တကယ့်ကို ပြောရဲပါတယ်´ ဟု ဒါဂျက်စတန် (Dagestan) ပြည်နယ်တွင် အစိုးရမှထုတ်ဝေသည့် ယနေ့ရုရှ (Russia Today) သတင်းစာသို့ ဇူဗီဒတ်ဆာနီးဗား (Zubeidat Tsarnaeva) ကပြောကြားခဲ့သည်။
`ကျမသားတွေက ဘာဘဲလုပ်လုပ် ကျမကိုပြောပါတယ်။ သူတို့ အပြင်ဒီအကြောင်းသိသူ ရှိတယ် ဆိုရင် ကျမဘဲ ဖြစ်ရမှာပါ။ သူတို့ ဖုံးကွယ် မထားတတ်ပါဘူး။ ဒါပေမဲ့ ခုတော့ ဒီ အကြောင်း သူတို့ တစွန်းတစမှ မပြောခဲ့ပါဘူးရှင်´ ဟုသူမက ပြောသည်။
အဆိုပါ ညီအကိုသည် ရုရှား ကော့ကေးဆပ်စ်ဒေသမှ ခါဇတ်စတန်ဒေသသို့ ငယ်ရွယ်စဉ် ကတဲက ပြောင်းရွှေ့
နေထိုင်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက အမေရိကန် ပြည်ထောင်စု သို့ရောက် ရှိလာခဲ့ကြသည်။
`ကျမသား အငယ်ဆုံးက ၈ နှစ်သား ကတဲက အမေရိကန် ရောက်တာပါ။ သားအကြီးဆုံး ကိုလည်း အိမ်မှာဘဲ ကောင်းကောင်း ထိန်းသိမ်း မွေးမြူခဲ့တာပါဘဲ။ သူတို့နှစ်ယောက်လုံး အကြမ်းဖက်ဝါဒ အကြောင်း မပြောကြပါဘူး´ ဟု သူတို့၏ မိခင်ကပြောသည်။
အမေရိကန် ပြည်ထောင်စုတွင် ၁၀ နှစ်ခန့် နေထိုင် ပြီးနောက်`အိမ်လွမ်း၍´ ဟုဆိုကာ သင်္ကာမကင်းခံရသူ၏ မိဘနှစ်ပါးလုံး မကြာသေးခင်က ကော့ကေးဆပ်စ်ဒေစ ဒါဂျက်စ တန်သို့ ပြန်လည်ခဲ့ကြ သေးကြောင်း ဖခင်ဖြစ်သူ အန်ဇာဆာနက်ဗ် Anzor Tsarnaev က ရုရှအစိုးရ Zvezda ရုပ်သံသို့ပြောကြားခဲ့သည်။
သူ့သားများကို အမှုဆင် ဖမ်းဆီးခြင်းသာဟု သူက စွပ်စွဲ ပြောကြား လိုက်သည်။ `ဘယ်သူ လုပ်တယ် ဆိုတာ ကျနော် အသေအချာ မသိပါဘူး။ ဒါပေမဲ့ တယောက်ယောက် ကတော့ လုပ်တာအမှန်ဘဲ´ ဟု သူက ပြောဆိုခဲ့သည်။
၂၀၀၀ ပြည့်နှစ်များ အစောပိုင်းက ဇိုကာဆာနက်ဗ် သည် အမေရိကန်ပြည်သို့ သူ့မိသားစုနှင့် အတူ ကမ္ဘာလှည့် ခရီးသည်အဖြစ် ၀င်ရောက် လာခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံရေးခိုလှုံ ခွင့်တောင်းခံခဲ့ကာ အမေရိကန်နိုင်ငံသားအဖြစ် ၂၀၁၂ ခုနှစ်တွင် ခံယူခဲ့သည် ဟု ပြည်ထောင်စု အရာရှိတဦးက စီအန်အန်သို့ပြောသည်။
သို့သော် တမာလင်းဆာနက်ဗ် မှာမူ နိုင်ငံသား ခံယူထားခြင်း မရှိသေးဟု အဆိုပါ အရာရှိက အမည်မဖော်ဘဲ ထုတ်ဖော်ပြော ကြားသည်။ သူသည် `နှစ်အတော်ကြာမှ´ ရောက်လာသူဖြစ်ပြီး အမေရိကန်ပြည်
ထောင်စုတွင် ဂရင်းကဒ်ဖြင့် တရားဝင် နေထိုင်သူ ဖြစ်သည် ဟုဆိုသည်။
တမာလင်းဆာနက်ဗ်မှာ ဘန်ကာဟီးလ် ကွန်မြူနတီကောလိပ်တွင် စာသင်ကြားခဲ့ကာ အင်ဂျင်နီယာတဦး ဖြစ်လိုသူ ဖြစ်သည်ဟု သူ့ကို သိသူများ၏ အပြောအရ သိရသည်။
ထို့နောက် ကျောင်းမှ တနှစ်ခွင့်ပန်ကာ လက်ဝှေ့အတတ်ကို သင်ကြား လေ့ကျင့်နေခဲ့သည်
ကျနော်တော့သူတို့ကိုနားမလည်နိုင်တော့ဘူး
အကိုဖြစ်သူ၏ အမည်ဖြင့် တင်ထားသော လူမှုကွန်ရက်တွင် `ကျနော့်မှာအမေရိကန် သူငယ်ချင်း တယောက်မှ မရှိဘူး။ ကျနော် သူတို့ကို နားမလည်ဘူး´ ဟု ရေးသားထား ကြောင်းလည်း အဆိုပါအရာရှိ ကပြောသည်။
ဇိုကာဆာနက်ဗ်မှာ Cambridge Rindge & Latin အစိုးရ အထက်တန်းကျောင်းတွင် တက်ခဲ့သည်ဟု အဆိုပါ သင်္ကာမကင်းခံရသူ ကျောင်းပြီးပြီး နောက်တနှစ်တွင် ကျောင်းပြီးခဲ့သူ အဲရစ်မာကာဒို (Eric Marcado) ကပြောသည်။
ဆာနက်ဗ်သည် ဟားဗတ်တက္ကသိုလ်တွင် ရေကူးကန် အသက်ကယ်သမား အဖြစ် လုပ်ကိုင် ခဲ့သေးသည် ဟုလည်း မာကာဒို ကပြောသည်။
`ကျနော်တို့ အတူတူ လည်ကြတယ်။ အတူတူ ပါတီတက်ကြတယ်။ အထက်တန်း ကျောင်းတုံးက တကယ့် မိတ်ဆွေကောင်း တွေပါဘဲ´ ဟု မာကာဒိုက စီအန်အန်ကိုပြောသည်။
`ကျနော် တို့လည်း အများလိုပါဘဲ။ တကယ့်ကို တုန်လှုပ်သွားတယ်။ တကယ့်ကို နားမလည်နိုင် တော့ပါဘူး။ ဇိုကာဆီက ဒီလို လုပ်လိမ့်မယ် ဆိုတဲ့ မသင်္ကာစရာ ဘာလက္ခဏာ မှမတွေ့ခဲ့ရဘူး။ တကယ့်ကို တုန်လှုပ်စရာကြီးပါ´ ဟု သူကပြောသည်။
ဇိုကာနှင့် သူသည် တရပ်ကွက်ခြားတွင် သာနေထိုင်သူများဖြစ်ပြီး သူ့အကိုအကြောင်းမသိ ပါဟု မာကာဒို ကပြောသည်။
ဇိုကာဆာနက်ဗ်သည် လောလောဆယ်တွင် မက်ဆာချူးဆက် ဒါ့မော့သ်တက္ကသိုလ် (University of Massachusetts Dartmouth) တွင်ကျောင်းသားအဖြစ် စာရင်း ပေးသွင်း အပ်နှံထားပြီး အဆိုပါ တက္ကသိုလ်ကိုလည်း သောကြာနေ့က ကျောင်းသားနှင့်အမှုထမ်းအားလုံး ဘေးကင်းရာသို့ ထွက်ခွာ သွားရန် အမိန့်ထုတ်ခဲ့ရသည်။
အဆိုပါ တက္ကသိုလ်သည် နယူးဘက်ဖို့ဒ်၏ အနောက်ဘက် ကင်းဘရစ်ခ်ျနှင့် ၆၅ မိုင်အကွာ တောင်ဘက်တွင် ရှိ သည်။
ဇိုကာဆာနက်ဗ်၏ အိမ်နီးချင်း တဦးလည်းဖြစ်၊ သူတက်ခဲ့ရာ အထက်တန်း ကျောင်းတွင် ဆရာဟောင်း တဦးလည်း ဖြစ်ခဲ့သူ လာရီအာရုန်ဆန် (Larry Aaronson) က သူသည် `အံ့ဘွယ်တော်သည့် ကလေးတဦး´ ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။
`သူဒီမှာ ရှိနေတာ တကယ့်ကို ကျေးဇူးတင်စရာပါ။ သူက ပျော်ပျော်နေတတ်တယ်၊ ကြင်နာ တတ်တယ်၊ ဂရုဏာထားတတ်သူလဲဖြစ်ပါတယ်´ ဟု အရုန်ဆန်က စီအန်အန် ကိုပြောဆိုခဲ့သည်။
19.4.2013 မှ 25.4.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
စိတ်သစ်လူသစ် ဤနှစ်သစ်မှာ အောင်မြင်မှု့ အသစ်တွေ က သင့်ကို ကြိုဆိုနေပါတယ်။ ဤနှစ်မဟာဘုတ် အရ သင့်ကံဇာတာ အရလည်း ကံကောင်းပြီ။ ရာထူးတက်ခြင်း ၊ စီးပွားတက်ခြင်း ၊ အလုပ်အကိုင်အဆင်ပြေခြင်း၊ အချစ်ရေး အိမ်ထောင်ရေး ကံကောင်းခြင်းတို့ ဖြစ်မည်။ ခရီးယာယီ တွေရောက်မည်။ စိတ်ချမ်းသာမှု့ တွေဖြစ်မည်။ ချက်ချင်းအဆင်မပြေ၍ အားမလျော့နှင့် ပြေလာမည်။ ကြီးသူ တစ်ယောက် ချူချာမည်။ စက်အပျက် အ၀င်မတော်ပါ။
အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၇။
အထူးဟော - အောင်မြင်တိုးတက်မည်။
ယတြာ - အိမ်ဘုရားကို အုန်းပန်းကပ်ပါ။
တနင်္လာ
လုပ်ငန်းဟောင်း ၊ လုပ်ငန်းသစ် ၊ နေရာသစ်တို့ လုပ်ရမည်။ ခရီးစဉ် အသစ်တွေရောက်မည်။ ရည်ရွယ်ချက်တွေ အဆင်ပြေမည်။ အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေမည်။ လူလိမ်ငွေလိမ်ခံရတတ်သည်။ ဂရုစိုက်ပါ။ ရှယ်ယာလုပ်ငန်း မသင့်ပါ။ ပညာရေးကံကောင်းနေမည်။ မရောက်ဘူးသော ခရီးတွေရောက်မည်။ မိတ်ဆွေ သစ်တွေ တွေ့မည်။ အစာအိမ် ၊ ၀မ်းဂရုစိုက်ပါ။ မြေ ရောင်းဝယ် ဖြစ်မည်။
အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၈။
အထူးဟော - အဆင်ပြေပါပြီ်။
ယတြာ - ကံ့ကော်ညွန့် (၁၅) ညွန့် အိမ်ဘုရားကပ်ပါ။
အင်္ဂါ
ဆုံးဖြတ်ချက်များ ၊ ဆန္ဒများပြည့်လာမည်။ ခရီးဝေး ယာယီတွေရောက်မည်။ လူလိမ် ၊ ငွေလိမ်ခံရတတ်၍ ဂရုစိုက်ပါ။ ဖြစ်ချင်တာတွေနှောင့်နှေးမှု ဖြစ်ပြီးမှ အောင်မြင်မည်။ လူယုံမထားရ။ လူပေါင်းမှားမည်။ အလုပ်ကိစ္စဖြင့် ခရီးထွက်များမည်။ အချစ်ရေးကောင်းတယ်။ အချစ်သစ်ထပ်တွေ့မည်။ ငွေစုလိုက်ဝင်မည်။ ရာထူးတက်မယ် နေရာသစ်ပြောင်းရန်ပေါ်မည်။ မိသားစု နှင့် အတိုက်အခံပေါ်မည်။ ပြန်ပြေလည်မည်။ စက်၊မြေရောင်းထွက်မည်။
အကျိုးပေးဂဏန်း - ၉ ၊ ၂ ၊ ၄။
အထူးဟော - အဆင်ပြေပါမည်။
ယတြာ - အင်္ဂါနေ့နံနက်တွင် သပြေ (၁၉) ညွန့်ကပ်ပါ။
ဗုဒ္ဓဟူး
စွန့်စားမှု စူးစမ်းမှု့ လွတ်လပ်မှု့ တို့ပြုချင်နေမည်။ ပြုလျှင်ကောင်းပါသည်။ ပညာရေး ၊ လူမှုရေး အလုပ်အကိုင်မှာလည်း စွမ်းဆောင်နိုင်မည်။ ကား၊ယာဉ်၊ စက်တို့ပြောင်းလဲမှုဖြစ်မည်။ ခရီးဝေးသွားခြင်း ပြည်ပ ထွက်ခွာခြင်းတို့အောင်မြင်မည်။ ငွေဝင် ၊ ငွေထွက် ကြမ်းမည်။ ရုတ်တရက် ဆိုင်ကယ် ၊ ကား တို့ ဂရုစိုက်မောင်းပါ။ အမှတ်တမဲ့ထိုးသောထီများ ပေါက်မည်။ ရင် ၊ ၀မ်း ကျန်းမာရေးဂရုစိုက်ပါ။ အနောက်မြောက်အရပ် ခရီးကြည့်ရှောင်ပါ။ အမှားတွေ့တတ်သည်။
အကျိုးပေးဂဏန်း - ၄ ၊ ၉ ၊ ၆။
အထူးဟော - အဆင်ပြေမည်။
ယတြာ - မြတ်စွာဘုရားရင်တော် ရွှေသင်္ကန်းကပ်ပါ။
ကြာသပတေး
ငွေဝင်သော်လည်း အသုံးကြမ်း၍ ငွေမစုနိုင်ဖြစ်မည်။ သူတစ်ပါး အရှုပ်ကိုယ့်အရှုပ်ဖြစ်တတ်၍ ဆင်ခြင်ပါ။ သူများ ဓားခုတ်ရာ လက်ဝင်လျိုသလို ဖြစ်တတ်၍ ဆင်ခြင်ပါ။ စာမေးပွဲ ၊ ပညာရေး၊ အင်တာဗျူး တွေ အောင်မြင်မည်။ ကတိတစ်ခု အရမ်းမပြုသင့်ပါ။ ခရီးဝေးယာယီ တွေရောက်မည်။ စိတ်လေမည်။ လူယုံမထားသင့်ပါ။ လူပေါင်းမှားမည်။ ကျန်းမာရေး အနည်းငယ်ချူချာမည်။ မရောက်ဘူးသောခရီးတွေရောက်မည်။ အလုပ်ပြောင်းရွှေ့မှုဖြစ်မည်။ အိမ်ပြောင်းရတတ်သည်။ မင်္ဂလာလက်ထပ်ပွဲဖြစ်မည်။ အလှူအတန်းအောင်မြင်မည်။
အကျိုးပေးဂဏန်း - ၅ ၊ ၃ ၊ ၆။
အထူးဟော - အောင်မြင်မည်။
ယတြာ - သံဃာတော်တွေကို မုန့်ဆွမ်းလှူပါ။
သောကြာ
စိတ်ဒေါသတွေ များနိုင်သောကာလဖြစ်ပါတယ်။ အရာရာ စိတ်တိုင်းမကျဖြစ်နေမည်။ ပစ္စည်းငွေကြေး တွေပျောက်ခြင်း အလိမ်ခံရခြင်း ဖြစ်မည်။ ချစ်သူ ၏ ငြိုငြင် ခြင်းခံရမည်။ ခရီးဝေးတွေရောက်မည်။ လုပ်ငန်းမှာ ပြဿနာ သေးဖွဲဖြေရှင်းရပါမည်။ တာဝန်နေရာအလွဲပြောင်းဂရုစိုက်ပါ။ ခြေထောက်ပိုင်းခိုက်မိတတ်၍ ဂရုစိုက်ပါ။ ရှယ်ယာ မလုပ်သင့်ပါ။ မမျှော်လင့်သော ခရီးများထွက်ရတတ်သည်။ လူယုံမထားသင့်ပါ။ လူပေါင်းမှားတတ်သည်။ စက် ၊မြေတို့ ရောင်းဝယ်ဖြစ်မည်။
အကျိုးပေးဂဏန်း - ၆ ၊ ၁ ၊ ၉။
အထူးဟော - အခက်အခဲတွေကြုံပြီးမှ စိတ်ချမ်းသာမှုရမည်။
ယတြာ - သောကြာနေ့တွင် မြောက်အရပ်ရှိ လမ်းရေ မြောင်း သန့်ရှင်းရေးလုပ်ပါ။
စနေ
ဆင့်ကဲ ဆင့်ကဲ အောင်မြင်မှု့တို့ ဖြစ်လာမည်။ ဘယ်အရာ ဘယ်အလုပ် ဘယ်စီးပွားရေး ကို ကိုင်တွယ်ရမလဲ ဘဲ စဉ်းစားလိုက်ပါ။ ခရီးယာယီ တွေမြင်တယ်။ ကွက်ကျော်မြင်အကဲခတ်ကောင်းတယ်။ ဆုံးဖြတ်ချက်မြန်တယ်။ ထီပေါက်မည်။ (သို့မဟုတ်) ထီပေါက်သလို ငွေရမည်။ အလုပ်တစ်ခုကို လုပ်နေရင်းနှင့် အခြား အကောင်းဆုံးအလုပ်တစ်ခု ထပ်ပေါ်မည်။ ကြီးမားသော လုပ်ငန်းတစ်ခု ကို ရဲရဲတင်းတင်း စတင်လိုက်ပါ။ အောင်မြင်မှု့တို့ မုချဖြစ်မည်။ အပေါင်းအသင်းကူညီမည်။ ကျန်းမာရေးကောင်းနေမည်။ အချစ်ရေးကောင်းနေမည်။ အိမ်ထောင်ရေးကောင်းနေမည်။ သို့သော် စကားပြောဆင်ခြင်ပါ။သ င့်စကားတစ်ခွန်းကြောင့် အမုန်းခံရတတ်ပါသည်။
အကျိုးပေးဂဏန်း - ၄ ၊ ၇ ၊ ၂။
အထူးဟော - အထူးကံကောင်းမည်။
ယတြာ - စနေနေ့တွင် စနေနံဘုရားကို ထီးနီ (၉)လက် လှူပါ။ ရေသက်စေ့ ရေသပ္ပါယ်ပါ။
အစိုးရကျောင်းများတွင် သက်ဆိုင်ရာလူမျိုးစုအလိုက် စာပေသင်ကြားနိုင်ရေး ပြင်ဆင်လျက်ရှိ
အစိုးရကျောင်းများတွင် တိုင်းရင်းသား စာပေများ သင်ကြားနိုင်ရေးအတွက် တိုင်းရင်းသားဘာသာစကားသင် ဆရာဖြစ်သင်တန်းများပြုလုပ်ရန် တိုင်းရင်းသားအဖွဲ့အစည်းများက ပြင်ဆင်နေပြီဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့အစည်းများထံက သိရှိရသည်။
သက်ဆိုင်ရာလူမျိုးစုများအလိုက် တိုင်းရင်းသားစာပေ သင်ကြားနိုင်ရန် သင်ကြားပို့ချနည်းသင်တန်းများပြုလုပ်၍ လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တိုင်းရင်းသား စာပေသင်ကြားပေးနိုင်ရန် အတွက် သင်ကြားပေးမည့်ဆရာများကို သင်ကြားပို့ချနည်းသင်တန်းများ ပြုလုပ်ပေးရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသား စာပေများကို သင်ကြားရာတွင် ကျောင်းချိန်အနည်းငယ်သာ ရရှိနိုင်ကြောင်း နန့်မွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ရ၀မ်တိုင်းရင်းသား ချန်နန်ခင် ကပြောသည်။
ကချင်တိုင်းရင်းသားဘာသာ စာပေ သင်ကြားနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းစာအုပ်ကို ပညာရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း နန့်မွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ရ၀မ်တိုင်းရင်းသား ချန်နန်ခင် ကပြောသည်။
"ကချင်စာပေသင်ကြားဖို့အတွက် လွတ်တော်မှာလည်း ဆွေးနွေးတာမျိုးတွေရှိပါတယ်။ ပညာရေးဦးစီးဌာနရဲ့ စည်းမျဉ်း စည်းကမ်းနဲ့လည်းညီအောင်၊ ဦးစားပေးသင်ကြားသင့်တဲ့ဟာတွေကို ပုံနှိပ်ထုတ်ဝေနိုင်ဖို့ သက်ဆိုင်ရာလူမျိုးစု ယဉ်ကျေးမှု့ ကော်မတီတွေက ပညာရေးဦးစီးဌာနကတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတာမျိုး တွေရှိပါတယ်။ နဂိုရှိပြီးသားသင်ရိုးတွေနဲ့တောင် ကျောင်းချိန်တွေကပြည့်နေတာ သင်ရိုးကလည်းထပ်တိုးဖို့ လုပ်နေသေးတယ်ဆိုတော့ တိုင်းရင်းသား စာပေသင်ကြားမယ်ဆိုရင် တစ်ပတ်ကို စာသင်ချိန် ၁ ချိန် ၂ ချိန် ထက်ပိုရမယ်မထင်ဘူး"" ဟု နန့်မွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ရ၀မ်တိုင်းရင်းသား ချန်နန်ခင် ကပြောသည်။
မွန်တိုင်းရင်းသားများကလည်း နွေရာသီတွင် ရန်ကုန်စာပေယဉ်ကျေးမှုအသင်း(မွန်) မှ နှစ်စဉ် မွန်စာပေ သင်ပေးနေသည်မှာ ၁၅ နှစ်ရှိပြီဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းချိန်ပြင်ပတွင် သင်ပေးနေကြောင်း သင်ရိုးညွန်းတမ်းများနှင့် ဆရာများမှာ အဆင်သင့်ရှိနေပြီဖြစ်ကြောင်းကို မွန်စာပေသင်ကြားရေးဆပ်ကော်မတီ အဖွဲ့ဝင် မိမော်မော် ကပြောသည်။
"မွန်စာပေသင်ကြား ပေးဖို့အတွက် ဆရာတွေ၊ သင်ရိုးတွေ အားလုံးအဆင်သင့်ပါပဲ။ ဒီနှစ်ကနေ အစိုးရကျောင်းတွေမှာ စသင်ပေးဖို့အတွက် စဉ်းစားထားတယ်။ ဒီအတွက် ပြည်နယ်အစိုးရတို့ မွန်ပြည်နယ်အုပ်ချုပ်ရေးမှုးအဖွဲ့တို့နဲ့ ညှိနှိုင်းနေကြတယ်လို့ သိရတယ်။" ဟု မွန်စာပေသင်ကြားရေးဆပ်ကော်မတီ အဖွဲ့ဝင် မိမော်မော် ကပြောသည်။
ပြည်ထောင်စုလွှတ်တော်မှ တိုင်းရင်းသားဘာသာစကား၊ စာပေများ သင်ကြားခွင့်ပြုထားသော်လည်း ဘက်ဂျက် ချထား ပေးခြင်းမရှိသောကြောင့် လူမျိုးစုအချို့မှာ ခက်ခဲနေသေးကြောင်း ချင်းကမ္ဘာဂျာနယ် အယ်ဒီတာချုပ်၊ ချင်းအမျိုးသားပါတီမှ အတွင်းရေးမှုးဖြစ်သူ ကိုငဲပီ ကပြောသည်။
"အရင်က ဘုရားကျောင်းတွေလို ဘာသာရေးအဆောက်အဦးတွေမှာ သင်ကြားပေးနေတဲ့ သက်ဆိုင်ရာလူမျိုးစုတွေရဲ့ ဆရာ တွေရှိပြီးသားပါ။ အဲ့ဒီ ရှိပြီးသား ဆရာတွေကိုလည်း ချင်းစာပေသင်ကြားနည်းဆိုပြီး ပိုကောင်းအောင် လေ့ကျင့်ပေးဖို့ လုပ်နေပါတယ်။ အဲ့ဒါတွေကြောင့်လည်း တရားဝင်ကျောင်းတွေမှာ စာပေသင်ကြားပေးဖို့ ကြန့်ကြာနေတာဖြစ်ပါတယ်။" ဟု ချင်းကမ္ဘာဂျာနယ် အယ်ဒီတာချုပ်၊ ချင်းအမျိုးသားပါတီမှ အတွင်းရေးမှုးဖြစ်သူ ကိုငဲပီ ကပြောသည်။
အခြေခံပညာ မူလတန်းကျောင်းများတွင် တိုင်းရင်းသားဘာသာ၊ တိုင်းရင်းသားစာပေ သင်ကြားပေးနိုင်ရေးအတွက် တိုင်းရင်းသားဘာသာပြဆရာ၊ ဆရာမများအဖြစ် လေ့ကျင့်ပျိုးထောင်ပေးရန် စီစဉ်ထားပြီးဖြစ်ရာ ဝါသနာလည်းပါ၊ စေတနာ လည်းထားပြီး တိုင်းရင်းသားဘာသာကို ကျွမ်းကျင်စွာသင်ကြားပေးနိုင်မည့် အရည်အချင်းပြည့်မီသည့် ဒေသခံ တိုင်းရင်းသားများကို ဦးစားပေးရွေးချယ်ပြီး ခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်း၊ အခြားသောတိုင်းရင်းသားစာပေများ ကျန်ရှိနေကြောင်း၊ ဆက်သွယ်လာပါက သက်ဆိုင်ရာတိုင်းရင်းသား ဘာသာကျွမ်းကျင်သူများနှင့် ညှိနှိုင်းပြီး ကျောင်းသုံးစာအုပ်များထဲမှာပါသည့် သင်ခန်းစာများကို ပြုစုသွားမှာဖြစ်ပါကြောင်း ယခုနှစ် မတ်လ(၁) ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးကလည်း ပြောကြားခဲ့သည်။
၁၉၈၁-၈၂ ခုနှစ်မှစ၍ တိုင်းရင်းသားစာပေများကို သင်ကြားခွင့်မရတော့ဘဲ ယခု ဒီမိုကရေစီအစိုးရ လက်ထက် မှသာတိုင်ရင်းသားစာပေများကို ပြန်လည်သင်ကြားခွင့်များပေးခဲ့ခြင်းဖြစ်သည်။
"ပြည်ထောင်စုလွှတ်တော်က တိုင်းရင်းသားစာပေတွေ ဘာသာစကားတွေကို သင်ကြားခွင့်ပြုတာရှိပါတယ်။ ဒါပေမယ့် ဘက်ဂျက် မချပေးတော့ တချို့လူမျိုးစုတွေဆို ခက်ခဲနေသေးတာ တွေ့ရတယ်။ ချင်းလူမျိုးတွေမှာက ဘုံစကားမရှိဘူး ဆိုတော့ တချို့နေရာတွေမှာ ၁၀ တန်းလောက်ထိပြုစုထားနိုင်ပြီး "မရာ" လိုလူမျိုးစုတွေကတော့ အခုထိမပြုစုနိုင်သေးတာ တွေ့ရတယ်။" ဟု ချင်းအမျိုးသားပါတီမှ အတွင်းရေးမှုးဖြစ်သူ ကိုငဲပီ ကဆိုသည်။
တိုင်းရင်းသားစာပေ သင်ကြားနိုင်ရေးအတွက် လိုအပ်သော ဘတ်၈ျက်ကိုလည်း အစိုးရအနေဖြင့် ကူညီပေးသင့်ကြောင်း ပြောဆိုသုံးသပ်မှုများလည်း ရှိနေသည်။
စက်ရုံအလုပ်သမားများအတွက် ပထမဆုံးအကြိမ် ချေးငွေထုတ်ချေးပေးမည်
သမ၀ါယမ၀န်ကြီးဌာနမှ စက်ရုံအလုပ်သမားများအတွက် ပထမဦးဆုံးအကြိမ် အသေးစားချေးငွေ ထုတ်ချေးနိုင် စီစဉ်ဆောင်ရွက်နေကြောင်း သမ၀ါယ၀န်ကြီး ဦးကျော်ဆန်းက လှိုင်သာယာ စက်မှုဇုန်အလုပ်သမားများ တွေ့ဆုံ ပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲကို ၂၀၁၃ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့ နံနက် (၉း၃၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် စက်မှုဇုန်ရှိ ကနောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
"သက်ဆိုင်ဌာနအသီးသီးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးဖြစ်နိုင်မယ်ဆိုရင် ငွေချေးပေးတာကို မေလလယ် လောက်ကနေ စချင်ပါတယ်။ သမ၀ါယမက အသေးစားချေးငွေက ပြည်သူတွေ လတ်တလော သက်သာ ချောင်ချိရေး၊ စားဝတ်နေရေး ပြေလည်စေဖို့အတွက်လည်း ရည်ရွယ်ပါတယ်" ဟု သမ၀ါယမ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောဆိုသည်။
အသေးစားချေးငွေများကို ၂၀၁၃ ခုနှစ် မေလပိုင်းတွင် ထုတ်ချေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဦးကျော်ဆန်းက ဆက်လက်ပြောဆိုခဲ့သည်။
"သမက ချေးပေးမယ်ဆိုတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင် ဇွန်လမှာ ကလေးတွေ ကျောင်းတက် အမီ ချေးငွေရမယ်ဆိုရင် ပိုကောင်းတာပေါ့" ဟု လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ အလုပ်သမား ကိုမိုးက ဆိုသည်။
အဆိုပါ အသေးစားငွေချေးလုပ်ငန်းများကို သမ၀ါယမအသင်း၊ အလုပ်သမားဝန်ကြီးဌာန၊ ငွေချေးယူကြမည့် အလုပ်သမားများ၊ စက်ရုံလုပ်ငန်းရှင်များ၊ အလုပ်သမားအဖွဲ့အစည်းများစသည်တို့ ပူးပေါင်းလုပ်ဆောင်ကြ မည်ဖြစ်ကြောင်း သိရှိရသည်။
"အကုန်လုံးပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ အလုပ်သမားတွေဘက်က ချေးငွေတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်တယ်ဆိုရင် နောက်ပိုင်းမှာ ထပ်တိုးမြှင့်ပြီးချေးပေးသွားမှာပါ တိုင်းပြည်စီးပွားတိုးတက်မှုမှာ အဓိကအခန်းကဏ္ဍကနေ တာဝန်ယူနေတဲ့စက်ရုံအလုပ်သမား လူတန်းစား တွေရဲ့ ဘ၀အခက်အခဲတွေ ပြေလည်နိုင်ဖို့ အဓိကလိုအပ်ပါတယ် " ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောဆိုသည်။
သမ၀ါယမအသင်းမှ ကျေးလက် ဒေသပြည်သူများနှင့် မြို့ပြဒေသပြည်သူများအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(တစ်သိန်း)နှုန်းအား အတိုးနှုန်း (၂)ကျပ် (၅၀)ပြားဖြင့် ချေးပေးလျက်ရှိပြီး စက်မှုဇုန် စက်ရုံအလုပ်သမား များကိုပါ ထုတ်ချေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့သို့ စက်ရုံအလုပ်သမားများအတွက် အသေးစားချေးငွေထုတ်ချေးပေးခြင်းဖြင့် အလုပ်သမားများ၏ဘ၀ အခက်အခဲများ လျော့ပါးစေနိုင်ခြင်း၊ အပြင်တွင်အတိုးများများဖြင့် ငွေချေးယူရသော ဒုက္ခများမှ ကင်းဝေ စေနိုင်ခြင်းအပြင် နိုင်ငံအနေဖြင့်လည်း ဆင်းရဲမွေတေမှုများလျော့ကျသွားစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ကို ရည်ရွယ်ကြောင်း သိရှိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် အလုပ်သမားအဖွဲ့အစည်းပေါင်း (၅၀၀)၀န်းကျင်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက သိရှိရသည်။
Wednesday, April 17, 2013
မကွေးမြို့ မှာ မီးလောင်မှု ဖြစ်ပွား
မကွေးတိုင်း ဒေသကြီး မကွေးမြို့ အောင်စေတနာ ၁လမ်းနှင့် ၂လမ်းကြားရှိ အမေထွား ပဲဂိုဒေါင် ယနေနေ့လည် ၂း၃၀ ခန့်တွင် မီးလောင်မှုဖြစ်ပွား ခဲ့ပါတယ်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားစဉ် မကွေး မြို့ပေါ်မှ မီးသတ်ကားများပါမကျန် မင်းဘူး မီးသတ်ကားများ၊ ထောက်ရှာပင်မီးသတ်ကားများ၊ ဆည်မြောင်း ရေဘောင်ဆာကားများ၊ အခြားရေဘောင်ဆာကားများ လာရောက် ငြိမ်းသတ်ခဲ့ရာ ညနေ၃း၃၀အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး သံဃာတော်များ၊ မြို့ခံပြည်သူများ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ ကြတယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုကို မည်သို့ စတင်လောင်ကျွမ်းသည်ကို မသိရှိရသေးပါ။ နှစ်ဆန်း ၁ရက်နေ့  ဖြစ်နေသောကြောင့် အလုပ်သမားများမရှိဟု သိရှိရပါသည်။
ညီမွန်
Myanmar News Now
ပြည်မြို့တွင် လေပြင်းတိုက်၊ အိမ်ခြေ ၂၀ ကျော် ပျက်စီး
မကွေးတိုင်း ဒေသကြီး မကွေးမြို့ အောင်စေတနာ ၁လမ်းနှင့် ၂လမ်းကြားရှိ အမေထွား ပဲဂိုဒေါင် ယနေနေ့လည် ၂း၃၀ ခန့်တွင် မီးလောင်မှုဖြစ်ပွား ခဲ့ပါတယ်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားစဉ် မကွေး မြို့ပေါ်မှ မီးသတ်ကားများပါမကျန် မင်းဘူး မီးသတ်ကားများ၊ ထောက်ရှာပင်မီးသတ်ကားများ၊ ဆည်မြောင်း ရေဘောင်ဆာကားများ၊ အခြားရေဘောင်ဆာကားများ လာရောက် ငြိမ်းသတ်ခဲ့ရာ ညနေ၃း၃၀အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး သံဃာတော်များ၊ မြို့ခံပြည်သူများ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ ကြတယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုကို မည်သို့ စတင်လောင်ကျွမ်းသည်ကို မသိရှိရသေးပါ။ နှစ်ဆန်း ၁ရက်နေ့  ဖြစ်နေသောကြောင့် အလုပ်သမားများမရှိဟု သိရှိရပါသည်။
ညီမွန်
Myanmar News Now
ဝိတိုရိယဆေးရုံကို အများပိုင်ဆေးရုံအဖြစ် ပြုလုပ်သွားရန်ရှိ
ဝီတိုရိယဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ အဆိုပါ ဆေးရုံကြီးအား အများပိုင်ဆေးရုံကြီးအဖြစ် ဆောင်ရွက်သွားဖို့ရှိတာ ဖြစ်တယ်လို့
သိရှိရပါတယ်။ ၀ိတိုရိယ ဆေးရုံကြီးကို ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
လက်ရှိမှာ ကုတင် ၁၀၀ ခန့် အထွေထွေရောဂါကု အဆင့်မြင့် ဆေးရုံကြီးဖြစ်ပြီး အချိန်ပြည့် ဆရာဝန်၊ သူနာပြု ကျွမ်းကျင်ပညာရှင်နဲ့ ၀န်ထမ်းအင်အား ၅၀၀ ကျော်နဲ့ ၀န်ဆောင်မှုပေးနေတဲ့ ဆေးရုံကြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ အခုလို ဖွင့်လှစ်ခဲ့တဲ့ကာလ အတွင်းမှာ ပြင်ပလူနာ ခုနစ်သောင်းကျော်နဲ့ အတွင်းလူနာ သုံးထောင့် တစ်ရာ ရှစ်ဆယ့်ငါး ကျော်တို့အပြင် ခွဲစိတ်ကုသမှု အနေနဲ့ နှစ်ထောင်ကျော်ကို ၀န်ဆောင်မှုပေးခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ ၀ိတိုရိယဆေးရုံကြီးကို ကုတင် ၃၀၀ ဆန့် တိုးချဲ့ပြီး ၀န်ထမ်းများ ခန့်ထားခြင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးသွားဖို့ရှိတာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး အပါအ၀င် ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်မည်
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အပါအ၀င် ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
၂၀၁၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် မိုးလေ၀သ တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ဧပြီလ ၁၆ ရက်နေ့ မွန်းတည့်မှ နောက်ငါးရက်(ဧပြီလ ၂၁ ရက်နေ့) အထိ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။
ထို့အတူ ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသည့် လေထုမငြိမ်သက်မှုများကြောင့် ဧပြီလ ၁၆ ရက်နေ့ မွန်းတည့်မှ နောက်သုံးရက် (ဧပြီလ ၁၉ ရက်)နေ့အထိ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိကာလသည် မြန်မာနိုင်ငံ၏ မိုးကြိုကာလဖြစ်သော ဧပြီလလယ်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်ပြီး ယင်းကာလသည် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းများ၏ သက်ရောက်နိုင်ခြေကို ရခိုင်၊ ဧရာဝတီ စသည့် ကမ်းရိုးတန်းဒေသများတွင် သတိပြုရသည့် ကာလလည်းဖြစ်သည်။
အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ချောင်းသာလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာ လူ၎ဦးသေဆုံး

ဧပြီလ၁၆ရက်နေ့ နံနက်၁နာရီခန့်က ပုသိမ်-ချောင်းသာလမ်း၊ ကျောက်ချောင်းကြီး ကျေးရွာအနီး မိုင်တိုင်အမှတ် ၉တွင် ချောင်းသာကမ်းခြေသို့ အပန်းဖြေသွားသည့် မှန်လုံအမြန်ယာဉ် တစ်စီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးထိုးကျ၍ တိမ်းမှောက်မှုဖြစ်ပွားကာ ယာဉ်ပေါ်တွင်လိုက်ပါ လာသည့်ခရီးသည် အမျိုးသမီး ၄ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ မှန်လုံအမြန်ယာဉ်သည် တောင်တွင်းကြီးမြို့ ခရီးသည်များအား တင်ဆောင်၍ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးထွက်ခွာလာခဲ့ပြီးနောက် ချောင်းသာကမ်းခြေတွင် အပန်းဖြေသွားရန် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါကားပေါ်တွင် ခရီးသည် ၅၉ ဦးနှင့် ယာဉ်အဖွဲ့ ၄ဦး စုစုပေါင်း ၆၃ဦး လိုက်ပါလာခဲ့ပြီး၊ ယာဉ်မောင်း သန္ဓေတိုး (ဘ)ဦးသန်းမောင် ၊ အသက် ၃၅နှစ်၊စမ်းချောင်းရပ် အောင်လံမြို့နေသူ မောင်းနှင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ညဘက်ဆိုတော့ တိတ်ဆိတ်နေတဲ့ အချိန် အုန်းခနဲကြားရတယ်၊ အော်သံတွေ ဆူညံနေ တော့ အသံကြားရာကို ထပြီး လာကြည့်ခဲ့တာ၊ ဒီရောက်တော့ ကားကြီးမှောက်နေတယ်၊ လူတွေလည်း ကားထဲမှာပိတ်မိနေတယ်၊ နီးစပ်ရာက လူတွေအပြေးအလွှား ရောက်လာကြတယ်၊ ကားထဲကလူတွေကို ဆွဲထုတ်ကြတယ်၊ ဒဏ်ရာရသူတွေကလည်း များတယ်၊ နောက်ပုသိမ်က လူမှုကူညီရေးအဖွဲ့ တွေရောက်လာတယ်၊ ဒါပေမဲ့ ပိပြီးသေဆုံးသွားတဲ့ အမျိုးသမီးသုံးဦးကတော့ ကားဆွဲထူပြီးမှပဲ ထုတ်လို့ရတော့တယ်"ဟု ယာဉ်တိမ်းမှောက်မှုအား သွားရောက်ကူညီပေးသည့် ဒေသခံတစ်ဦးက ပြောပြသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် လူ၂၅ဦး ပုသိမ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး၊ အုန်းတောရပ်၊ တောင်တွင်းကြီးမြို့တွင် နေသူများဖြစ်သည့် မကူးမ ၃၅နှစ်(ဘ)ဦးမြင့်၊ မသီတာဦး ၂၈နှစ်(ဘ) ဦးလှဝင်း၊ မသီရိ ၃၇နှစ်(ဘ) ဦးခင်မောင်မြင့်၊ မသူဇာမြင့် ၃၂နှစ်(ဘ)ဦးခင်မောင်မြင့်တို့ လေးဦးအနက် သုံးဦးမှာနေရာတွင်ပင် ပွဲခြင်းပြီး သေဆုံးသွားကာ၊ တစ်ဦးမှာ ပုသိမ်ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်။ ကျန်ရှိသည့် ခရီးသည်များနှင့် ဒဏ်ရာအနည်းငယ် ရရှိသူများအား ပုသိမ်မြို့ တိုက်ကြီးကျောင်း ပရိယတိစာသင်တိုက်တွင် နားနေရန် နေရာချထားပေး လျက်ရှိကြောင်း သိရသည်။
ယာဉ်တိုက်မှုနှင့်ပတ်သက်၍ အရှိန်ပြင်းစွာဖြင့် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း သန္စေစီုးအား ပုသိမ်မြို့ သဘောင်္ကျဉ်းရဲစခန်းမှ (ပ)၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄(က)ဖြင့် ရဲအုပ် ကြည်လင်းမှ တရားလိုပြုကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့အရေး ဂျပန်အစိုးရတာဝန်ရှိသူတွေနဲ့ ဒေါ်စုဆွေးနွေး
မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း အစိုးရ အဆင့်မြင့် ခေါင်းဆောင် တွေက မြန်မာ့အရေး အားပေးသွားဖို့ ကတိပြုလိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံတကာက ပံ့ပိုးကူညီမှုတွေဟာ ထိရောက်တဲ့ နေရာတွေအတွက် ဖြစ်စေ လိုတဲ့အကြောင်း ပြောဆိုခဲ့တာပါ။ နှစ်ပေါင်း ၃၀ လောက်မှာ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့တော့ ဒေါ်ခင်မျိုးသက် က ပြောပြပေးမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမိယို ကိရှိဒါ (Fumio Kishida) တို့ဟာ အင်္ဂါနေ့ ညနေမှာ တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံကို ဒီမိုကရေစီရေး အပြောင်းအလဲတွေအတွက် ဂျပန်က ကူညီမယ့်အကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့ပါတယ်။
"မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဂျပန်နိုင်ငံက ဆက်ပြီးတော့ ထောက်ခံ ပံ့ပိုးပေးဖို့ ဆန္ဒရှိပါတယ်။"
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ တက်လာချိန်ကစပြီး ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့သလို၊ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်တော် ရွေးကောက်ပွဲမှာ ပါဝင်စေပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာနေပြီမို့ ရှေ့ဆက် အပြောင်းအလဲတွေအတွက် ဂျပန်နိုင်ငံက ကူညီမယ်လို့ ပြောကြားခဲ့တာ ပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံရဲ့ ကမ်းလှမ်းချက် အပါအ၀င် ရလာတဲ့ အခွင့်အရေးတွေကို ချက်ခြင်း အသုံးချနိုင်ရေးဟာ မြန်မာနိုင်ငံအတွက် သိပ်ကို အရေးပါတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
"အခွင့်အရေးတွေ အများကြီးရှိသလို၊ ဒီအခွင့်အရေးတွေကို သုံးနိုင်ဖို့ ဆိုတာကလည်း အင်မတန် အရေးကြီးပါတယ်။ အဲ့ဒါမှ အပြောင်းအလဲတွေကလည်း အကောင်းဘက်ကို ပြောင်းလာမှာပါ။"
ဒီကနေ့ မနက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုတွေ ပေးရေး အတွက် ပြင်ဆင်နေတဲ့ ဂျပန်နိုင်ငံရဲ့ လွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည်
ရောက်သွားချိန်မှာ လွှတ်တော်အမတ်တွေဟာ မတ်တပ်ရပ်ပြီး သြဘာပေး ကြိုဆိုခဲ့ကြတာပါ။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) ကလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကူအညီတွေ ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
"မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစု အသီးသီးကြားမှာ ငြိမ်းချမ်းမှုရအောင် လုပ်ဆောင်နေတာတွေကို ဂျပန်အစိုးရက ကူညီပံ့ပိုး ပေးချင်ပါတယ်။"
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့တဲ့နောက်ပိုင်း ဂျပန်လုပ်ငန်းရှင်တွေဟာ အလုပ်သမား ပေါများပြီး လုပ်အားခ သက်သာတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့အတွက် စိတ်အားထက်သန် နေကြတာပါ။ နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးမှုတွေရဖို့ ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ လွှတ်တော် ၂ ရပ်စလုံးကို သွားရောက်ခဲ့တယ်လို့ တိုကျိုမြို့က မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဦးသန်းရွှေ ကပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဂျပန်မှာ လွှတ်တော် ၂ ရပ် ရှိတဲ့အထဲက မနက်ဘက်မှာတော့ အထက်လွှတ်တော် ဥက္ကဋ္ဌနဲ့ သွားတွေ့ပြီးတော့ နေ့ခင်းဘက် မှာ အောက်လွှတ်တော် ဘတ်ဂျက်ကော်မီတီ အစည်းအဝေးရှိတာကို အဲ့ဒီလွှတ်တော်မှာ သွားပြီးတော့ စကားနည်းနည်း ပြောခဲ့တယ်။"
အင်္ဂါနေ့ ညနေခင်းမှာ ဂျပန်နိုင်ငံရောက် ကျောင်းသူကျောင်းသားတွေနဲ့ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့အစည်း တချို့က ပုဂ္ဂိုလ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ခဲ့တယ်လို့ တိုကျိုမြို့က ဦးလှဟန် ကပြောပါတယ်။
"ဂျပန်မှာ ကျောင်းတက်နေတဲ့ ကျောင်းသူလေးတွေနဲ့ ၃၅ နှစ်အောက် လူငယ်တွေနဲ့ အဲ့ဒါက သပ်သပ်၊ ဒီမိုကရေစီ လှုပ်ရှားတဲ့သူတွေထဲက အဖွဲ့အစည်းကခေါင်းဆောင်
တွေနဲ့ အသက် ၄၀ အထက် လူတွေကို သူတို့ စိစစ်ပြီးတော့ ဖိတ်ပြီးတော့ သူတို့ နားတဲ့အခါမှာ တယောက်ချင်းခေါ်တွေ့ပြီးတော့ ဒေါ်စုက တယောက်ချင်းကို မေးနေ တာ။"
ဂျပန်နိုင်ငံကို တပတ်ကြာခရီး သွားရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အိမ်ရှေ့မင်းသား နာရုဟိတို (Naruhito) နဲ့ တွေ့ဆုံခဲ့သလို၊ ဗုဒ္ဓဟူနေ့မှာ တိုကျိုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားဖို့ရှိတယ်လို့လည်း ဦးသန်းရွှေက ပြောပါတယ်။
"မနက်ဖြန်မှာတော့ ကျနော်တို့ တိုကျို တက္ကသိုလ်မှာ သူက မိန့်ခွန်းပြောကြားဖို့ရှိတယ်ဗျာ။ အဲ့ဒီကျလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရွေးစင်ပေါ့လေ ရွေးချယ် ထားတဲ့ ကျောင်းသားတွေထဲမှာ ကျနော်တို့ မြန်မာနိုင်ငံကနေပြီးတော့ Asylum Seeker ဘ၀နဲ့နေပြီးတော့ scholarship ရပြီးတော့ တက္ကသိုလ်မှာ တက်ခဲ့တဲ့ ဗမာကျောင်းသားတွေပါ ပါပြီးတော့ စကားပြောဖို့ အစီအစဉ်လေးတွေ ရှိပါတယ်။ မနက်ဖြန်မှာပဲ ဂျပန်နိုင်ငံမှာရှိတဲ့ NGO ပေါ့လေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရော၊ အများအားဖြင့်တော့ Human Rights Organization တွေ များပါတယ်။ စစ်အစိုးရ လက်ထက်တုန်းက မြန်မာနိုင်ငံ ဒီမိုကရေစီအတွက်ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ ဂျပန်လူမျိုးတွေနဲ့ ကျနော်တို့ ဗမာတွေ စုပြီးတော့ ဖွဲ့ထားတဲ့ NGO အဖွဲ့တွေ၊ နောက်တခါ Human Rights Watch တို့ Amnesty International တို့ အဲ့ဒီ NGO အဖွဲ့အစည်းတွေနဲ့ မနက်ဖြန်မှာ တွေ့ကြဖို့ရှိပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို မပြန်ခင်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) နဲ့ သီးခြားတွေ့ဆုံဖို့လည်း ရှိပါတယ်။
Boston ဗုံးပေါက်ကွဲမှု အနက်ရောင်အိတ် ကျောပိုးထားသူအား FBI ရှာဖွေ
Boston မာရသွန်ပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးမကွဲခင်လေးမှာ အလွန်လေးလံတဲ့ အထုပ် သယ်လာတဲ့ လူတဦးကို တွေ့မိတဲ့သူတွေထံကနေ FBI အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရိုကနေ သတင်းအချက်အလက်တွေ စုဆောင်းရှာဖွေနေပါတယ်။
ဗုံးကွဲတဲ့နေရာက ကျောပိုးအိတ်က ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အမဲရောင် နိုင်လွန်စတွေကို စုံစမ်းစစ်ဆေးသူတွေ တွေ့ခဲ့ရပါတယ်။ ဘယ်သူ့လက်ချက်ဆိုတာကို အသေအချာ မပြောနိုင်သေးလို့ ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားနေရတယ်လို့ FBI က ပြောပါတယ်။ တာဝန်ရှိသူကို ရှာဖွေဖော်ထုတ်နိုင်ဖို့ ကမ္ဘာ့အစွန်အဖျားအထိပါ သွားရောက်ရှာဖွေမယ်လို့ အာဏာပိုင်တွေက ကတိပေးထားပါတယ်။
ကနဦး ထောက်လှမ်းရေး အချက်အလက်တွေ မရှိတာကြောင့် ဒီကိစ္စမှာတော့ အယ်လ်ကိုင်းဒါး ဒါမှမဟုတ် နိုင်ငံရပ်ခြား အစိုးရ တရပ်ရပ်က ပါဝင်ပုံတော့ မရှိဘူးလို့ Maryland ပြည်နယ် ဒီမိုကရက်တစ်အမတ် ဒတ်ခ်ျ ရတ်ပါဘာဂါ (Dutch Ruppersberger) က လုံခြုံရေးဆိုင်ရာ အစည်းအဝေးအပြီးမှာ ပြောပါတယ်။
တနင်္လာနေ့က စက္ကန့်ပိုင်းအတွင်း ဆက်တိုက် ပေါက်ကွဲတဲ့ ဗုံးနှစ်လုံးကြောင့် မာရသွန် ပန်းဝင်လိုင်းအနီးက လူသုံးဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ၈ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။ လူပေါင်း ၁၇၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အတော်များများက ခြေလက်တွေ ဆုံးရှုံးခဲ့ကြပါတယ်။
Boston ဗုံးခွဲတိုက်ခိုက်မှု ကမ္ဘာ့ခေါင်းဆောင်တွေ ၀ိုင်းဝန်းရှုတ်ချ
သူ့အဆို အကြမ်းဖက် တိုက်ခိုက်တယ်ဆိုတာကို ပါကစ္စတန် နိုင်ငံခြားရေးရုံးက ရှုတ်ချသွားပြီးတော့၊ ဒီစက်ဆုပ် အထင်သေးစရာ လုပ်ရပ်ကို ပါကစ္စတန် အစိုးရနဲ့ ပြည်သူတွေက ထိတ်လန့် အံ့အားသင့်နေရပါတယ်လို့ ပြောသွားပါတယ်။
ပါကစ္စတန်နိုင်ငံဟာ ၂၀၀၇ ခုနှစ်ကတည်းက တာလီဘန် သူပုန်ထမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီးတော့ တာလီဘန်တွေက အများပြည်သူ အလာများတဲ့ နေရာတွေကို တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီးသားပါ။
ပါကစ္စတန်က တာလီဘန်တွေက အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ဖို့ ကြံစည်မှုတွေ ရှိခဲ့ပေမဲ့လည်း၊ ဒီ Boston ဗုံးခွဲမှုကိုတော့ သူတို့ မလုပ်ပါဘူးလို့
ငြင်းဆိုပါတယ်။
ပါကစ္စတန်အိမ်နီးချင်း တာလီဘန်တွေ မကြာခဏ တိုက်ခိုက်တာခံရတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာတော့ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က Boston မြို့ တိုက်ခိုက်မှုကို ရှုတ်ချပြောဆိုပြီးတော့ ဒီဖြစ်ရပ်ဆိုးကြောင့် ၀မ်းနည်းကြေကွဲ မိပါကြောင်း ပြောကြားပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် မန်မွန်ဟန်ဆင်း (Manmohan Singh) ကလည်း အကြမ်းဖက်မှုကို တွန်းလှန်ရာမှာ အမေရိကန် ပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်လို့ ပြောသွားပါတယ်။ အိန္ဒိယနိုင်ငံ Mumbai မြို့ဟာ ၂၀၀၈ ခုနှစ်တုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။
ဒီမိုကရေစီ ခရီးရှည်ကြီးတွင် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာ ယူရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့ ဧပြီလ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်မြက်ခင်းပြင်၌ ကျင်းပသည့် ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော်၌ ပါဝင်ဆင်နွှဲနေစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
ဒီမိုကရေစီ ခရီးရှည်ကြီးတွင် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာယူကာ အနာဂတ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) နံနက် ၇ နာရီက နိုင်ငံတော်သမ္မတက ပြည်သူလူထုသို့ ပြောကြားသော အတာသင်္ကြန် နှစ်သစ်ကူး မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
| ဒီမိုကရေစီ တည်ဆောက်ရေး နှစ်နှစ်ကျော်ကြာ ကာလအတွင်း မျှော်မှန်းမထားသည့် အောင်မြင်မှုများကို တက်လှမ်းနိုင်ခဲ့သလို မျှော်လင့်မထားသည့် ၀မ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်များကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း . . . . . |
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ယခုကဲ့သို့ နှစ်သစ်ကူးကာလမှာ နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ မင်္ဂလာရှိရှိ အစပြုလေ့ရှိတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ရိုးရာဓလေ့ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ထို့ပြင် ယခင်နှစ်က လူမှုရေး အထင်အမြင် လွဲမှားမှု ဖြစ်စဉ်များမှတစ်ဆင့် ပေါ်ပေါက်ခဲ့သည့် စိတ်ဝမ်းကွဲပြားမှုများ၊ ပဋိပက္ခ ဖြစ်မှုများနှင့် မတည်ငြိမ်မှုများကို အတာရေနှင့် ဆေးကြောသန့်စင်ပြီး မင်္ဂလာရှိသည့် ကိစ္စရပ်များ ပျော်ရွှင်ဖွယ် ကိစ္စရပ်များ တည်ငြိမ်အေးချမ်းရေးကို ဦးတည်သည့် ကိစ္စရပ်များနှင့် ပြည့်လွှမ်းနေသည့် မြန်မာနိုင်ငံအဖြစ် မြင်တွေ့လိုကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "မိမိတို့ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို ကြည့်မယ်ဆိုရင်လည်း ပိုမိုပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နေတာ ဖြစ်သည့်အတွက် ရှေ့မှာကြုံတွေ့ရမယ့် အခက်အခဲ အကြပ်အတည်းနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားတဲ့ အခါမှာ အမျိုးသား စည်းလုံးညီညွတ်မှုကို အခြေခံတဲ့ စာနာမှုများ၊ ထိန်းညှိမှုများ၊ ညှိနှိုင်းမှုများနဲ့ ပိုမိုကောင်းမွန်အောင် တည်ဆောက်ရမှာ ဖြစ်ပါတယ်" ဟု ဆက်လက်ပြောသည်။
"ဒီမိုကရေစီ တည်ဆောက်ရေး နှစ်နှစ်ကျော်ကြာ ကာလအတွင်း မျှော်မှန်းမထားသည့် အောင်မြင်မှုများကို တက်လှမ်းနိုင်ခဲ့သလို မျှော်လင့်မထားသည့် ၀မ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်များကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း၊ ဒီမိုကရေစီ ခရီးရှည်ကြီးတွင် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာယူကာ အနာဂတ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားဖို့ ပြင်ဆင်ထားရမှာ ဖြစ်သည်" ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ မိန့်ခွန်း နိဂုံးချုပ်တွင် ပြီးခဲ့သည့် နှစ်ဟောင်းက ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများအပေါ် လူမျိုးရေး၊ ဘာသာရေး ပုံဖော်လိုသည့် ပြည်တွင်းပြည်ပမှ အကြမ်းဖက် လုပ်ရပ်များကိုလည်း သင်္ကြန်ကာလအတွင်း သတိထား ကာကွယ်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီး နှစ်သစ်ကူး သင်္ကြန်ကာလတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ ရှိကြစေဖို့ ဆုတောင်းပေးခဲ့သည်။
နိုင်ငံတော်သမ္မတသည် ယခုကဲ့သို့ ရေဒီယိုမှတစ်ဆင့် ပြည်သူလူထုသို့ ဇန်န၀ါရီလ ၁ ရက်၊ ဖေဖော်ဝါရီလ ၁ ရက်၊ မတ်လ ၁ ရက်နှင့် မတ်လ ၃၁ ရက်နေ့တို့၌လည်း မိန့်ခွန်းများ ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်နေသည့်အတွက် အမေရိကန် အပါအ၀င် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းခဲ့သည်။