Monday, March 4, 2013

မလက်တို၌ ပုဒ်မ(၁၄၄) ပြန်လည်ရုပ်သိမ်း

ရဲနှင့်ရွာသားပဋိပက္ခကြောင့် ရဲဝန်ထမ်းတစ်ဦးသေဆုံး၍ ရွာသားနှင့်ဝန်ထမ်း(၄၆)ဦး ဒဏ်ရာရရှိခဲ့သည့် မလက်တိုကျေးရွာအုပ်စု၌  အခြေအနေများ အေးဆေးတည်ငြိမ်ခဲ့ပြီဖြစ်သဖြင့် ပုဒ်မ(၁၄၄) အား ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

 

မလက်တိုကျေးရွာအုပ်စု၌ ဖေဖော်ဝါရီ(၂၆)ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပုဒ်မ(၁၄၄)အား အေးချမ်းမှုအခြေ အနေအရ မတ်လ(၂)ရက်နေ့ ညပိုင်းက ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဆားမလောက်ရဲစခန်းက ဆိုသည်။

 

အဆိုပါမလက်တိုပဋိပက္ခဖြစ်စဉ်ကြောင့် အသက်(၂၃)နှစ်အရွယ် ရဲတပ်သား ရဲကျော်သူ သေဆုံး၍ ရဲဝန်ထမ်း (၂၇)ဦး ဒဏ်ရာရရှိကာ ရွာသားများဘက်မှ (၁၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။


ဆန္ဒပြမြန်မာလုပ်သားများအရိုက်ခံရမှု ဂျော်ဒန်ရဲစစ်ဆေး

ဂျော်ဒန်နိုင်ငံက မြန်မာ အလုပ်သမားတွေ လုပ်ခလစာ တိုးတောင်းလို့ ကုမ္ပဏီနဲ့ အချင်းများနေတဲ့ အထည်ချုပ် စက်ရုံဟာ အမေရိကန် ပြည်ထောင်စုက နာမည်ကျော် ဖက်ရှင် အ၀တ်အထည် လုပ်ငန်းကြီးတွေရဲ့ အပ်ထည်တွေကို လက်ခံ ချုပ်လုပ်ပေးတဲ့ စက်ရုံတရုံ ဖြစ်တယ်လို့ မြန်မာ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီမှာ စနေနေ့က မြန်မာအလုပ်သမားတွေ အရိုက်ခံရ တဲ့ဖြစ်ရပ်ကို ဒေသဆိုင်ရာ ဂျော်ဒန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး အစ္စရေးလ်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးကလည်း ဆက်သွယ်လာပြီးတော့ ဘယ်လိုအကူအညီပေးရမယ် ဆိုတာ မေးမြန်းခဲ့တယ်လို့ အလုပ်သမားကိုယ်စားလှယ်တဦးက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

တခြားနိုင်ငံက အလုပ်သမားတွေနဲ့တန်းတူ လုပ်ခလစာနဲ့ ခံစားခွင့်တွေပေးဖို့ မြန်မာနိုင်ငံသား အလုပ်သမားတွေ တောင်းဆိုခဲ့ကြတာကြောင့် အလုပ်ရှင်နဲ့ အခြေအတင်ဖြစ်နေတဲ့ ဂျော်ဒန်က CMJ အထည်ချုပ်စက်ရုံဟာ တရုတ်လူမျိုးပိုင် ဖြစ်ပြီး သူတို့အများဆုံးချုပ်ပေးနေရတဲ့ အမျိုးသား အမျိုးသမီး တီရှပ်တွေနဲ့ သိုးမွေးထည်တွေဟာ အမေရိကန်နိုင်ငံဆီ အဓိက ပို့တာဖြစ်တယ်လို့ အလုပ်သမားကိုယ်စားလှယ်တဦးက ဗွီအိုအေကိုပြောတာပါ။

"The North Face ဆိုတာက ဒီ CMJ စက်ရုံတရုံလုံးမှာရှိတဲ့ အကြီးမားဆုံးအော်ဒါ တခုပေါ့။ နောက်ပြီးတော့ Laurel၊ Calvin Klein CK ။ ပထမဦးဆုံး အဓိက ထားပို့တာ U.S.A ပေါ့နော်။ အဓိကထားပို့တယ်။ နောက်ပြီးတော့ ကနေဒါကို ပို့တယ်ခင်ဗျ။ နောက်ပြီးတော့ ကာတာ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်ကို ပို့ပါတယ်။ အဲဒီ ၅ နေရာကိုတော့ အဓိကထားပြီး အများဆုံးပို့ပါတယ်။"

မြန်မာအလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကိုကျော်ဇင်ဦးပါ။ သူပြောသွားတဲ့ Laurel၊ Calvin Klein CK နဲ့ The North Face တို့ဟာ အမေရိကန်နိုင်ငံအခြေစိုက် နံမည်ကျော် ဖက်ရှင်နဲ့ အ၀တ်အထည်မျိုးစုံကို ရောင်းချတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေက သူတို့နဲ့အလုပ်ရှင်အကြား ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ပါ လုပ်ခလစာနဲ့ ခံစားခွင့်တွေအတိုင်း ပေးဖို့ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်ကတည်းက တောင်းဆိုပြီး အလုပ်မဆင်းဘဲနေခဲ့ကြတာပါ။ အလုပ်ရှင်ဘက်က မလိုက်လျောတဲ့အတွက် မပြေလည်သေးဘဲရှိနေချိန် စနေနေ့မှာတော့ တခြားနိုင်ငံသား ကုမ္ပဏီဝန်ထမ်း ၄၀ လောက်က မြန်မာ အလုပ်သမားတွေနေတဲ့အဆောင်ဆီ ရောက်လာပြီး အတင်း တွန်းထိုးဆွဲငင်ပြီးတော့ ရိုက်နှက်တာတွေ လုပ်ခဲ့တာကြောင့် မြန်မာအမျိုးသမီး အလုပ်သမလေးဦး ဒဏ်ရာရခဲ့ကြပါတယ်။

ဒီဖြစ်ရပ်အတွက် ဒေသအတွင်းအခြေစိုက် The Trade Unions of Workers ဆိုတဲ့ အလုပ်သမားသမဂ္ဂရဲ့ အကူအညီနဲ့ တနင်္ဂနွေနေ့မှာ မြန်မာအလုပ်သမားတွေက ရဲစခန်းမှာ တိုင်ချက်ဖွင့် တိုင်ကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က စက်ရုံဝင်းအထိ လိုက်လာ ပြီး စုံစမ်းစစ်ဆေးပေမဲ့လည်း ရိုက်နှက်မှုမှာ တကယ်တမ်းပါဝင်ခဲ့သူတွေကို ကုမ္ပဏီတာဝန်ရှိသူတွေက ထုတ်မပေးသေးဘူးလို့ ကိုကျော်ဇင်ဦးက ပြောပါတယ်။

"သေချာကိုယ်ထိလက်ရောက် ကျူးလွန်တဲ့သူကို ထုတ်မပေးပါဘူးခင်ဗျ။ အဲဒီလူတွေ အကုန်လုံးထားပြီးတော့ တခြားသူတွေကို ထုတ်ပေးတယ်။ ဒီမှာ အရိုက်ခံရတဲ့အမျိုးသမီးတွေက ရိုက်တာသူတို့မဟုတ်ပါဘူးလို့ ပြောတဲ့အခါကျတော့ စက်ရုံက တကယ်ရိုက်တဲ့သူတွေ မရှိပါဘူးပေါ့နော်။ အဲဒီလူတွေက စက်ရုံတွင်းထဲမှာ အလုပ်လုပ်နေကြတာပါ။ အပြင်ကို မသွားကြပါဘူး ဆိုပြီးတော့ သူတို့က လိမ်ထားတာပေါ့။ အဲဒီမှာ ရဲစခန်းမှာရှိတဲ့ ဒုရဲအုပ်တယောက်က ဒီကိုလိုက်လာပြီးတော့ သေသေချာချာ ရိုက်သွားတယ်ဆိုတဲ့လူတွေရဲ့ ဓာတ်ပုံ ကျနော်တို့ဆီမှာ ရှိပါတယ်လို့၊ အဲဒီဓာတ်ပုံနဲ့ အတူတကွ လာမှရမှာပါလို့ ကျနော်တို့က အဲဒီလိုပြောတော့ ကျနော်တို့က လိုအပ်တဲ့စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို ယူသွားပြီးတော့ မနက်ဖြန်ကျရင် သူတို့တခါ ပြန်ဆင်းလာမယ်ပေါ့နော်။ ဒီဓာတ်ပုံထဲက လူအတိုင်းကို စက်ရုံထဲမှာဝင်ရှာမယ်ပေါ့။ ၀င်ရှာပြီး ရှိတဲ့သူကို တခါတည်း ဖမ်းပါမယ်ဆိုပြီး ကျနော်တို့ကို အဲဒီလို ပြောသွားပါတယ်။"

စနေနေ့က အခင်းဖြစ်ပြီးတဲ့နောက် အလုပ်သမားတွေက အစ္စရေးလ်နိုင်ငံအခြေစိုက် မြန်မာသံရုံးကို အကူအညီတောင်းဖို့ ဆက်သွယ်ခဲ့ကြပေမဲ့ မရခဲ့ဘဲ တနင်္ဂနွေနေ့ညနေပိုင်းမှာတော့ သံရုံးတာဝန်ရှိသူတဦးက ပြန်ဆက်သွယ်လာတယ်လို့ သူက ပြောပါတယ်။ သူတို့ကို ဘယ်သူက အကူအညီပေးနေတယ်ဆိုတာနဲ့ ဘာဆက်လုပ်ချင်ကြတယ်ဆိုတာကို သံရုံးတာဝန်ရှိသူ က မေးမြန်းခဲ့တာကြောင့် အလုပ်သမားတွေရဲ့ လိုလားချက်တွေကို ပြောပြခဲ့တယ်လို့ ကိုကျော်ဇင်ဦးက ပြန်ပြောပြပါတယ်။

"ကျနော်တို့ တလပိုင်းမှာ ရစရာရှိတဲ့ ဘွန်းနက်စ် ပိုက်ဆံတွေပေါ့နော်၊ အဲဒီဘွန်းနက်စ် ပိုက်ဆံတွေကို လိုချင်ပါတယ်လို့။ နောက်ပြီးတော့ ကျနော်တို့ ၂ လပိုင်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျနော်တို့ အလုပ်ဆင်းခဲ့ပါတယ်ခင်ဗျာ။ အဲဒီအလုပ်ဆင်းခဲ့တဲ့နေ့တွေက ရရမယ့်ကြေးတွေရယ်၊ အိုဗာတိုင်ကြေးတွေရယ်၊ ဘွန်းနက်စ်ကြေးတွေရယ်ကို ကျနော်တို့ လိုချင်ပါတယ်လို့ သူတို့ဆီကို ပြောခဲ့ပါ တယ်။ နောက်ပြီးတော့ ကျနော်တို့ စက်ရုံမှာရှိတဲ့ တဦးချင်းစီမှာ စုကြေးငွေတွေ ရှိတယ်။ အဲဒီစုကြေးငွေတွေရယ်၊ နောက်ပြီးတော့ ကျနော်တို့ နှစ်အလိုက်ရရှိတဲ့ သူတို့ဆီကပေးတဲ့ငွေတွေရယ်၊ နောက်ပြီးတော့ ရစရာရှိတဲ့ နစ်နာကြေးတွေကို ကျနော်တို့ လိုချင်ပါတယ်လို့ ပြောပါတယ်ခင်ဗျ။ နောက်ပြီးတော့ ဒီစက်ရုံကနေပြီးတော့ ကုန်ကျစရိတ်ခံပြီး ပြန်ပို့မယ်ဆိုတဲ့ လေယာဉ်လက်မှတ်ကို ယူပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံကို ပြန်ချင်ပါတယ်လို့။ အဲဒါ ကူညီပေးပါလို့တော့ သူတို့ကို ကျနော် ပြောပြလိုက်ပါတယ်ခင်ဗျ။"

သူ့အနေနဲ့ သံအမတ်ကြီးဆီကိုတင်ပြပြီး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးမယ့်အကြောင်း သံရုံးတာဝန်ရှိသူက ပြန်ပြောခဲ့တယ်လို့ ကိုကျော်ဇင်ဦးကပြောပါတယ်။ အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဗွီအိုအေက တိုက်ရိုက်ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။

အရိုက်ခံရလို့ ဒဏ်ရာရခဲ့တဲ့ အလုပ်သမ လေးဦးထဲမှာ နှစ်ဦးရဲ့ဒဏ်ရာတွေက အတန်ငယ်ပြင်းထန်ပြီး သူတို့အားလုံး ဆေးကုသမှု ခံယူနေကြရပါတယ်။
ဂျော်ဒန်နိုင်ငံမှာအလုပ်လုပ်ဖို့ သူတို့ကို တာဝန်ယူပြီးပို့ခဲ့တဲ့ မြန်မာနိုင်ငံအခြေစိုက် အလုပ်အကိုင်အေဂျင်စီက တာဝန်ရှိသူတဦး ရောက်နေပေမဲ့လည်း ဘာမှ တာဝန်ယူ မဖြေရှင်းပေးနိုင်ဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမားတွေနဲ့ အချင်းများနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စက်ရုံရဲ့သဘောထားကိုသိနိုင်အောင် ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းဖြေဆိုမယ့်သူ မရှိပါဘူး။

ကိုကျော်ကျော်သိန်း (ဗွီအိုအေ)

ရွာမသံမဏိစက်ရုံ(၃)အနီး၌ ကားအိုဟောင်းပစ္စည်းဈေးကွက် ကြီးမားလာ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမရပ်ကွက်ရှိ သံမဏီစက်ရုံအမှတ်(၃)အနီးတွင် ကားအိုဟောင်းယာဉ် အပ်နှံမှုအတွက် အသုံးဝင်မည့်ကားပစ္စည်းများကို ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့် ပြုလုပ်ပြီး ဈေးကွက်တစ်ခုကဲ့သို့   ဖြစ်ပေါ်လျက်ရှိသည်ဟု ရောင်းဝယ်သူများထံက သိရှိရသည်။

 

 "စလစ်တွေဝယ်ပြီး ပြန်အပ်တဲ့ ကားတွေက ကူရှင်ကောင်းသေးတယ်ဆိုရင်ဝယ်တဲ့သူရှိရင် အဟောင်းနဲ့ လဲထည့်ပေးတယ်၊ အကောင်းကို ဖြုတ်လဲထားလိုက်တယ်၊ပြန်ရောင်းရင်တော့ ကြိုက်ရောင်းကြိုက်ဝယ်ပါပဲ ၊  ဈေးနှုန်းသတ်မှတ်ချက်မရှိပါဘူး၊ ရောင်းရပါတယ်၊ " ဟု ကားပစ္စည်းများ ရောင်းဝယ်ပြုလုပ်နေသည့် မမြင့်မြင့်စိန်က ပြောသည်။

 

အဆိုပါ ကားအိုဟောင်းပစ္စည်းများ ၀ယ်ရောင်းပြုလုပ်နေသူများသည် တစ်ရက်လျှင်ငွေကျပ် ၂သိန်း မှ ၃သိန်းဝန်းကျင် အထိ ရောင်းချနေကြပြီးအရောင်း အ၀ယ်ပါးသည့်နေ့တွင် တစ်ရက်လျှင် ငွေကျပ် တစ်သိန်းဝန်းကျင်အထိရောင်း ရကြောင်း ၄င်းက ဆက်ပြောသည်။

 

ထိုကဲ့သို့ အရောင်းအ၀ယ်ဖြစ်နေရခြင်းမှာ ဘုရင့်နောင်ကားပစ္စည်းအရောင်းဈေးကွက်မှ ကားပစ္စည်းများထက် ထက်ဝက်ကျော်ဈေးနှုန်းသက်သာခြင်းကြောင့်ဖြစ်သည်ဟု ကားကူရှင်လာဝယ်သူ တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။

 

"ဘုရင့်နောင်ဈေးမှာ သွားဝယ်တာထက် ထက်ဝက်လောက် သက်သာတယ်၊ ဒါကြောင့်မို့ကျွန်တော်က အခု ကားထိုင်ခုံ လာဝယ်တာပါ " ဟု တက္ကစီယာဉ်မောင်း ကိုသက်က ပြောသည်။

 

ဘုရင့်နောင်ဈေးတွင် ပီနံကျကားထိုင်ခုံ နှစ်ခုလျှင် ငွေကျပ် ငါးသောင်းမှခြောက်သောင်းဝန်းကျင် ဈေးနှုန်းရှိပြီး ကားအိုဟောင်းယာဉ်အပ်နှံမှု အနီးရှိကားပစ္စည်းအရောင်းအ၀ယ် ဈေးကွက်တွင် ကားထိုင်ခုံနှစ်ခုကို ငွေကျပ် တစ်သောင်းခြောက်ထောင် ၊ နှစ်သောင်းခွဲဖြင့် ၀ယ်ယူနိုင်ကြောင်းကားပစ္စည်းအရောင်းဈေးကွက်မှ သိရှိရသည်။

 

" ကိုယ်အပ်ရမယ့် ကားမှာ ပစ္စည်းတွေက ကောင်းနေသေးတယ်ဆိုရင် ထိုင်ခုံတို့ဘာတို့  အစရှိသဖြင့်ပေါ့ ဖြုတ်ပြီးတော့ အဟောင်းနဲ့ လဲတပ်လိုက်တယ်ကိုယ့်အတွက်သုံးဖို့စွဲဖို့လေးရတာပေါ့၊လိုအပ်တဲ့သူလည်း ၀ယ်တဲ့အခါ ဈေးသက်သက် သာသာနဲ့ ပစ္စည်းကောင်းရတာပေါ့"ဟု ကားလာရောက် အပ်နှံသူတစ်ဦးမှပြောသည်။

 

ကားအိုဟောင်းယာဉ်များကို ပြန်လည်အပ်နှံရာတွင် ကားအင်္ဂါအပြည့်အစုံပါရမည်ဖြစ်ပြီး၊ ကားပိုင်ရှင်က က.ည.နမှ ထုတ်ပေးသည့် ပုံစံ(ဃ)မိတ္တူ နှင့် ပုံစံ(စ) မူရင်းကိုစက်ရုံသို့ ပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

 

သံမဏိစက်ရုံမှ ပုံစံ(ဃ)နှင့်(စ)ပေါ်တွင် တံဆိပ်ရိုက်ပေးကာ ၄င်းမိတ္တူ (၂)စောင်နှင့် ပုံစံ(ဃ)မူရင်းကို က.ည.နသို့ ပြန်လည်အပ်နှံမှသာကားအသစ်ပြန်လည်ထုတ်ယူခွင့်(စလစ်) ရရှိမည်ဖြစ်သည်။

 

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် (န) နှင့် (ပ) အက္ခရာများကိုစတင်အပ်နှံခဲ့ပြီး၂၀၁၃ ဖေဖေါ်ဝါရီလ ၂၈ရက် နေ့မှ စ၍ (လ)အက္ခရာများပြန်လည်အပ်နှံနိုင်ပြီဖြစ်သည်။

 

နေ့ခင်းဘက် လျှပ်စစ်မီးပေးဝေချိန် လျှော့ချမည်

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့က မတ်လမှစတင်၍အများပြည်သူသို့ လျှပ်စစ်ပေးဝေချိန်   လျှော့၍ ပေးဝေတော့မည်ဖြစ်ကြောင်းလျှပ်စစ်ဓာတ်အားဝန်ကြီးဌာနမှ သိရသည်။

 

ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီ  ရောက်လာပြီ ဖြစ်သည့် အတွက်ရေအားလျှပ်စစ်ပေးဝေရေး လုပ်ငန်းများတွင် လျှပ်စစ်ထုတ်လုပ်မှုမရှိတော့သည့်အတွက် လျှပ်စစ်ထုတ်လုပ်မှု မဂ္ဂါဝပ် လျော့ကျသည့် အတွက်အများပြည်သူကို မီးပေးချိန် လျှော့ချထားရခြင်း ဖြစ်ကြောင်းအမည်မဖော်လိုသူ လျှပ်စစ်ဓာတ်အား ဝန်ကြီးဌာန၏ အရာထမ်းတစ်ဦးက ပြောသည်။

 

 " မတ် ၁ ရက်ကစပြီး ကလေးတွေ ညဘက် စာဖတ်ချိန် မီးအပြည့်အ၀ ပေးနိုင်အောင်ကြိုးစားနေတယ် ဆယ်တန်း စာမေးပွဲတွေကလည်း ဖြေဖို့နီးလာပြီ  အဲဒီအတွက်နေ့ခင်းဘက်တွေမှာ အချိန်ပိုင်းလေးတော့ မီးပျက်နိုင်တယ်"  ဟုလျှပ်စစ်ဓာတ်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

စက်မှုဇုန်များကို လျှပ်စစ် ဓါတ်အားလိုအပ်ချက်အတွက် မနက် ၇ နာရီမှ နေ့လည်၁၂နာရီ၊ ၁၂နာရီမှ ညနေ ၅ နာရီ နှစ်ပိုင်းခွဲ၍ အလှည့်ကျ မီးပေးစနစ်ဖြင့်ပေးထားကြောင်း သိရသည်။  ညနေ ၅နာရီမှ မနက် ၇နာရီအထိ ကိုမူမီးဖြတ်ထားကြောင်းကိုလည်း သိရသည်။

 

"မီးက နေ့ခင်းဘက် နှစ်နာရီလောက် ဆိုရင် နေ့တိုင်းလိုလိုကို ပြတ်နေတာအကြာကြီးတော့ မဟုတ်ဘူး နာရီဝက် တစ်နာရီလောက်တော့ ကြာတယ်"ဟုစမ်းချောင်းမြိနယ်တွင် နေသူတစ်ဦးက ပြောသည်။

 

 မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု ပမာဏ ၇၀ ရာခိုင်နှုန်းသည်ရေအားလျှပ်စစ်မှ ရရှိပြီး၊ ၂၀ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့မှလည်းကောင်း၊ ၉ရာခိုင်နှုန်းမှာ ကျောက်မီးသွေးမှလည်းကောင်း ရရှိကြောင်းအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

 မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏမဂ္ဂါဝပ်မှာ ၂၁၂၈ မဂ္ဂါဝပ် ဖြစ်သော်လည်း လက်ရှိတွင် တစ်နိုင်ငံလုံးအတွက်ထုတ်လွှတ်ပေးနေသော လျှပ်စစ်မဂ္ဂါဝပ်မှာ အနည်းဆုံး ၇၈၅ မဂ္ဂါဝပ်၊ အများဆုံး၁၅၇၂ ဒသမ ၈ မဂ္ဂါဝပ်၊ ပျှမ်းမျှ ၁၁၇၈ ဒသမ ၁ မဂ္ဂါဝပ်သာရှိကြောင်းလျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။ 

မတ်လ ၁ ရက် မှ ၇ ရက်အထိ (၇) ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

မတ် လ ၁ ရက်နေ့ မှ ၄ ရက် အတွင်း စိတ်လှုပ်ရှားမှု စိတ်ရှုပ်ရမှု စိတ်တိုင်းမကျ မှု များကြုံမည်။ သို့သော် စိတ်အေးအေးထားပါ  ။   အောင်မြင်မှုများရမည်။ ခရီးယာယီများမည်။ မိသားစု အရေးစိတ်ရှုပ်ရမည်။ လူလိမ် ငွေလိမ်ခံရမည်။ ကတိမတည်မှု တွေကြုံမည်။ ဤရက်ပိုင်းအတွက် သူများ ပြောစကား တွေမယုံရတတ်ပါ။ အချစ်ရေးမှာ အဆင်ပြေသလို မပြေသလိုတွေ ဖြစ်နေမည်။မတ်လ ၅ ရက် မှ ၈ ရက် အတွင်း မှာ အဆင်ပြေမည်။ အောင်မြင်မည်။ ငွေဝင်မည်။ မိတ်ဆွေ သစ်တိုးမည်။ အချစ်ရေးအဆင်ပြေမည်။

 

အကျိုးပေးသောနံပါတ်            - ၁၊ ၄၊ ၉ ။

အထူးဟော               - လူယုံမထားရ။

ယတြာ           - အောင်သပြေ (၁၀) ညွန့် ဘုရားလှူပါ။

 

တနင်္လာ

လူချစ်လူခင်များမည်။ မိတ်ဆွေ သစ်တွေများမည်။ ခရီးယာယီ သစ်တွေရောက်မည်။ စပ်တူလုပ်ငန်း ကိုယ်ပိုင်လုပ်ငန်း တို့လုပ်ရမည် ။ရစရာငွေတို့ရမည်။ အချစ်ရေးအဆင်ပြေမည်။ ကျန်းမာရေးကောင်းမည်။ မရောက်ဘူးသော ခရီးတို့ရောက်မည်။ စက်မြေတို့ အရောင်းအ၀ယ်ဖြစ်မည်။ ကံဇာတာကောင်းမည်။

အကျိုးပေးဂဏန်း         - ၂၊ ၄၊ ၈။

အထူးဟော               -ကံကောင်းမည်။

ယတြာ           - ငါးအရှင် အကောင် (၂၀) ကို တောင်အရပ်တွင် လွှတ်ပါ။

 

အင်္ဂါ

ဆုံးဖြတ်ချက် ကိုလွယ်လွယ် မချနှင့်။ ငွေကြေးကိစ္စ ရှုပ်ရတတ်သည်။ လူယုံမထားရ။ လုပ်ငန်း တွေ ဆက်တိုက် လုပ်လာရမည်။ ခရီးယာယီ တွေများလာမည်။ စကားပြောဆင်ခြင်ပါ။ ခြေ ၊ လက် ခိုက်မိမည်။ အပေါင်းအသင်းမှားမည်။ အချစ်ရေး စိတ်ရှုပ်ရမည်။ အချစ်သစ်ထပ်တွေ့မည်။ ကျန်းမာရေးကောင်းမည်။ မိတ်ဆွေ အကူအညီရမည်။ မိဘဆွေမျိုး အတွက် ကောင်းကျိုး လုပ်ဖြစ်မည်။

 

အကျိုးပေးဂဏန်း         - ၃၊ ၅၊ ၀။

အထူးဟော               - အောင်မြင်မည်။

ယတြာ           - အင်္ဂါနေ့နံနက်တွင် အောင်သပြေ ၁၉ ညွန့် အိမ်ဘုရားကပ်ပါ။

 

ဗုဒ္ဒဟူး

စိတ်ချမ်းသာ မှု ရမည်။ တိုးတက်အောင်မြင်မှုရမည်။ စာမေးပွဲအောင်မြင်မည်။ အလုပ်အကိုင် အဆင်ပြေမည်။ အချစ်ရေး၊ အိမ်ထောင်ရေး   ကောင်းမည်။ ငွေ ဝင်၊ ထွက် ကြမ်းမည်။ လူယုံမထားသင့်ပါ။ အဝေးမိတ်ဆွေ ကူညီမှုရမည်။ အလုပ်အကိုင် အဆင်ပြေမည်။ တိုးတက်ပြောင်းလဲ မှုဖြစ်မည်။ စက်၊ ယာဉ် တို့ ဝင်၊ ထွက် မည်။ ဆောင်ရွက်မှုများအောင်မြင်မည်။

 

အကျိုးပေးဂဏန်း         - ၄၊ ၉၊ ၆။

အထူးဟော               - အောင်ြမင်မည်။

ယတြာ           - ဗုဒ္ဒဟူးနေ့ မနက်တွင် ဘုရားကို  ရေအေး သက်စေ့ရေသပ္ပာယ်ပါ။

 

ကြာသပတေး

 

စိတ်လေနေသည်။ စိတ်မြန်မည်။ ရည်ရွယ်ချက်များနေမည်။ March ၁ရက်မှ ၄ရက်အတွင်း အဆင်မပြေ သလိုဖြစ်သော်လည်း ၅ရက်နေ့မှ ၇ရက်အတွင်း အောင်မြင်မှု များဖြစ်လာမည်။ ခရီးဝေး ယာယီမြင်ပါသည်။ စက်၊ မြေတို့ ဝင်၊ ထွက်မည်။ အိမ်၊ နေရာ၊ အလုပ်ပြောင်းရွှေ့မှု၊ တိုးတက်မှု တွေဖြစ်လာမည်။ အချစ်ရေး အဆင်မပြေရာမှ ပြန်ပြေမည်။ အလုပ်ကိုယ်ပိုင်၊ ရှယ်ယာအဆင်ပြေမည်။

 

အကျိုးပေးဂဏန်း         - ၃၊ ၅၊ ၁။

အထူးဟော               - အောင်မြင်မှုရမည်။

ယတြာ           - ကြာသပတေးနေ့နံနက်တွင် ပေါက်ပေါက်ပွင့် တစ်ပြည် ဝယ်ပြီး ဘုရားကို ကပ်လှူပါ။

 

သောကြာ

 

စိတ်မြန်ခြင်း၊ ဆုံးဖြတ်ချက်များခြင်း၊ စိတ်လေခြင်းတွေဖြစ်နေမည်။ March ၁ရက်မှ ၄ရက်နေ့ အတွင်း စိတ်တိုင်းမကျသော်လည်း March ၅ရက် မှ ၇ရက်နေ့ ကြား အဆင်ပြေအောင်မြင်မည်။ အတိုက်အခံ တွေ ကြုံမည်။ ငွေဝင်မည်။ ငွေထွက်ကြမ်းမည်။ ခရီးများမည်။ ချစ်သူများလာမည်။ လူယုံမထားရ။ လူလိမ်၊ ငွေလိမ်ခံရမည်။ ခြေ၊ လက်တို့ အနာရမည်။ အလုပ်ပြောင်းလုပ်ရမည်။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ ပြန်ခေါ်မည်။

 

အကျိုးပေးဂဏန်း         - ၃၊ ၆၊ ၉။

အထူးဟော               - အတိုက်အခံတွေကျော်လွှား နိုင်မည်။

ယတြာ           - သောကြာနေ့နံနက်တွင် သစ်သီး ၉မျိုး ဘုရားလှူပါ။

 

စနေ

 

ရည်ရွယ်ချက်များ နေမည်။ ကွက်ကျော်မြင်သည်။ အကဲခတ် ကောင်းသည်။ မိတ်ဆွေသူငယ်ချင်း တွေကို ဘယ်သူကောင်းတယ်၊ မကောင်းတယ် ခွဲခြားသိရမည့်ကာလဖြစ်သည်။ အချစ်ရေးမှာလည်း မိဘ အကြိုက်၊ မိဘသဘောတူရာကို ယူရန်ဆုံးဖြတ်ချက်ချ ဖြစ်မည်။ အလုပ်အကိုင်တွေ အောင်မြင်မည်။ ပစ္စည်းပျောက်ခြင်း၊ ငွေလိမ်ခံရခြင်းတို့ဖြစ်မည်။ ခရီးယာယီတွေ ရောက်မည်။ ငွေအစုလိုက် ရမည်။ ရင်းနှီးမြှုပ်နှံ မှုတို့ အောင်မြင်မည်။ ထိခိုက်ရှနာမှု၊ ဆေးခန်းရောက်ရမှု အနည်းငယ် ကြုံမည်။ စက်ပစ္စည်း ဝင်၊ ထွက်မည်။ ရှယ်ယာ အလုပ်အကျိုးပေးမည်။

အကျိုးပေးဂဏန်း         - ၃၊ ၆၊ ၉။

အထူးဟော               - ထစ်ငေါ့ပြီးမှ အောင်မြင်မည်။

ယတြာ           - ဘုရားကို စနေနေ့တွင် ထီးနီ ၉လက်ကပ်လှူပါ။