Wednesday, September 4, 2013

ထိုင်း၌ကျင်းပသည့် မဟာမဲခေါင်ဒေသဉာဏ်ရည်မသန်စွမ်းသူများနှီးနှောဆွေးနွေးပွဲသို့ မြန်မာကြယ်ပွင့်များတက်ရောက်

ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၄ရက်မှ ၆ရက်နေ့အထိ ကျင်းပမည့် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများမှ ဉာဏ်ရည် မသန် စွမ်းသူများ ကိုယ့်အားကိုယ်ကိုးအဖွဲ့ နှီးနှောဖလှယ်ဆွေးနွေးပွဲ နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အင်ချွန် နည်း ဗျူဟာအား ဉာဏ်ရည်မသန်စွမ်းသူများ နားလည်လွယ်စေရန်အတွက် နှီးနှောဖလှယ် ဆွေးနွေးပွဲ တက်ရောက်နိုင်ရေး လူမှု ဝန်ထမ်းဦးစီးဌာန မသန်စွမ်းသက်ငယ်သင်တန်းကျောင်း အခြေပြုအနာဂတ် ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ်အားကိုယ်ကိုးအဖွဲ့မှ ဉာဏ်ရည်မသန်စွမ်းသူလူငယ် ၁၀ဦး တက်ရောက်ခဲ့သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲကို  အာရှ- ပစိဖိတ်မသန်စွမ်းသူများဗဟိုဌာန ( Asia Pacific Center of Disabilities- APCD )၊ ယူအင်န်အက်စ်ကက် ( UN-ESCAP )၊ ဂျပန် အာဆီယံပေါင်းစည်းရေး ရန်ပုံငွေအဖွဲ့ (  Japan Asean Integration Fund- JAIF ) နှင့် ထိုင်းနိုင်ငံ ဉာဏ်ရည် မသန်စွမ်းသူများအဖွဲ့(  Association for Persons with Intellectual Disabilities of Thailand ) တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

" ကျွန်တော်တို့ ကို တွေ့ရင်ပတ်ဝန်းကျင်က ရယ်စရာ လှောင်ပြောင်စရာလို့ ယူဆပြီး နောက်ပြောင်ကြ အထင်သေးကြပါတယ်။ ကျွန်တော်တို့ မိသားစုတွေလည်း မျက်နှာငယ်ကြပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံခြားမှာ ဆွေးနွေးပွဲတက်ရောက်ရမှာဆိုတော့ကျွန်တော်တို့ကို အသိအမှတ်ပြုပေးလို့ဝမ်းသာပါတယ် " ဟု အနာဂတ် ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ့်အားကိုယ်ကိုး အဖွဲ့ဒုတိယ ခေါင်းဆောင် မောင်ကောင်းထက်နိုင်က ပြောကြားပါသည်။


အဆိုပါ ဆွေးနွေးပွဲများသို့ ဉာဏ်ရည်မသန်စွမ်း လူငယ် ၁၀-ဦး၊ ကူညီစောင့်ရှောက်သူ သုံးဦး၊ စကားပြန်/ ဘာသာပြန် နှစ်ဦး နှင့်
လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး ဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီ နှင့် ဌာနစိတ်မှူး ဒေါ်အေးအေးဝင်းတို့ပါဝင် တက်ရောက်ရန်အတွက် စက်တင်ဘာ၃ရက် နံနက်ပိုင်းက ဘန်ကောက်သို့ ထိုင်း အဲဝေးလေယာဉ်ဖြင့် ထွက်ခွာသည်။

" ကျွန်မတို့ အကတိုက်ထားပါတယ်။ ဟိုမှာ နိုင်ငံအလိုက် ကပြရမှာဆိုတော့၊ ကျွန်မတို့လည်း ကောင်းကောင်း ကတတ်အောင် လေ့ကျင့် ထားပါတယ်။ " ဟု ဆွေးနွေးပွဲတက်ရောက်မည့် မထက်ထက်ဝေက ပြောသည်။

မောင်ဇော်နိုင်လင်းဦးကလည်း စကားလုံးများကို ကြိုးစားအသံထွက်ရင်း " ကျွန်တော်တို့ကို သူများတွေက အထင်သေးတယ်။ လူကြီးတွေက ဆူတယ်။ ကျွန်တော် မကြိုက်ဘူး။ ငွေရတဲ့အလုပ် လုပ်ချင်တယ်။ ဟိုရောက်ရင် ဒါတွေပြောမယ်  " ဟု
၎င်းက ပြောသည်။


မသန်စွမ်းသူများဟုဆိုရာ၌ ကိုယ်ခန္ဓာ မသန်စွမ်း၊ အကြားအာရုံ မသန်စွမ်း/ စကားပြောချို့တဲ့၊  အမြင်အာရုံ မသန်စွမ်း၊ အော်တစ်ဇင်နှင့် ဉာဏ်ရည်မသန်စွမ်းစသည်ဖြင့် မသန်စွမ်းအမျိုးမျိုးရှိကြောင်း၊ မသန်စွမ်းတွေအမျိုးမျိုးအနက်၊ ကိုယ်ခန္ဓာ မသန်စွမ်း၊ ဆွံ့အ နားမကြား၊ မျက်မမြင်စသည့် မသန်စွမ်းများအတွက် အပြည့်အ၀ လွှမ်းခြုံမှုမပေးနိုင်သေးသော်လည်း ယခင် ကတည်းက ကူညီဆောင်ရွက်ပေးခဲ့သည့်အဖွဲ့အစည်းများရှိကြောင်း၊ သင်္ကေတ အချက်ပြ ဆက်သွယ်ရေး ဘာသာစကား (Sign Language )၊ မျက်မမြင်စာနှင့် အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးခြင်း၊ ကူညီထောက်ပံ့ခြင်းတို့ဖြင့် ၄င်းတို့ဘ၀အဆများစွာ တိုးတက်စေသည်ဟု အနာဂတ်ကြယ်ပွင့်လေးများ ဉာဏ်ရည် မသန်စွမ်းသူများကိုယ်ထူကိုယ်ထအဖွဲ့ ဆက်သွယ်ရေး တာဝန်ခံ ဒေါ်ခင်မျိုးစုက ဆိုသည်။

"ဉာဏ်ရည် မသန်စွမ်းတွေ ကတော့ အဖွဲ့အစည်းမရှိသေးပါဘူး။ သူတို့ကိုယ်တိုင်ကလည်း ဉာဏ်ရည် မသန်စွမ်းသည့်အတွက် သူတို့ကိုယ်တိုင် မလုပ်နိုင်ကြပါဘူး၊ မိသားစုတွေ၊ လုပ်အားပေးတွေ အကူအညီလိုပါသေးတယ်။  ဉာဏ်ရည်မသန်စွမ်းတွေ အတွက် လူမှုဝန်ထမ်းဦးစီးဌာနက မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ် ပြုစုပေးနေတာပါ။ ဒီကျောင်းရဲ့ ပြုစုစောင့် ရှောက်မှုကြောင့် ဒီကလေးတွေ လုံခြုံစိတ်ချစွာ၊ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေနိုင်ကြတာပါ။ အခု ပြင်ပအဖွဲ့အစည်းတွေနဲ့ ဆက် သွယ် လုပ်ဆောင်ခွင့်ရတာ အလွန် ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ် " ဟု တာဝန်ခံ ဒေါ်ခင်မျိုးစုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် သဘာဝဘေးဒဏ်လျော့ပါးရေး၊ ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ၊ ရှေးဦးကလေးငယ်များ ဖွံ့ဖြိုးရေး၊ မိဘမဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေး၊ လူငယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ် စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးသုံးစွဲမှု ပပျောက်ရေး နှင့်
ပြန်လည်ထူးထောင်ရေး နှင့် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးနှင့် ပြုစုပျိုးထောင်ရေးစသည့် လူမှုစောင့်ရှောက်ရေး နှင့်
ဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

" နိုင်ငံတော်အစိုးရအနေနဲ့ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံ အနေနဲ့ ပါဝင်လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မသန်စွမ်းသူများရဲ့ အခွင့်အရေးများ ဥပဒေတစ်ရပ်ကို မူကြမ်းရေးဆွဲလျက် အတည်ပြု ပြဌာန်းနိုင်စေရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ လူမှုစောင့်ရှောက်ရေးလုပ်ငန်းများကိုလည်း အသုံးစရိတ်များ ပိုမို အသုံးပြုပြီး တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။ " ဟု လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ် သင်တန်းကျောင်းမှ
ကျောင်းအုပ်ဆရာမကြီး  ဒေါ်ရီမာတင်က ပြောကြားပါသည်။

အနာဂတ်ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ်ထူကိုယ်ထအဖွဲ့ကို ဉာဏ်ရည်မသန်စွမ်းသူများ ဘဝကို ရင်ဆိုင် နိုင်စွမ်းရှိရေး၊ အမှီအခိုကင်းကင်းရပ်တည်နိုင်ရေးနှင့် မိမိဘာသာဝင်ငွေရှာနိုင်ရေး ရည်မှန်းချက်ရူပါရုံများထားလျက် ဉာဏ်ရည် မသန်စွမ်းသူများအတွက် အတားအဆီးအခက်အခဲများ ဖယ်ရှားပေးလျက် ရည်မှန်းချက်များ ဖြစ်နိုင်စွမ်းသည့် အခြေအနေ ကောင်းများ ဝိုင်းဝန်းဖန်တီးပေးရန် ရည်ရွယ်၍ ဉာဏ်ရည်မသန်စွမ်းလူငယ်များ၊ မိသားစုများနှင့် စေတနာ့ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။