Wednesday, September 4, 2013

၅၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ လက်မှတ်ရေးထိုး

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် ၅၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ လုပ်ငန်းရှင်များ MOU လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို စက်တင်ဘာ ၃ ရက်တွင် ရန်ကုန်မြို့၊ Sedona ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ကိုရီးယားနိုင်ငံ၊ Korea Western Power ကုမ္ပဏီ၊ ကိုရီးယား လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရေးအသင်းနှင့် မြန်မာနိုင်ငံမှ Hexa International ကုမ္ပဏီတို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

"ဒီစီမံကိန်းက မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးဆုံးဖြစ်တဲ့ ၅၀၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နဲ့ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကြီး ဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာ ပထမဆုံး ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းလည်း ဖြစ်ပါတယ်" ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြောကြားခဲ့သည်။

စီမံကိန်းတွင် ပြည်တွင်းပါတနာအဖြစ် ၀င်ရောက်လုပ်ကိုင်မည့် Hexa Group of Companies အနေဖြင့် စီမံကိန်း၏ တည်ဆောက်ရေး လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း Hexa Group of Companies မှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစုံဟန်က ပြောပြခဲ့သည်။

အဆိုပါ စီမံကိန်း ပြီးစီးပါက သီလ၀ါ အထူးစီးပွားရေးဇုန်တွင် သုံးစွဲရန်အတွက် လျှပ်စစ်မီး အဓိက ပေးသွားမည်ဖြစ်ပြီး ယခု ၂၀၁၃ ခုနှစ်အတွင်း၌ လိုအပ်သည့် နှစ်နိုင်ငံ သဘောတူညီမှု စာချုပ်များ ချုပ်ဆိုပြီးစီးပါက တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်ကို ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ Korea Western Power ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအပြင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့တွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တည်ဆောက်လုပ်ကိုင်လျက် ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။