Monday, August 12, 2013

ရွှေတိဂုံတွင် နိုင်ငံခြားသားများအတွက် ဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံမည်

လာမည့် အောက်တိုဘာ ၁ ရက်မှ စတင်ပြီး ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားသားများအတွက် ဇုန်ဝင်ကြေး တိုးမြှင့်
ကောက်ခံမည်ဖြစ်သည်ဟု ရွေတိဂုံဘုရားမှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က သြဂုတ် ၈ ရက်တွင် ရွှေတိဂုံဘုရားတွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။

ဇုန်ဝင်ကြေး တိုးမြှင့်ရာတွင် နိုင်ငံခြားဧည့်သည် တစ်ဦးလျှင် ယခင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာ ကောက်ခံရာမှ ရှစ်ဒေါ်လာ (ကျပ်ရှစ်ထောင်ဝန်းကျင်)သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ၀န်ဆောင်မှုများ တိုးမြှင့်ပေးသွားမည်လည်း
ဖြစ်သည်ဟု ဆိုသည်။ ဇုန်ဝင်ကြေး ငါးဒေါ်လာ ကောက်ခံခဲ့ခြင်းမှာ ၁၉၉၅ ခုနှစ်က ဖြစ်သည်။

ဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ ဦးဝင်းကြိုင်က "၀န်ဆောင်မှု ကောင်းကောင်း ပေးချင်လို့ တိုးမြှင့်
ကောက်ခံလိုက်တာပါ။ အခုတိုးချဲ့ဆောက်လုပ်နေတဲ့ ဓါတ်လှေကားကို ဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံတဲ့ ရက် မတိုင်မီ ပြီးစီးအောင် ဆောက်လုပ်သွားမှာပါ" ဟု ပြောသည်။

ယင်းအပြင် ရွေတိဂုံဘုရားသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များအား အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထားသော ရွှေတိဂုံဘုရားလမ်းညွှန် လက်ကမ်းစာစောင်ကိုလည်း အောက်တိုဘာ ၁ ရက် မှစတင်ကာ အခမဲ့ပေးဝေသွားမည်ဖြစ်သည်ဟုလည်း ဦးဝင်းကြိုင်က ပြောသည်။

အဆိုပါ ရွှေတိဂုံလမ်းညွှန် လက်ကမ်းစာစောင်အား ၂၀၀၀ ခုနှစ်ခန့်က ရိုက်နှိပ်ထားသည့် ပုံစံအဟောင်း နေရာတွင် အသစ် အစားထိုး ရိုက်နှိပ်သွားမည် ဖြစ်သည်။ ယင်းအပြင် တရုတ်ဘာသာ၊ ထိုင်းဘာသာများဖြင့် လက်ကမ်း စာစောင်များ ရိုက်နှိပ်ရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။

ရွှေတိဂုံတွင် နိုင်ငံခြားသား ဧည့်သည်များအတွက် တိုးမြှင့်ပေးသွားမည့် ၀န်ဆောင်မှုများမှာ ရင်ပြင်တော်ရှိ စေတီ ပုထိုး၊ ရုပ်ပွားဆင်းတု၊ ရုပ်ထုများနှင့် ထင်ရှားသော နေရာများတွင် အင်္ဂလိပ်ဘာသာဖြင့် ဆိုင်းဘုတ်များ ရေးသား ချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်များ အခမဲ့ ဝေပေးခြင်း၊ နိုင်ငံခြား ငွေလဲလှယ်နိုင်သော ငွေလဲကောင်တာများ ဖွင့်လှစ်ပေးခြင်းနှင့် ဘုရားတောင်ဘက်မုဒ်တွင် ဓါတ်လှေကားနှစ်စင်း တိုးချဲ့တည်ဆောက်ခြင်းတို့ ဖြစ်သည်။

ဘုရားရင်ပြင်တော်ပေါ်၌ နိုင်ငံခြား ငွေလဲကောင်တာ ငါးခု ဖွင့်လှစ်ပေးသည်။

ရွှေတိဂုံဘုရားသို့ ၀င်ရောက်သော နိုင်ငံခြားသား ခရီးသွားဧည့်သည် အရေအတွက်မှာ ဇူလိုင်လတွင် ၂၄၄၆၂ ဦးရှိပြီး တစ်ရက်လျှင် ပျမ်းမျှ လာရောက်သူဦးရေ ၇၈၉ ဦးရှိသည်။ သြဂုတ်လ ၁ ရက်မှ ၇ ရက် အထိ ၅၇၁၄ ဦး ၀င်ရောက်ပြီး သြဂုတ်လအတွက် တစ်ရက်လျှင် ပျမ်းမျှ ၀င်ရောက်သူဦးရေမှာ ၈၁၆ ယောက်ရှိသည်။

လာရောက်ရာတွင် ထိုင်းနိုင်ငံမှ လာရောက်သူ အများဆုံးဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ဒုတိယအများဆုံး ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။