Monday, August 12, 2013

စစ်တွေမြို့မှာ ညမထွက်ရ အမိန့်သက်တမ်း ၂ လ ထပ်တိုး

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပုဒ်မ-၁၄၄ ညမထွက်ရ အမိန့်ကို မနေ့ကစတင်ပြီး နောက်ထပ် သက်တမ်း ၂ လ တိုးမြှင့်လိုက်တယ်လို့ ရခိုင် ပြည်နယ် အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတည်းက စစ်တွေမြို့မှာ ထုတ်ပြန်ထားခဲ့တဲ့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို အခြေအနေအရ ထပ်မံ သက်တမ်းတိုး ထုတ်ပြန်တာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။

"ဒီဥပဒေက မရုပ်သိမ်းဘူးရှိနေဆဲဆိုတာကို ပြည်သူတွေသိအောင် သတိပေးရပါတယ်။ နှစ်လ တစ်ကြိမ် နှစ်လတစ်ကြိမ် ဒီဥပဒေက မရုပ်သိမ်းဘူး ရှိနေတယ်ဆိုတာကို ပြန်ပြီးတော့ ကြေညာပါတယ်"

ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာလည်း ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ်သက်တမ်း ၂ လ ထပ်တိုးကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးတွေက မြို့အနှံ့ လော်စပီကာတွေနဲ့ လိုက်လံကြေငြာပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြို့နယ်ပေါင်း ၁၀ ခုကျော်မှာ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။