Saturday, August 17, 2013

လှော်ကားဘူတာအနီး ရထားခေါင်းတွဲ လမ်းချော်

ရန်ကုန်၊ သြဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် မိုင်တိုင်အမှတ် ၁၇/၁၄-၁၅၊ လှော်ကားဘူတာအနီးတွင် သြဂုတ်လ ၁၅ ရက် ည ၁၀ နာရီခန့်က သာရဝေါ-ကြည့်မြင်တိုင် အစုန်ရထား၏ ခေါင်းတွဲသည် အရှိန်လွန်ကာ လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း တညင်းကုန်းဘူတာနှင့် ငဖြူလေး ဘူတာအကြား တာဝန်ကျ သံလမ်းအုပ်ကြီး ဦးသန်းရွှေက ပြောကြားသည်။

လမ်းချော်မှု ဖြစ်ပွားသောနေရာသည် ဘူတာအဝင် သံလမ်းခွဲနေရာဖြစ်ပြီး အမြန်နှုန်းကို တစ်နာရီ ၁၀ မိုင်သာ သတ်မှတ်ထားကြောင်း ရထား၏ စက်ခေါင်းတွဲ တစ်တွဲသာ လမ်းချော်ခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း ၎င်းက ရှင်းပြသည်။

လမ်းချော်ခဲ့သော စက်ခေါင်းကို နံနက် ၃ နာရီ မိနစ် ၃၀ တွင် ကရိန်းစက်များဖြင့် ရှင်းလင်း ဆောင်ရွက်ခဲ့ကာ နံနက် ၈ နာရီခန့်တွင် ပြီးစီးခဲ့ပြီး နံနက် ၉ နာရီ မိနစ် ၄၀ တွင် အဆိုပါ လမ်းပိုင်းကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးရထားရုံးမှ ဒုတိယကြီးကြပ်ရေးမှူးတစ်ဦးက ပြောကြားသည်။
"သက်ဆိုင်ရာ ဌာနတွေကနေ ဖြစ်ပွားခဲ့တဲ့ လမ်းပိုင်းအခြေအနေကို အရင်စစ်ဆေးရပါဦးမယ်" ဟု ၎င်းကဆိုသည်။

ဇူလိုင်လအတွင်းက လှော်ကားဘူတာနှင့် မှော်ဘီဘူတာ အကြားတွင် စက်ခေါင်းတွဲနှင့် ကပ်လျက် ရထားတွဲ တစ်တွဲ လမ်းချော်ခဲ့သော်လည်း ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ကြောင်း သံလမ်းအုပ်ကြီး ဦးသန်းရွှေက ဆိုသည်။

(အောင်မျိုးထက်)

The Voice Weekly


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။