Saturday, August 17, 2013

ဇနီးကို ဓာတ်ဆီနှင့် ပက်၍ မီးရှို့မှုဖြစ်ပွား

ဇနီးသည်ကို ဓာတ်ဆီနှင့်ပက်၍ မီးရှို့သည့် အမှုတစ်ခု မင်္ဂလာဒုံမြို့နယ်တွင် သြဂုတ် ၁၄ ရက်က ဖြစ်ပွားခဲ့သဖြင့် သံသယရှိသူအမျိုးသားကို မြို့နယ်ရဲစခန်းမှ ရဲများက ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်း သတင်းထုတ်ပြန်သည်။

ယခုအမှုကို ဓာတ်ဆီပက်မီးရှို့ခံရသည့် အမျိုးသမီး၏ မိခင်ဖြစ်သူကတရားလို ပြုလုပ်တိုင်တန်းခြင်းဖြစ်ပြီး ရဲစခန်း တွင် တိုင်တန်းစဉ် သူမကသက်သေအဖြစ် ထွက်ဆိုချက်များလည်း ပေးခဲ့သည်။

၎င်းအမျိုးသမီးကြီးက သူ့ကိုမြေးဖြစ်သူ (မီးရှို့ခံရသည့် အမျိုးသမီး၏သား) မိဘများ အချင်းများနေသဖြင့် လိုက်လံ ထိန်းသိမ်းပေးပါရန် လာပြောသဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထိုသို့ကြည့်ရှုချိန်တွင် သူ့သမီးကို အိမ်နီးနားချင်း များက ဆေးလိမ်းပေးနေသည်ကိုတွေ့သဖြင့် မေးမြန်းရာ ခင်ပွန်းသည်က ဓာတ်ဆီ ဖြင့်ပက်၍ မီးရှို့ခဲ့သည်ဟု
ပြောကြောင်း ရဲကို ထွက်ဆိုသည်။

ထို့ကြောင့် သမီးဖြစ်သူကို မြောက်ဥက္ကလာပဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရာ ဆေးရုံက အတွင်းလူနာအဖြစ် ကုသပေးနေရာ ဒဏ်ရာမှာ မစိုးရိမ်ရတော့ကြောင်းလည်း ရဲဌာနကို ဆက်ပြောခဲ့သည်။

ရဲမှတ်တမ်းအရ ခင်ပွန်းသည်၏ မီးရှို့မှုကြောင့် မီးလောင်ဒဏ်ရာ ရရှိသွားသည့် အမျိုးသမီးမှာ မ၀င်းဝင်းဆွေဆိုသူ
ဖြစ်ပြီး သူမသည် မျက်နှာဝဲဘက်၊ ရင်ဘတ်၊ လက်နှစ်ဖက်တို့တွင် ဒဏ်ရာများရခဲ့သည်ဟု ရဲမှတ်တမ်းတွင်
တွေ့ရသည်။

ယခုကိစ္စကို မီးလောင်ဒဏ်ရာရရှိသူ၏ မိခင်ဖြစ်သူက တရားလို ပြုလုပ် တိုင်တန်းသဖြင့် မင်္ဂလာဒုံ ရဲစခန်းက အမှုအမှတ် (ပ) ၅၀၉/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ဇနီးကိုမီးနှင့်ရှို့သည်ဟု စွပ်စွဲခံရသည့် အမျိုးသားကို ရဲများက ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်။

၎င်းအမျိုးသားသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၆ ဖြင့်တရားစွဲ ခံရနိုင်ချေရှိသည်ဟုလည်း ရဲဌာနက ထုတ်ပြန် သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။