Saturday, April 6, 2013

ကော့သောင်း ကရသူရိမြို့နယ်အတွင်း မြန်မာတပ်နှင့်တိုက်ပွဲဖြစ်ဟု ထိုင်းမှ သတင်းမှားထုတ်လွှင့်


ဧပြီ ၅ ရက်နေ့ နံနက် ၁၀း၃၀ ခန့်တွင် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကရဘူရီမြို့နယ်နှင့် နယ်နိမိတ်ဆက်စပ်နေ  သည့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ကရသူရိမြို့နယ်အတွင်း နယ်စပ်လုံခြုံရေး တာဝန်ထမ်း ဆောင်နေသည့် မြန်မာ့တပ်မတော်နှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းထုတ်လွင့်ချက်အရ သိရှိရသည်။
 
ကော့သောင်းခရိုင် ၊ ကရသူရိမြို့နယ် အခြေစိုက် ခလရ ၅၉၂ မှ ဗိုလ်ကြီးစိန်ဦး ဦးစီး အင်အား ၁၁ ဦးပါအဖွဲ့သည် မိမိတို့တာဝန်ကျရာ ကရသူရိမြို့နယ် နယ်စပ်တစ်လျောက် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်နေစဉ် ထိုင်း နိုင်ငံ၊ ရနောင်းခရိုင်၊ ကရဘူရီမြို့နယ်၊ ကျော်ပေါ်ရော်ကျေးရွာအုပ်စု၊ နိုင်ကရမ် ကျေးရွာ၊ အမှတ် (၉)ရပ်ကွက် တစ်ဖက်ကမ်း ဆက်စပ်နယ်နိမိတ်   မြန်မာနိုင်ငံပိုင်နက်တွင်  အသင့်စောင့်ဆိုင်းနေသော အမည်မသိ လက်နက်ကိုင် အဖွဲ့က တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ စစ်သည်(၁) ဦး ကျဆုံး၊ (၄)ဦး ဒဏ်ရာရပြီး (၃)ဦးပျောက်ဆုံးနေကြောင်း ထိုင်းမှ ထုတ်ပြန်သည့် ကနဦးသတင်းများအရ သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုဒေသ၌ တရားမ၀င်လာရောက်နေထိုင်ပြီး ရော်ဘာစိုက်ပျိုးနေသည့် ထိုင်းနိုင်ငံသား ၉၂ ဦး အား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မြန်မာ့တပ်မတော်က ဖမ်းဆီးခဲ့သည်။

ထိုအမည် မသိလက်နက်ကိုင်အဖွဲ့မှာ  ၂၀၁၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရသော ထိုင်းနိုင်ငံသား ၉၂ ဦး အဖွဲ့မှ အချို့ဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

"ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူးဗျ၊ မြန်မာစစ်သား လေးယောက်ကိုတော့ ချွန်ဖွန်မှာ ဆေးရုံတင်ထားတယ် လို့တော့ ကြားရတယ်။"ဟု အမည်မဖေါ်လိုသော ကော့သောင်းဒေသခံတစ်ဦးက ဧပြီ ၅ ရက်နေ့က ပြောပြသည်။
ဖြစ်စဉ်နှင့်ပါတ်သက်၍ ဆက်လက်စုံစမ်းခဲ့ရာ တိုက်ပွဲဖြစ်ပွားပြီး ချွန်ဖွန်ဆေးရုံတွင် (၄)ဦးတက်ရောက်ကုသမှု ခံယူနေသည်မှာ  မှန်သော်လည်း တပ်မတော်နှင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ မည်သည့်အဖွဲ့နှင့် ဖြစ်ပွားကြသည်ကို အတည် မပြုနိုင်ကြောင်း အဆိုပါဒေသခံက ဧပြီ ၆ ရက်နေ့တွင် ပြောကြားသည်။

 ဧပြီ ၆ ရက်နေ့တွင် ကော့သောင်းအခြေစိုက် စစ်ဗျူဟာမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးအောင်ဦးစီး အင်အား ၁၀၀ ခန့် ထိတွေ့မှုဖြစ်ပွားသည့် နေရာသို့ သွားရောက်ခဲ့ပြီး မိမိတပ်အားစစ်ဆေးရာတွင် ဗိုလ်ကြီးစိန်ဦး ဦးစီး အင်အား ၁၁ ဦးမှာ တာဝန်ကျနေရာများတွင် ရှိနေကြောင်းနှင့် ထိုင်းအာဏာပိုင်းထုတ်ပြန်သည့် သတင်းမှာ မှားယွင်းကြောင်း အဆိုပါဒေသခံက ပြောကြားသည်။

တပ်မတော်နှင့်အမှန်တကယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မည်သည့်အတွက် ယခုကဲ့သို့ ထိုင်းအာဏာပိုင်များက သတင်းမှား ထုတ်လွှင့်ရခြင်းဖြစ်သည်ကို ဒေသခံများက စိတ်ဝင်စားနေကြောင်းကိုလည်း  သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။