Saturday, April 6, 2013

အိမ်ရှင်အဖြစ် အာဆီယံအစည်းအဝေးများ လက်ခံကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်


လာမည့်၂၀၁၄ခုနှစ် နှစ်စမှစ၍ မြန်မာနိုင်ငံသည် အာဆီယံဥက္ကဌ တာဝန်စတင်ယူမည်ဖြစ်ခြင်းကြောင့် အိမ်ရှင်နိုင်ငံ အဖြစ်အာဆီယံအစည်းအဝေးများ ကျင်းပနိုင်ရန် မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည်။

 မြန်မာအရပ်ဖက်လူမှုအဖွဲ့အစည်း(Myanmar People Forum ) နှင့် အာဆီယံအရပ်ဖက် လူမှုအဖွဲ့အစည်း (Asean People Froum) တို့တွေ့ဆုံကာ မိမိနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခက်အခဲ ပြဿနာများကို   ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်သည်။

"အခုက ရန်ပုံငွေရရှိဖို့ ရှာနေပါတယ်။ ဒီအစည်းအဝေးက မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေ ပေါင်းပြီး အာဆီယံနဲ့ မြန်မာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံမှာပါ။ ဥက္ကဌ တာဝန်ယူမယ့် နိုင်ငံတိုင်း အိမ်ရှင် နိုင်ငံအဖြစ် အစည်းအဝေး ကျင်းပရတာဖြစ်ပါတယ်"ဟု မြန်မာအရပ်ဖက်လူမှုအဖွဲ့အစည်း လုပ်ငန်းဖြစ်မြောက် ရေး ညှိုနှိုင်းဆွေးနွေးသူ ဦးကျော်လင်းဦးက ပြောသည်။

မြန်မာနှင့်အာဆီယံအရပ်ဖက်လူမှုအဖွဲ့အစည်းဆိုင်ရာ အစည်းအဝေးကို ၂၀၁၄ခုနှစ် မတ်လတွင် ပြုလုပ်နိုင်ရန် စီစဉ်ထားပြီး အာဆီယံ (၁၀)နိုင်ငံမှ လူမှုအဖွဲ့အစည်းများနှင့် လေ့လာသူ စုစုပေါင်း (၁၅၀၀)ဦးရေခန့် တတ် ရောက်ရန် ခန့်မှန်း ထားသည်ဟု ၄င်းကဆိုသည်။

အဆိုပါအစည်းအဝေးကို ရန်ကုန်မြို့၌ (၃)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးနေ့တွင် ဆွေးနွေးမှုရလဒ်ကို ထုတ်ပြန်ချက်ပြုလုပ်ကာ အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ ပေးပို့ပြီး နိုင်ငံအသီးသီးရှိ ပြသာနာရပ်များကို ထိပ်သီးခေါင်းဆောင်များက ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ညှိုနှိုင်းဆွေးနွေးရေးမှုး ဦးကျော်လင်းဦးက ဆိုသည်။
"ဆွေးနွေးဖြစ်ရင် ပြည်သူကြားထဲက ပြဿာနာတွေ အခက်အခဲတွေ အဓိက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက် တာ  ပညာရေး ၊ ကျန်းမာရေး ၊ လိင်တူချစ်သူအကြောင်းတွေကို ၃ရက်ကြာ ဆွေးနွေးကြမယ် နောက်ဆုံးရက် ကျရင် statement တစ်စောင်ထုတ်မယ် အဲ့ဒီ ထုတ်ပြန်ချက်ကို အာဆီယံ ခေါင်းဆောင်ထိပ်သီး အစည်းအဝေး မှာ အရပ်ဖက်လူမှုအဖွဲ့  အစည်းတွေရဲ့ တင်ပြချက်က ဒီလိုပြဿနာတွေရှိတယ်ဆိုတာကို အစိုးရပိုင်းက ကိုင် တွယ်ရမယ့် အလှည့်ရောက်ပြီ" ဟု ဦးကျော်လင်းဦးက ပြောသည်။

မြန်မာအရပ်ဖက်လူမှုအဖွဲ့အစည်းတွင် အဖွဲ့ဝင်ထားသည့် လူမှုရေးအသင်းအဖွဲ့တစ်ခုမှလည်း အဆိုပါ အစည်းအဝေးတွင် ကမ္ဘောဒီးယား ၊ ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှားနိုင်ငံများ၌ ဖြစ်ပျက်နေသည့် သဘာဝပတ်ဝန်း ကျင်ပြသာနာများမှာ   မြန်မာနိုင်ငံတွင် ဖြစ်ပျက်သည့် အခြေအနေနှင့် တူညီနေခြင်းကြောင့် မည်သို့ ဖြေရှင်း မည်ကို ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ဖွံ့ဖြိုးရေးမဏ္ဍိုင်လူမှုရေးအသင်းက မနီလာက ဆိုသည်။

"သဘာဝပတ်ဝန်းကျင်ပြဿနာက တစ်နိုင်ငံတည်းနဲ့ ဆိုင်တဲ့ပြသာနာမဟုတ်ဘူးလေ တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ ပြသာနာရပ်ဖြစ်နေတယ်။ အဲ့ဒါကြောင့် Asean free Trade Agreement တစ်ခုလုပ်မယ်။ ဒါကို အားလုံးက ၀ိုင်းပြီး ပြင်ဆင်သင့်တယ်ဆိုတာ ဆွေးနွေးမယ်" ဟု ဖွံ့ဖြိုးရေးမဏ္ဍိုင်လူမှုရေးအသင်းမှ မနီလာက ပြောသည်။

မြန်မာနိုင်ငံသည် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူပါက အခြားသော အာဆီယံ ခေါင်းဆောင်များနှင့် နှီးနှော ဖလှယ်ခွင့်ရကာ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်လာပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ထားသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ပွင့်လာနိုင်ကြောင်း လူမှုရေးအသင်းအဖွဲ့အချို့က သုံးသပ်ပြောဆို သည်။

မြန်မာနိုင်ငံသည် ပထမဦးဆုံးအကြိမ်အာဆီယံဥက္ကဌတာဝန်ယူခြင်းဖြစ်ပြီး အာဆီယံဥက္ကဌနေရာအတွက် တစ်နှစ်လျှင် တစ်ကြိမ် အပြောင်းအလဲပြုလုပ်လျက်ရှိသည်။

၂၀၁၃ခုနှစ်တွင် ဘရူးနိုင်းနိုင်ငံက အာဆီယံဥက္ကဌနေရာကို တာဝန်ယူထားလျက်ရှိပြီး ဧပြီလ (၆)ရက်နေ့နှင့် (၇)ရက်နေ့များတွင် အစည်းအဝေးကျင်းပတော့မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။