Thursday, February 21, 2013

သာကေတမြို့နယ်တွင် ဘာသာရေးစာသင်ကျောင်းအား အကြောင်းပြုပြီး လူတစ်စုက ဆူပူခြင်းနှင့် ဈေးဆိုင်ငယ်များအား ဖျက်ဆီးခြင်းများ ပြုလုပ်

w1-19-2-14

ဆူပူသူများက ဖျက်ဆီးထားသည့် သာကေတမြို့နယ်အတွင်းရှိ ဆိုင်ခန်းငယ်များအား ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းက ဘာသာရေးစာသင်ကျောင်းအား အကြောင်းပြုပြီး လူတစ်စုက ဆူပူခြင်းနှင့် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ငယ်များအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။    

ဖေဖော်ဝါရီလ ၁၇ရက်နေ့က သာကေတမြို့နယ်၊ မာန်ပြေ (၃)ရပ်ကွက် မာန်ပြေ ၁၉ လမ်းနှင့် ၁၈ လမ်းကြားရှိ ဘာသာရေး စာသင်ကျောင်း တည်ဆောက်ရာတွင် ခွင့်ပြုမိန့်ထက် ကျော်လွန်၍ ဆောက်လုပ်ခဲ့သည်နှင့် ပတ်သက်ပြီး ရပ်ကွက်နေပြည်သူများက ကန့်ကွက်မှု ပြုလုပ်ခဲ့ပြီး ယင်းနေ့တွင်ပင် သက်ဆိုင်ရာနှင့် မြို့တော်စည်ပင်မှ ဖျက်သိမ်းမှုများ ပြုလုပ်ခဲ့သည်။               

ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ယင်းအဆောက်အဦအား ကန့်သတ် နယ်မြေအဖြစ် သတ်မှတ်ပြီး ဖြေရှင်းခဲ့ရာ ပြေလည်မှုရရှိခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းတွင်မူ အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ ရပ်ကွက်အတွင်း နေထိုင်သူများမဟုတ်သည့် အခြားနေရာမှ လူများလာရောက်ပြီး ဘာသာရေးစာသင်ကျောင်းအား အပြီးတိုင် ဖျက်သိမ်းပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြရာ ရပ်ကွက်တွင် နေထိုင်သူများနှင့် သက်ဆိုင်ရာမှ ဆူပူမှုမလုပ်ရန်နှင့် လူစုခွဲရန် ပြောကြားခဲ့ကြောင်း သိရသည်။                

ယင်းည ၁၁ နာရီဝန်းကျင်တွင် အဆိုပါလူစုထဲမှ လူအချို့က ဆက်လက် ဆူပူမှုများ ပြုလုပ်ရာ ရဲတပ်ဖွဲ့ဝင်များက အရေးယူရန် ဆောင်ရွက်ရာ ဆူပူနေသူများမှာ ထွက်ပြေးသွားကြကြောင်း သိရသည်။ ယင်းလူစုသည် ၎င်းတို့ထွက်ပြေးသည့် လမ်းတလျောက်ရှိ သာကေတမြို့နယ်အတွင်းမှ ဈေးဆိုင်ခန်းငယ်အချို့နှင့် အမှိုက်ပုံးများအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြရာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ၎င်းတို့အား အမှုဖွင့်အရေးယူခဲ့ပြီး ဖမ်းဆီးနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကာ ည ၁၂ နာရီ ၀န်းကျင်တွင် လူစုကွဲသွားကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။