Thursday, February 21, 2013

ရွှေနှင့် မတ်ပဲဈေးနှုန်း ကျဆင်းနိုင်သည့် ဂြိုဟ်ရပ်တည်မှု လာမည့်မတ်လ ပထမပတ်အတွင်း ဖြစ်ပေါ်မည်

ရွှေနှင့်မတ်ပဲဈေးနှုန်း ကျဆင်းနိုင်သည့် ဂြိုဟ်ရပ်တည်မှုဖြစ်စဉ်တစ်ခု လာမည့်မတ်လ ၆ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၁ မိနစ်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ပြောသည်။

၎င်းမှာ ဗုဒ္ဓဟူးဂြိုဟ်နှင့် သောကြာဂြိုဟ်တို့ ပူးယှဉ်ပြီး ဂြိုဟ်စစ်ထိုးသည့် ဖြစ်စဉ်လည်း ဖြစ်သည်။

"ဒီလိုဖြစ်စဉ်မှာ ဗုဒ္ဓဟူးဂြိုဟ်နဲ့ သောကြာဂြိုဟ်တို့ဟာ နေရဲ့ဘေးဘက် ဂြိုဟ်ပတ်လမ်းကြောင်းတွင်း ရောက်ရှိနေမယ်ဆိုရင် ငလျင်ဖြစ်ပေါ်တတ်ပြီး အခုဖြစ်စဉ်မှာတော့ သောကြာဂြိုဟ်က နေရဲ့အနောက်ဘက် ဂြိုဟ်ပတ်လမ်းကြောင်းမှာ ရှိနေတာကြောင့် ငလျင်ဖြစ်ပေါ်မယ့် အခြေအနေ မရှိတော့ဘူး၊ ဒါပေမယ့် မတ် ၆ ရက်ကနေ တစ်ပတ်အတွင်း ရွှေနဲ့မတ်ပဲဈေးနှုန်းတွေ ကျဆင်းတာမျိုး ဖြစ်နိုင်တယ်" ဟု ဦးဇေယျာကိုက ပြောသည်။

အဆိုပါ မတ်လ ပထမအပတ်အတွင်း ဗုဒ္ဓဟူးဂြိုဟ် အနေအထား ပြောင်းလဲမှု နှစ်ကြိမ်ဖြစ်ပေါ်ရန် ရှိပြီး မတ် ၄ ရက်နေ့ ဖြစ်စဉ်တွင် ဗုဒ္ဓဟူးဂြိုဟ်သည် နေ၏အရှေ့ဘက် ရောက်ရှိနေပြီး နေ၏အလင်းရောင် ထင်ဟပ်မှုကြောင့် လည်းကောင်း၊ ဒုတိယဖြစ်စဉ် မတ် ၆ ရက်တွင် ဖြစ်ပေါ်မည့် ဗုဒ္ဓဟူးနှင့် သောကြာဂြိုဟ် ပူးယှဉ်မှုတွင် ဗုဒ္ဓဟူးဂြိုဟ်က နေ၏အရှေ့ဘက်သို့ ရောက်ရှိနေပြီး သောကြာဂြိုဟ်မှာ နေ၏အနောက်ဘက်သို့ ရောက်ရှိနေခြင်းတို့ကြောင့် ၎င်းဖြစ်စဉ်နှစ်ခုစလုံးကို ကမ္ဘာမှ မြင်တွေ့ နိုင်မည် မဟုတ်ဟု ၎င်း၏အဆိုအရ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။