Thursday, February 21, 2013

အလုံမြို့နယ်အတွင်းရှိ သက်တမ်း ၁၀ နှစ်ပင် မရှိသေးသည့် ခုနစ်ထပ် အဆောက်အအုံ၏ မြေညီထပ်နံရံ အက်ကွဲမှုဖြစ်ပွား


w1-21-2-3

ကွဲအက်နေသော တိုက်ခန်းနံရံအား ဖေဖော်ဝါရီ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက မြင်တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ ခုနစ်ထပ် အဆောက်အအုံတစ်ခု၏ မြေညီထပ်တွင် နံရံအက်ကွဲမှုတစ်ခု ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အလုံမြို့နယ်၊ဌာနရပ်ကွက်၊ ဌာနလမ်း၊အိမ်အမှတ် ၈၇ မြေညီထပ်(ညာခန်း) မီးဖိုခန်းရှိ အခန်းနံရံ၏ အောက်ခြေဘက်မှစ၍ အက်ကြောင်းများ စတင်ဖြစ်ပေါ်လာခဲ့ပြီး ယနေ့ နံနက် ၉နာရီခွဲခန့်တွင် အက်ကြောင်းရာမှာ ပိုမို ကြီးမားလာကြောင်း အဆိုပါတိုက်ခန်းတွင် နေထိုင်သည့် တိုက်ခန်းပိုင်ရှင် ကိုကျော်သက်ထွန်းက ပြောသည်။

''စဖြစ်တာက ၂၀ ရက်နေ့ မွန်းလွဲ တစ်နာရီခွဲလောက်ကပါ။ နံရံက အက်ကြောင်းတွေ ပေါ်လာတယ်။ပြီးတော့ သဲမှုန်တွေပါ ကျလာတယ်။နောက်တစ်နေ့ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲလောက်လောက်မှာ ကျွန်တော် ရေချိုးခန်းကထွက်တော့ အက်ကွဲကြောင်းကနေ အပြင်က အလင်းရောင်ကို မြင်နေရတယ်။ဒီတိုက်ကဆောက်ထားတာ ၁၀ နှစ်တောင် မပြည့်သေးဘူး'' ဟု ကိုကျော်သက်ထွန်းက ပြောသည်။

အဆိုပါ ဌာနရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်ထွန်းက ''ဒီဖြစ်စဉ်ကို အလုံမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနဲ့ အင်ဂျင်နီယာဌာနကလူတွေ လာကြည့်သွားတယ်။ အက်ကွဲကြောင်းက ဆယ်ပေလောက်ရှိတယ်။ လူဆက်နေသင့်/မနေသင့်နဲ့ ပတ်သက်ပြီးတော့ သူတို့က ဘာမှ မပြောသေးဘူး'' ဟုပြောသည်။

၎င်းတိုက်ခန်းကို 'ထွန်းတောက်ကြယ်' ဆောက်လုပ်ရေးမှ ၂၀၀၄ ခုနှစ်က စည်ပင်သာယာနှင့် ပူးပေါင်းတာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အိမ်ခန်းများ စတင်နေထိုင်ခဲ့ကြောင်း ၊ အဆိုပါတိုက်ခန်းတွင် အခန်း ၁၄ ခန်းပါရှိပြီး လက်ရှိတွင် လူဦးရေ  ၅၀ ခန့် နေထိုင်လျက်ရှိကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်ကလည်း စမ်း ချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ ရှစ်ထပ်တိုက် အဆောက်အအုံ တစ်ခု၏ မြေညီထပ်တွင်လည်း အလားတူ တိုက်ခန်းနံရံ ကွဲအက်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

w1-21-2-4

ကွဲအက်နေသော တိုက်ခန်းနံရံအား ဖေဖော်ဝါရီ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက မြင်တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

အဆိုပါ အက်ကွဲမှု ဖြစ်ပွားနေသည့် တိုက်ခန်းတွင် မိသားစု သုံးဦး လက်ရှိ နေထိုင်လျက်ရှိပြီး ၎င်းတို့ အနေနှင့် မည်သည့်ပုံစံဖြင့် ပြောင်းရွှေ့ရမည်ကို မသိရှိရသေးကြောင်း အဆိုပါ မိသားစုက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။