Thursday, February 21, 2013

ဟံသာဝတီကားဝန်းမှပြည်သူများ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ (၂၀)ရက်နေ့၌ ပြောင်းရွှေ့ရမည်ဟု သတင်းများထွက်ပေါ်နေသည့် ဟံသာဝတီယာဉ် ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းများနှင့်အဆိုပါကားဝန်းအားမှီ၍ လုပ်ကိုင်စားသောက် နေသူ (၁၀၀)၀န်းကျင်မှ ဆန္ဒထုတ်ဖော်မှုတစ်ရပ်   ပြုလုပ်ခဲ့ကြသည်။

 

မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းအား  မြို့ပြစီမံကိန်းလုပ်ငန်းများ တည်ဆောက်ရန်အတွက်ဟုဆိုကာ ဖေဖော်ဝါရီလ (၁၆)ရက်တွင် အကြောင်း ကြားစာပေးပို့ခဲ့ပြီး (၂၀)ရက်နေ့တွင် သီရိမင်္ဂလာဈေးဟောင်းနေရာသို့ ပြောင်းရွှေ့ခိုင်းခြင်းဖြစ်သည်။

 

 "ကျွန်တော်တို့က မသွားဘူးလို့ ပြောတာလည်း မဟုတ်ဘူး။ ပထမမြို့တော်ဝန်ပြောထားတဲ့ စကားရယ်၊ အတွင်းရေးမှူး ဦးကျော်စိုး ပြောထားတဲ့စကားအရ ကျွန်တော်တို့ အရောင်းအ၀ယ်တွေ မပျက်အောင် ဒီမှာပဲ ထိုင်ပြီးတော့ တစ်ဖက်က ယာဉ်ရောင်းဝယ်ရေးစခန်း ဆောက်၊ တစ်ဖက် အရောင်းအ၀ယ်လုပ်ဆိုတဲ့ သူတို့ပြောတဲ့စကား အတိုင်း လိုက်နာမှာ။ ဒါကို သူတို့က ဖျက်တာ။ တာကြောင့် ခုလို ဆန္ဒထုတ်ဖော်မှုတွေဖြစ်ရတာ"ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးအသင်း ဗဟို (ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောသည်။

 

ဆန္ဒထုတ်ဖော်သူများအနေဖြင့် နိုင်ငံတော်သမ္မတထံသို့ ကားဝင်းအတွင်းလုပ်ကိုင်စားသောက်သူများ၏ လတ်မှတ်ပေါင်း (၂၀၀၀)ကျော်နှင့် စာတင်ထားကြောင်းကိုလည်း သိရသည်။ 

 

"နိုင်ငံတော်သမ္မတကလည်း ဒီမိုကရေစီ လမ်းစဉ်ကို ဖော်ဆောင်နေတဲ့အချိန်မှာ ပြည်သူတွေရဲ့ သဘောထားမပါပဲ ဘာတစ်ခုမှ လုပ်လို့မရဘူးဆိုတဲ့ ပြောကြားချက်ရှိတယ်။ ဒီပြောကြားချက်ကို လစ်လျူရူတဲ့ သဘောဖြစ်နေတယ်၊ ဒါကိုမခံနိုင်တာ။ တစ်နေရာ မှာ စီးပွားအခြေချထားတာဟာ ဒီမှာသူဟာနဲ့ အဆင်ပြေနေတာ ဒါတောင် တစ်ခါတစ်လေအလုပ်ပါးရင် အိမ်ပြန်ဖို့ စရိတ်တောင် မရှိတော့ဘူး"ဟု ၎င်းက ပြောသည်။

 

မြို့တော်စည်ပင်သာယာအနေဖြင့်လည်း သီရိမင်္ဂလာဈေးဟောင်းနေရာမှာ ကားရောင်းဝယ်ရေးစခန်း ပြုလုပ်လျှင် အဆင်ပြေနိုင်မည်ဟု ထင်မြင်ချက်ကြောင့် ပြောင်းရွှေ့ခိုင်းရခြင်းဖြစ်သည်ဟု သိရှိရသည်။

 

"လက်ရှိ လုပ်နေတဲ့လုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိအောင် အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားတယ်။ ကျွန်တော် တို့နေရာ ရှာတော့ သီရိမင်္ဂလာဈေးဟောင်းကိုတော့ ယာဉ်ရောင်းဝယ်ရေး စခန်းအဖြစ် ပီပီ ပြင်ပြင် ဆောင်ရွက်မယ် ဆိုရင်တော့ ရလောက်တယ်။ မြေညီထပ်ကို ပြင်ထားပြီး သားဖြစ်တယ်။ လိုအပ်တာတွေ ဆောင်ရွက်ပေးမယ်ဆိုရင် အဆင်ပြေသွားမယ်။ လုံခြုံရေး အတွက်လည်း CCTV ကင်မရာတွေ တပ်ဆင်ပေး လိုက်မယ်ဆိုရင် ယာဉ်ရောင်းဝယ်ရေး အတွက် အဆင်ပြေမယ်ဆိုတာကိုတွက်ပြီး ပြောင်းခိုင်းတာပါ"ဟု မြို့တော် စည်ပင်သာယာရေးကောမတီမှ ဋ္ဌာနခွဲမှူး ဦးကျော်မင်းက ပြောသည်။

 

ဟံသာဝတီကားရောင်းဝယ်ရေးစခန်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း(၃၀) ခန့် ကတည်ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါကားဝင်းအား မှီခိုနေသည့် လူဦးရေ သုံးသောင်းခန့်ရှိကြောင်း သိရှိရသည်။

 

ဟံသာဝတီကားရောင်းဝယ်ရေးစခန်းအတွင်း မြို့တော်စည်ပင်မှတည်ဆောက်မည့် မြို့ပြစီမံကိန်းတွင် အများပြည်သူ ရပ်နားနိုင်မည့်နေရာများ၊ ယာဉ်ရောင်း ၀ယ်ရေးလုပ်နိုင်သည့်နေရာများ၊ Car Show room၊နှင့် ကွန်ဒိုများ ပါဝင်မည်ဖြစ်သည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။