Thursday, February 14, 2013

လိုအပ်ချက်များနှင့် နောင်ချိုအမေ့အိမ်ပညာဒါန ကျောင်းကလေး


နောင်ချိုအမေ့အိမ်ပညာဒါနကျောင်းအနေဖြင့် ချို့ချို့တဲ့တဲ့ဖြင့် ရပ်တည်နေရသည့်အတွက် စေတနာရှင် အလှူရှင်များ၊ အဖွဲ့အစည်းများအနေဖြင့် ကျောင်းအတွက် လှူဒါန်းနိုင်ကြောင်း နာယကကြီး ဦးအောင်ကျော်က ဆိုသည်။

ရန်ပုံငွေနည်းပါးစွာဖြင့် ပညာသင်ကြားနေကြရသည့် ဆယ်တန်းကျောင်းသားများမှာ ဆရာဆရာများ၏ စေတနာကို   လေးစားသော အားဖြင့် စာမေးပွဲအောင်မြင်ရန် ကြိုးစားနေကြောင်းကိုလည်း ကျောင်းသားများ ထံက သိရသည်။

နောင်ချိုမြို့နယ်ရှိ အမေအိမ်ပညာဒါနစာသင်ကျောင်းကို ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သည့် ဇွန်လ (၁၆)ရက်နေ့ ၂၀၁၂ခုနှစ်အတွင်းက  မြို့မိမြို့ဖ ကော်မတီဝင် (၆)ဦးဖြင့် ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိ အချိန် အထိ ပါတီဋ္ဌာနချုပ်မှ အရေးတယူမရှိသည့်အပေါ်တွင် ခံစားနေရကြောင်း  စာသင်ကျောင်း ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ဆိုသည်။

ကျွန်တော်တို့အနေနဲ့ ဒီလှိုင်းစာစောင်မှာ မြို့နယ်ရဲ့ဆောင်ရွက်ချက်လေးတွေ ပါဝင်စေချင်ပါတယ်၊ ရံပုံငွေချို့ချို့တဲ့တဲ့နဲ့ ရပ်တည်နေရတဲ့ ကျောင်းလေးအတွက်လည်း ပါတီဋ္ဌာနချုပ်ဆီက ညွှန်ကြားချက်တစ်ခုခု မျှော်လင့်ခဲ့ပေမယ့် အခုထိ ဖြစ်မလာသေးဘူးဟု စာသင်ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောသည်။

အဆိုပါအမေ့အိမ်စာသင်ကျောင်းမှာ လက်ရှိတွင် နောင်ချိုမြို့တောင်ရပ်ကွက်ရှိ နာယက ဦးအောင်မြတ်အိမ် တွင် စာသင်ကျောင်းဖွင့်လှစ်ကာ တက္ကသိုလ်ဝင်တန်းကျောင်းသား (၂၅)ဦးအား၊ ဆရာဆရာမ(၄)ဦးနှင့် Guide ဆရာမ(၁)ဦးက နေ့ည နှစ်ချိန်ခွဲကာ အခမဲ့ ပညာပို့ချနေသည့် စာသင်ကျောင်းဖြစ်သည်။

နောင်ချိုမြို့နယ်အတွင်းရှိတဲ့ ကျေးရွာအုပ်စုအချို့က ကလေးတွေလည်း ဒီမှာရှိပါတယ်၊ ချို့တဲ့တဲ့ မြို့နယ်က ဆယ်တန်းကျောင်းသားတွေအတွက် ရည်ရွယ်ဖွင့်လှစ်တာပါ၊ ရံပုံငွေချို့တဲ့တော့ ငွေအားဖြင့်သော် လည်းကောင်း သင်ထောက်ကူ ပစ္စည်းအနေနဲ့ သော်လည်းကောင်း လှူဒါန်းနိုင်ပါတယ်ဟု နာယက ဦးအောင်မြတ်က ပြောသည်။

အမေ့အိမ်စာသင်ကျောင်းအား နံနက် ၈း၀၀နာရီမှ ၁၂း၀၀နာရီအထိ တစ်ကြိမ်၊ ညနေ ၄း၀၀နာရီမှ ည၆း၀၀ အထိ တစ်ကြိမ်ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ကြောင်း ကျောင်းသားများအား ကျောင်းတွင်းစာမေးပွဲ (၃)ကြိမ်စစ်ဆေးသွား မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ဆရာဆရာမတွေရဲ့ ကြိုးစားသင်ကြားပေးမှုကို ထောက်ထားပြီး သမီးတို့အနေနဲ့ အောင်မြင် အောင်ကြိုးစားကြမှာပါဟု ငုတ်ကလေး ဟော်ကုန်းမှ (၁၀)တန်းကျောင်းသူ မနှင်းယုနွယ်က ပြောသည်။

သင်ကြားမှုအပိုင်းနှင့်ပတ်သက်၍ White Board အသုံးပြုပါက ကျန်းမာရေးအရ ပိုမိုကောင်းမွန်ကြောင်း လက်ရှိ သင်ကြားပေးနေ သည့် ကျောင်းသားထက်ဝက်ဝန်းကျင်မှာ ဆယ်တန်းအောင်မြင်နိုင်ကြောင်းနှင့် ဒုတိယအကြိမ် စာမေးပွဲစစ်ဆေးပြီးပါက အောင်မြင်မှုရာနှုန်းအား အတိအကျပြောဆိုနိုင်ကျောင်း အမေ့အိမ်ကျောင်းမှ ဆရာဒေါ်ခင်စုစုလှိုင်က ပြောသည်။

 နောင်နှစ် ဒီကျောင်းဖွင့်မယ်လို့ဆုံးဖြတ်ထားရင် White Board ကို ပြောင်းအသုံးပြုသင့်တယ်၊ စာသင်ခန်းက နိမ့်တော့ မြေဖြူမှုန့်တွေက ကလေးတွေရဲ့ ကျမ်းမာရေးအတွက် မကောင်းဘူးဟု  ဆရာဒေါ်ခင်စုစုလှိုင်က ပြောသည်။

လက်ရှိတွင် ကျောင်းသားများအနေဖြင့် စာကျက်ရာတွင် အကြမ်းရေးခြစ်ရန် စက္ကူကြမ်းများ၊ သင်ထောက်ကူပစ္စည်းများ လိုအပ်လျှက်ရှိကြောင်း ကျောင်းသူမစိန်မြင့်က ပြောကြားခဲ့ပြီး စာသင်ကျောင်းမှာ အိမ်ဝင်းအတွင်းဖွင့်လှစ်ထားသည့်အတွက်  အိမ်သားများနှင့် အိမ်သာပူးတွဲသုံးစွဲနေရသောကြောင့် ကျောင်းသား သုံးအိမ်သာသီးသန့်ဆောက်ပေးလိုကြောင်းကိုလည်း သိရသည်။

ဆက်သွယ်လှူဒါန်းလိုသူများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးစိုးသန်း၊ဖုန်း ၀၉-၄၀၃၇၅၉၆၉၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။