Thursday, February 14, 2013

ဟပ်ချိုး ဆိတ်ဖွား အသက်တစ်ရာ အနာမရှိ

ခေတ်သစ် သင်ပုန်းကြီး (၃၂)

  နိုင်ငံအတွင်းမှာ ခေတ်စားသည်က ပြဿနာ။

    ဖြေရှင်းနည်းက ကော်မရှင်ဖွဲ့ခြင်း။

    ကော်မရှင် ရှင်းသည်က ထုတ်ပြန်ချက်။

    အစီရင်ခံစာဟူသည် လွယ်လွယ်နှင့် မထွက်။

    ထွက်လာသည့် ထုတ်ပြန်ချက်ကား

    ကြားဖြတ်အစီရင်ခံစာဖြစ်သဖြင့် ထုတ်ပြန်ခြင်း မပြုရန်တဲ့။

    အစီရင်ခံသည့် အကြောင်းများက

    ထိုင်းသွားပြီး ငွေကုန်လူနွမ်း ဒုက္ခထမ်းသံဃာများအကြောင်း မပါ

    သက်သာပြီး ဆေးရုံက ဆင်းသည့် သံဃာများအကြောင်းသာ

    ကော်မရှင့်လုပ်ပိုင်ခွင့်မှာ မြန်မာနယ်နိမိတ်ကို ကျော်ဟန်မတူ

    ပြဿနာများသာ နယ်ကျော်နိုင်ဘိအလား

    နောင်တော့်နောင်တော် ကော်မရှင်များ၏ ခြေရာအား

    ထပ်ချပ်မကွာ လိုက်ပါစွာဖြင့်

    မိုဟာ(MOHA ministry of home affairs) နံ့သင်းသင်း

    သတင်း ထုတ်ပြန်ချက်နှင့်

    မဆလ၊ နအဖနံ့မကင်းမကင်း အစီရင်ခံစာတို့အား

    နိုင်ငံသားများက အံ့ကြီးပင် အောကြကုန်၏။

     

    ဟပ်ချိုး ဆိတ်ဖွား အသက်တစ်ရာ အနာမရှိဆိုသော်လည်း

    ဆိတ်ဖွားခင်မျာ ကော်မရှင်ဖွဲ့၍ပင် ထောက်လှမ်းခံနေရ

    ဥပဒေအထက်မှာ မည်သူမျှ မရှိဆိုသော်လည်း

    ဥပဒေပြုရေးမဏ္ဍိုင်သားများ၏ လက်တွင်မူ

    ကော်မရှင်ဖွဲ့ အရေးယူခွင့်က ရှိနေရာ

    လှည်းနေလှေအောင်း မြင်းဇောင်းမကျန်

    လေလှိုင်းကြား ဖိုင်ဘာအော့ပတစ်ကြား

    ဘယ်အကြိုအကြားမှ မကျန်ရလေအောင်

    အွန်လိုင်းပင် သုံးလေ့မရှိသော ခေါင်းပေါင်းတော်များက

    မောင်စံရှားမှန်ဘီလူး ငှားကူပြီး ရှာလေတော့မည်။

    အသင် ဆိတ်ဖွား သက်တော်ရာကျော် ရှည်ပါစေသတည်း။

    အံ့သြရပါ၏။

     

    နိုင်ငံကြီးသားများလည်း မြန်မာ့မီဒီယာအဖုံးအဖွင့်ကို

    အံ့အားတွေ သင့်ကြ။

    လွတ်လပ်စွာ ထုတ်ပြောခွင့်မရသဖြင့်

    ပြဿနာဖြစ်ရဟုဆိုလျက်က

    လွတ်လပ်စွာ ရေးသားခွင့်ဆိုကာ

    ပြဿနာဖြစ်ရာဖြစ်ကြောင်းတွေ ပေါ်ထွက်လာပြန်ရာ

    သတင်းမရေးတတ်သူများနှင့်

    သတင်းမဖတ်တတ်သူများအကြား

    သတင်းမှန်နှင့် အတွေးမှား

    အတွေးမှန်နှင့် သတင်းမှား

    လုံးလားထွေးလား ခရီးဆက်သွားနေလေ၏။

    အံ့သြရပါသည်။

  
    နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဥပဒေက ပူပူနွေးနွေး

    စီမံကိန်းတကာက တစ်ပတ်နွမ်းရော ဖုတ်ပူမီးတိုက်ပါ ပေါများ

    မြေသိမ်းဇယားက အတောမသတ်

    အမှုပတ်ခံရသူတွေလည်း များသထက်များလာ

    လယ်သမားက အားကိုးရှာ

    လှုပ်ရှားသူက ကယ်တင်ရှင်ရှာသူကို ရှာ

    ကုမ္ပဏီက စီမံကိန်း ရှာ

    အိုးအိမ်က ဆိတ်ငြိမ်စွာ

    နိုင်ငံခြားသားက ဈေးကွက်ရှာ

    သည်နှယ်သာ ဆက်ဖြစ်

    တိုင်းပြည်တိုးတက်ရစ်စေဖို့

    မည်သူက မည်သို့ကူညီကြမည်နည်း

    အဖြေက အချည်းအနှီး ဖြစ်မှာစိုး

    ကိုယ်ကျိုးနည်းဥပဒေများ မပြဋ္ဌာန်းကြပါနှင့်

    အံ့အားမသင့်နိုင်ပါတော့အံ့။

  
    မည်သို့ပင်ဖြစ်စေ နိုင်ငံသားများ

    ဥပဒေအကျိုးကို ကော်မရှင်တန်ခိုးမပါ

    ခပ်ရိုးရိုးသာလျှင် ခံစားနိုင်ကြပါစေ။  ။

ပြောင်းဖူးရိုး

The Myanmar Independent News Journal

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။