Thursday, February 28, 2013

မိစု လို့ခေါ်မှ သဘောကျကြောင်း မွန်အမျိုးသားနေ့၌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဒေါ်အောင်ဆန်းစုကြည်၏အဘွားဖြစ်သူမှာ မွန်မျိုးဆက်မှဆင်းသက်လာသဖြင့် ၄င်းအနေဖြင့် မွန်သွေးပါသည်ဟု ယုံကြည်ကြောင်း၊ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်မှာ မိစုဟု မခေါ်ပါက ၄င်းအနေနှင့် သဘောမကျကြောင်း ရန်ကုန်မြို့ ပြည်သူ့ဥယာဉ်၌ ကျင်းပခဲ့သော (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့  အခမ်းအနားတွင် ပြောကြားခဲ့သည်။

 

"ကျွန်မက မွန်တွေနဲ့တော့ နည်းနည်းအမျိုးဆက်လို့ ရတယ်လို့ ပြောပါရစေ။ ကျွန်မအမေဘက်က အဘွားက စနူသနော့ ဆိုတဲ့ရွာကလာတဲ့အတွက် မွန်မျိုးဆက်ကနေဆင်းသက်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ သမီး မိန်းကလေးတွေဆိုရင် မိ တပ်ပြီးတော့ ခေါ်ပါတယ်။ အိမ်မှာအမေက ကျွန်မကို မိစုလို့ ခေါ်ပါတယ်။ ဒီလို မခေါ်ရင် ကျွန်မစိတ်ဆိုးနေသလိုပဲဆိုတာ ကျွန်မသိတယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် တိုင်းရင်းသားများ၏ အမျိုးသားနေ့အခမ်းအနားများအနက် မွန်အမျိုးသားနေ့ အခမ်း အနားမှာ ဆွေမျိုးများ၏ပွဲသို့ တက်ရောက်ရသကဲ့သို့ ခံစားရကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ဆက်လက်ပြောကြားခဲ့သည်။

 

"ကျမကအခုလို အမျိုးသားနေ့တွေကို တက်ခွင့်ရတဲ့အခါ ကျမတို့တိုင်းရင်းသား ညီအကိုမောင်နှမ များနဲ့ တစိတ်တ၀မ်း ထဲရှိမယ်ဆိုတာ ပြောပေမယ့်လည်း သူတို့တွေနဲ့ အမျိုးဆက်လို့မရဘူး။ ကျွန်မ အနေနဲ့ အမျိုးဆက်နိုင်တာကတော့ ဗမာကလွဲလို့ တခြားတိုင်းရင်းသားတွေထဲမှာဆိုရင် မွန် အမျိုးသား နေ့ပွဲကို ကျွန်မအမျိုးတွေရဲ့ပွဲကိုလာတယ်လို့ ကျွန်မစိတ်ထဲမှာ ထားပါတယ်။" ဟု ၎င်း က ဆိုသည်။

 

မွန်အမျိုးသားနေ့အခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် အခြား တာဝန်ရှိသူများ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အစရှိသဖြင့် တက်ရောက်လာသည့်အတွက် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးမှာ တိုင်းရင်းသားများအတွက် ယုံကြည်စရာဖြစ်လာကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဥက္ကဌ နိုင်ဖေတင်က ပြောသည်။

 

"ဒီအခမ်းအနားမှာ နိုင်ငံတော်အကြီးအကဲများ တက်ရောက်လာကြတာကိုတွေရလို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး   ဆောင်ပုဒ်ဟာ မွန်အမျိုးသားအတွက်ကော တိုင်းရင်းသားတွေပါ ယုံကြည် စရာ ဖြစ်လာပါတယ်။" ဟု မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဥက္ကဌ နိုင်ဖေတင်ကပြောသည်။

 

ယခုလို မွန်အမျိုးသားနေ့အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပခွင့်ရ လာသောကြောင့် တိုင်းရင်းသား အခွင့်အရေး အတိုင်းအတာတစ်ခုထိရလာသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ နှင့် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဒု) ဥက္ကဌ မိကွန်ချစ်ချစ် က ပြောသည်။

 

"ကျွန်မတို့အနေနဲ့ အခုလို သိုက်သိုက်ဝန်းဝန်းနဲ့ ကျင်းပခွင်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ တင်ပြချင်တဲ့   ပြဇာတ်တွေ၊ ပြောဆိုမှုတွေ အခမ်းအနားတွေကို တင်ပြနိုင်တဲ့အတွက် အရမ်းကိုကျေနပ်ပါတယ်။ တိုင်းရင်းသားအခွင့်ရေးတွေ တစ်စုံတစ်ရာရလာပြီလို့တော့ ပြောနိုင်ပါတယ်။ ပွင့်လင်းလာပြီပေါ့။ ခြေလှမ်းလေး တစ်ခုအနေနဲ့တော့ ရလာပြီပေါ့။" ဟု မွန်အမျိုး သားနေ့ ကျင်းပရေးကော်မတီ (ဒု) ဥက္ကဌ မိကွန်ချစ်ချစ် ကပြောသည်။

 

မွန်အမျိုးသားနေ့ကို ယခင်တပ်မတော်အစိုးရလက်ထက်၌ ကျင်းပခွင့်မရခဲ့သောကြောင့် မွန်တိုင်းရင်းသားများမှာ စုစည်းခွင့်မရခဲ့ဘဲ ယခုအရပ်သားအစိုးရ လက်ထက်တွင် ကျင်းပခွင့် ရလာသောကြောင့် လာမည့်နှစ်များတွင် ယခုတက်ပို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း မွန်တိုင်းရင်းသူတစ်ဦးကဆိုသည်။

 

"အရင်တုန်းကဆိုရင် အခုလိုကျင်းပခွင့်မရတော့ ရန်ကုန်မှာ မွန်တွေ ဒီလောက်အများကြီး ရှိမှန်း မသိခဲ့ဘူး။ အခုဆိုရင် စည်းစည်း လုံးလုံးနဲ့ မြင်ရတာ အရမ်းဝမ်းသာပါတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်ပို စည်စည်ကားကားနဲ့ ကျင်းပနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။" ဟု မွန်တိုင်းရင်းသူတစ်ဦးဖြစ်သူ မိနွန်ထောက ပြောသည်။

 

မွန်အမျိုးသားနေ့ပွဲတွင် ရွှေတိဂုံသမိုင်းကြောင်းအပါအ၀င် မွန်ရိုးရာ အကအလှများကို ဖျော်ဖြေရာ၌ မွန်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာသုံးမျိုးဖြင့် ရှင်းလင်းတင်ဆက်ခဲ့သည်။

 

မွန်အမျိုးသားနေ့ကို ယခင်ကသိမ်ဖြူကွင်း၌ ကျင်းပခဲ့သော်လည်း ၁၉၉ရ ခုနှစ်စတင်၍ ကျင်းပခွင့်မရတော့ပဲ ရွှေတိဂုံဘုရားရှိ မွန်ဓမ္မာရုံ၌ အကျဉ်းချုံးသာပြုလုပ်ကျင်းပခဲ့ရပြီး အရပ်သား အစိုးရလက်ထက် ပြီးခဲ့သည် ၂၀၁၂ မှပြန်လည်စတင် ကျင်းပခွင့်ရခဲ့သော်လည်း ယခုနှစ်မှ ပြည်သူ့ဥယျာဉ်တွင် ပထမဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်သည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။