Thursday, February 28, 2013

အင်းစိန် နံ့သာကုန်းစက်ဘီးစခန်း မီးလောင်မှုကြောင့် ကျပ်သိန်း(၂၅၀)ဖိုး ဆုံးရှုံး

အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ နံ့သာကုန်းစက်ဘီးနှင့် ယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးစခန်းတွင်မီးလောင်ကျွမ်းမှုကြောင့် ပျမ်းမျှ ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီ (၂၇) ရက်နေ့၊ နေ့လည် တစ်နာရီဝန်းကျင်က  စတင်မီးလောင်ကျွမ်းခြင်းဖြစ်ပြီး တစ်နာရီခွဲအကြာတွင်   ငြိမ်းသတ်နိုင်ခဲ့သည်။

 

အဆိုပါ အဆောက်အဦးတွင် အဆောင် ၁၄ ဆောင်ရှိသည့်အနက် မီးလောင်ကျွမ်းသည့်အထဲတွင် စုစုပေါင်းအဆောင် (၅)ဆောင် ပါဝင်သည်။

 

" ထပ်ခိုးမှာက စက်ဘီးဖင်ထိုင်ခုံတွေ၊ တာယာတွေ၊စက်ဘီးမှုတ်ဆေးဘူးတွေ ထားတယ်၊ မီးချောင်းတစ်ချောင်းတော့ အမြဲထွန်းထားတယ်၊အပေါ်ထပ်မှာ အစောင့်တစ်ယောက်လည်း အမြဲရှိတယ်၊ အခု ထမင်းစားချိန်မှာအကုန်လုံး အောက်မှာ စုစားတဲ့အချိန် မီးလောင်တာ၊ ကျွန်တော်ကတော့ ၀ါယာရှော့လို့ထင်တယ်၊ ဘာလို့လဲဆိုတော့ အပူချိန်လွန်ကဲလို့ဆိုရင် အရင်ကတည်းကဒီအတိုင်းထားလာတာ နှစ်ပေါင်းမနည်းဘူး" ဟုစတင်မီးလောင်သည့် ဆိုင်ခန်းပိုင်ရှင်က ပြောသည်။

 

အဆိုပါအဆောင်မှာ ၁၂ ပေခွဲ ၂၅ ပေရှိသည်။ ဆိုင်ခန်းတစ်ခန်းလျှင်ပျမ်းမျှ သိန်း ၅၀ မှ ၆၀ အတွင်း ဆုံးရှုံးမှုရှိပြီး အာမခံထားရှိထားခြင်းမရှိကြောင်း သိရသည်။

 

"အခုလောင်ကျွမ်းမှုက အပူချိန်လွန်ကဲမှုကြောင့် ဖြစ်တာ၊ ခေါင်မိုးကမျက်နှာကြက်ရှိတယ်ဆိုပေမဲ့ ပစ္စည်းတွေနဲ့ ခေါင်မိုးက အရမ်းကပ်နေတယ်၊ဒါကြောင့် အပူချိန်ပြင်းတော့ မီးလောင်ကျွမ်းရတာပါ"မီးလာရောက်ငြိမ်းသတ်သည့် ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးမှ ပြောသည်။

 

အဆိုပါမီးလောင်ကျွမ်းမှုကို မီးသတ်ကားစုစုပေါင်း ၅၃ စီးလာရောက်ငြိမ်းသတ်ရသည်။  ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းကြက်ခြေနီတပ်ဖွဲ့မှ ပြောသည်။

 

" အမှန်က မီးက စောစောစီးစီး ငြိမ်းတယ်၊ ဒီလောက်ကုန်စရာအကြောင်းမရှိဘူး၊ဒါပေမဲ့ မီးလောင်နေတဲ့အချိန် စက်ဘီးမှုတ်ဆေးဘူးတွေ   ထထပေါက်တော့ မီးကပိုပြီး ငြှိမ်းလို့မနိုင်ဘူး ဖြစ်သွားတာ"ဟု မီးလောင်ကျွမ်းမှုတွင် ကူညီငြှိမ်းသတ်ခဲ့သူ ကိုဇော်ဖြိုးက ပြောသည်။

 

ယခုမီးလောင်မှုမှာ ၂၀၁၃ ခုနှစ်အတွင်း အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်အတွင်း၌ ပထမဦးဆုံးအကြိမ်   လောင်ကျွမ်းမှုလည်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။