Thursday, February 28, 2013

လယ်ယာမြေ ပြန်လည်ရရှိရေး တောင်းဆိုမှုနှင့်ပတ်သက်ပြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု၌ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာပြင်ပတွင် ဒေသခံများ ဆက်လက်စုဖွဲ့လျက်ရှိ


Biweekly-1-feb28

မအူပင်ဆေးရုံတွင် ဒဏ်ရာရရှိသူများအား ဆေးကုသမှုပေးနေသည်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်

လယ်ယာမြေ ပြန်လည်ရရှိရေး တောင်းဆိုမှုနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု၌ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များက ဒေသခံများအနေဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာများမှ ဆုတ်ခွာရန် သတိပေးမှုများပြုလုပ်ခဲ့ရာ ဒေသခံများသည် ပြန်လည်ဆုတ်ခွာခဲ့ပြီး ပုဒ်မ ၁၄၄ ဧရိယာပြင်ပတွင် ဆက်လက်စုဖွဲ့လျက်ရှိကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ ရရှိသော သတင်းများအရ သိရသည်။                

ယင်းသို့ ဒေသခံလယ်သမားများ၏ လယ်မြေပြန်လည်ရရှိရေး တောင်းဆိုမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် လယ်သမားများ ဆန္ဒပြတောင်းဆိုနေသည့် နေရာအား ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ယင်းနေ့ညနေ ၆ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက လယ်သမားများအား လူစုခွဲရန် ဆောင်ရွက်စဉ် နှစ်ဖက်ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် လယ်သမား ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။          

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဖြစ်သူ ဦးထွန်းမင်းက "ဒီဒေသခံတွေက ငါးကန်တွေကို ဖောက်ချတယ်။ ပြီးတော့ ကုမ္ပဏီဝန်ထမ်းတွေကို ရန်ရှာတဲ့အတွက် ကုမ္ပဏီဝန်ထမ်းတွေ ထွက်ပြေးကြရတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အရမ်းကြမ်းလာတဲ့အတွက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပေမယ့် ဒေသခံတွေက လိုက်နာခြင်း မရှိတဲ့အတွက် သက်မှတ်ထားတဲ့ နေရာက ဖယ်ပေးဖို့ နှစ်ကြိမ်သတိပေးခဲ့တယ်။ ဒေသခံ ရွာသူ၊ ရွာသားတွေကိုလည်းခေါ်ပြီး ညှိနှိုင်းခဲ့ပေမယ့် သူတို့ရဲ့ တောင်းဆိုချက်က လယ်မြေတွေကို ခုချက်ချင်းပြန်ပေးပါဆိုတဲ့အတွက် ဘယ်လိုမှ လိုက်လျောမပေးနိုင်လို့ ဒေသခံတွေက တုတ်တွေ၊ ဓားတွေနဲ့ ဂျင်ကလိတွေကိုင်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ၀င်ရောက်အကြမ်းဖက်ခဲ့တယ်" ဟု ပြောကြားခဲ့သည်။                

ပဋိပက္ခ  ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ပလောင်ရွာသား လယ်သမားကိုငြိမ်းမောင်က "ကျွန်တော်တို့က ရဲတွေကို ပြန်လုပ်ဖို့မရှိပါဘူး။ ဒါပေမယ့် သူတို့က နှစ်ဖက်ပိတ်ပြီး ကျွန်တော်တို့ကို အင်အားသုံးခဲ့တယ်။ ပြီးတော့ရွာက အမျိုးသမီးနှစ်ယောက်ရဲ့ခေါင်းကို တုတ်နဲ့ရိုက်တာမြင်တော့ ရွာသားတွေက ပြန်ပြီးတော့ လက်တုံ့ပြန်ကြတာပါ။ ကျွန်တော့်ညီကတော့ သေနတ်ဒဏ်ရာရရှိခဲ့တယ်" ဟု ပြောပြခဲ့ပါသည်။        

လယ်သမားများ၏ လယ်မြေပြန်လည်ရရှိရေး ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး Orchard စိုက်ပျိုးရေးနှင့် မွေးမြူရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးငယ်လေးအား မေးမြန်းရာ "ရွာသားတွေက ဒီမြေတွေကို သူတို့ပိုင်တယ်ဆိုပြီး ကုမ္ပဏီကငါးကန် တာဘောင်ငါးခုကို ဖောက်ချလိုက်တယ်။ ဒီမြေက လန-၃၉ ကျပြီးသားပါ။ ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ ကုမ္ပဏီမှာ အပြည့်အစုံရှိပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။   

"အဲဒီဘက်မှာ ဖြစ်တဲ့ကိစ္စတွေကို ကြားကတည်းက ဆေးရုံမှာ လူအင်အားစုပြီး တပ်လှန့်ထားပါတယ်။ ကျန်းမာရေးအဖွဲ့တစ်ဖွဲ့နဲ့ အရေးပေါ်လူနာတင်ယာဉ် ကားတစ်စီးကိုလည်း အခင်းဖြစ်တဲ့နေရာကိုသွားပြီး အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်စေပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ ဦးခေါင်းခွံရိုး အက်သွားတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်" ဟု မအူပင်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးက ပြောသည်။          

ဒဏ်ရာပြင်းထန်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည့် ရဲတပ်သားရဲကျော်သူသည် ဖေဖော်ဝါရီ လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်ဆေးရုံကြီး၌ ဦးခေါင်းဓားခုတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။      

မလက်တိုကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံလယ်သမားများသည် လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်က အသိမ်းဆည်းခံထားရသည့် လယ်ယာမြေများကို ပြန်လည်ရရှိရေးအတွက် ဖေဖော်ဝါရီလ ၂၁ ရက်က စတင်ပြီး ၎င်းတို့၏ မြေနေရာအားပိုင်ဆိုင်ထားသည့် Orchard စိုက်ပျိုးရေးနှင့် မွေးမြူရေးကုမ္ပဏီပိုင် ငါးမွေးမြူရေးလုပ်ငန်း နေရာများတွင် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း လှုပ်ရှားမှုတွင် ပါဝင်သည့် ပလောင်ကျေးရွာမှ လယ်သမားကိုငြိမ်းမောင်က ပြောကြားခဲ့သည်။ 
  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။