Friday, February 22, 2013

စပစ်ဖိုင်းယားလေယာဉ်များ ဆက်လက်ရှာဖွေမည်

ရန်ကုန် (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံတွင် မြှပ်နှံခဲ့သည် မမြှပ်နှံခဲ့သည်ကို ဝိဝါဒ ကွဲပြားနေသော ဒုတိယ ကမ္ဘာစစ် လက်ကျန် စပစ်ဖိုင်းယား တိုက်လေယာဉ်များကို ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ယင်းရှာဖွေရေးကို ဦးဆောင်နေသည့် ရွှေတောင်ပေါ် ကုမ္မဏီနှင့် DJC ကုမ္မဏီတို့က ဖေဖောဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားလိုက်သည်။

နိုင်ငံတကာ သတင်းများတွင် စပစ်ဖိုင်းယား လေယာဉ်များ မရှိနိုင်ဟု ပြောကြားခြင်းနှင့် ပတ်သက်ပြီး ရှာဖွေမှုကို ဦးဆောင်နေသူ Mr. David J Cundal က လေ့လာမှုအဆင့်ကို ထပ်မံ တိုးမြှင့်ရန် နိုင်ငံခြားမှ ကျွမ်းကျင်ပညာရှင်များဖြင့်  မြေပြင် ရေဒါ (Ground Rador) စက်များဖြင့် ထပ်မံ ရှာဖွေသွားမည်ဖြစ်ကြောင်း
နှင့် လာမည့်သတင်းပတ် နှစ်ပတ်ခန့်အတွင်း သတင်းကောင်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်းကို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

၎င်းက “ကျွန်တော်တို့အနေနဲ့ လေ့လာမှုတွေ မပြီးသေးပါဘူး။ ဒီလိုမျိုးအပြီးသတ် ရလဒ် သေချာမသိရသေးတဲ့ အချိန်မှာ ဒီလိုမျိုး ထုတ်ဖော်ပြောဆိုတာ  လုပ်ဆောင်ချက်တွေကို သေချာ မသိလို့ ဖြစ်ပါလိမ့်မယ်” ဟုလည်း ယင်းက ပြောသည်။

စပစ်ဖိုင်းယား ရှာဖွေရေးတွင် ပါဝင်သူ ဘူမိဗေဒ ပညာရှင် ဦးမြတ်ခိုင်ကလည်း စပစ်ဖိုင်းယား လေယာဉ်များ
တွေ့နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။

မြေပြင်ရေဒါ (Ground Rador )စမ်းသပ်လေ့လာမှုများ ပြုလုပ်ရန် နိုင်ငံခြားမှ ပညာရှင်များ ယခုလကုန်နှင့် လာမည့် လဆန်းပိုင်းတွင် လာရောက်မည် ဖြစ်ပြီး ဇန်န၀ါရီလ အတွင်းက လုပ်ဆောင်ခဲ့သော လေ့လာမှုများ အရ ရန်ကုန် ၊ မင်္ဂလာဒုံ လေဆိပ်၏ မြေအောက်လေ့လာရာ သတ္တုဖြင့် ပြုလုပ်ထားသော အရာဝတ္ထုများ
တွေ့ရှိရ၍ ယခုကဲ့သို့ တိုးမြှင့်ပြီး လေ့လာမှုများ ပြုလုပ်ရခြင်း ဖြစ်သည်ဟု Mr. David Cundal က ပြောသည်။

ယခင်က ငွေကြေး ထောက်ပံ့ပေးသော War-Gaming ကုမ္မဏီ ရှာဖွေမှုမှ ထွက်သွားခဲ့သော်လည်း ရှာဖွေမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကာ ငွေကြေးအတွက်လည်း စိုးရိမ်စရာမရှိကြောင်း ရွှေတောင်ပေါ် ကုမ္မဏီ၏ အထွေထွေ မန်နေဂျာ ဦးထွန်းကျော်က ပြောကြားသည်။

Spitfire အမျိုးအစား လေယာဉ်များမှာ မြန်မာပြည်တွင် အစီးရေ ခြောက်ဆယ်ခန့်ရှိပြီး ရန်ကုန်၊ မြစ်ကြီးနားနှင့် မိထ္ထီလာတို့တွင် ရှိခြင်းဖြစ်သည်ဟု ရွှေတောင်ပေါ် ကုမ္မဏီ၏  ထုတ်ပြန်ချက်အရ သိရသည်။

 ရန်ကုန်တွင် အဆိုပါ လေယာဉ်များအား  တူးဖော်ခြင်းကို ဇန်န၀ါရီလ ၉ ရက်နေ့တွင် စတင်၍ ဆောင်ရွက်
နေပြီးဖြစ်ပြီး စာရင်းအရ ရန်ကုန်တွင် အစီးရေ ၃၆ စီး ရှိသည်ဟု သိရသည်။

ရှာဖွေရရှိသော လေယာဉ်များကို ပိုင်ဆိုင်မှု အချိုးအစား ခွဲဝေရာတွင် မြန်မာနိုင်ငံ အစိုးရက ၅၀ ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံက လာရောက်ရှာဖွေသော ကုမ္မဏီဘက်က ၃၀ ရာခိုင်နှုန်းနှင့် ရွှေတောင်ပေါ်အုပ်စု ကုမ္မဏီက ၂၀ ရာခိုင်နှုန်းဖြစ်သည်ဟု သိရပြီး ယင်းအချိုးအစားမှာ လေယာဉ်နှင့် ဆက်စပ် ပစ္စည်းများအတွက်သာ ဖြစ်သည် ဟုလည်း ယင်းကုမ္မဏီက ပြောကြားသည်။ တူးဖော်ရာတွင် လေယာဉ်နှင့် မသက်ဆိုင်သော အခြား ပစ္စည်းများ တွေ့ရှိပါက နိုင်ငံတော် အစိုးရ၏ ပိုင်ဆိုင်မှုသာ ဖြစ်သည်ဟု သဘောတူစာချုပ် ချုပ်ထားပြီး
ကြောင်းလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။