Friday, February 22, 2013

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအား ယာယီမြန်မာနိုင်ငံကူး လက်မှတ်များ ထုတ်ပေးနေခြင်းကြောင့် ပြည်တွင်းမှ တရားမ၀င် သွားရောက်မှုနှုန်း မြင့်တက်၊ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသူများကိုသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းဖြစ်


ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအား တရားဝင်ဖြစ်စေရန် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးနေခြင်းကို အခွင့်ကောင်းယူ၍ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် သွားရောက်မှုနှုန်း မြင့်တက်လာနေသည်ဟု လူကုန်ကူး အထူးတပ်ဖွဲ့၊ နေပြည်တော်မှ ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ပြောကြားလိုက်သည်။

"အခု ယာယီနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံး ၁၁ ရုံးဖွင့်ပြီး လက်မှတ်တွေ ထုတ်ပေးနေတော့ ထိုင်းထဲကို ရောက်နေတဲ့သူတွေက မြန်မာပြည်ထဲက အသိအကျွမ်းတွေကို လှမ်းခေါ်ကြတယ်။ ဒီဘက်ကလူတွေကလည်း အခွင့်ကောင်းပဲဆိုပြီး တရားမ၀င် သွားနေကြတယ်။ သူများနိုင်ငံကို တရားမ၀င် သွားရောက်တာဟာ ပြစ်မှုဖြစ်တယ်ဆိုတာ မသိကြတော့ဘူး။ ယာယီနိုင်ငံကူးလက်မှတ်က ထိုင်းနိုင်ငံထဲကို ရောက်နေပြီးသူတွေကို ထုတ်ပေးနေတာ ဖြစ်တယ်။ ဒီကအသစ်သွားမယ့် သူတွေကို ထုတ်ပေးတာ မဟုတ်ဘူး" ဟု ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်သူ အရေအတွက်မှာ ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း ကော့သောင်းဝင်ပေါက် တစ်ခုတည်းမှ ဦးရေ ၅၀၀၀ ခန့်ရှိသည်ဟု ၎င်းကဆိုသည်။
"ခုလိုသွားနေတာ နယ်စပ်ကမြို့တွေကို ခုနစ်ရက် (တစ်ပတ်) ၀င်ထွက်ခွင့်ပြုထားတဲ့ ယာယီလက်မှတ်နဲ့ သွားတာဖြစ်ပြီး တစ်ယောက်မှ ပြန်မလာကြတော့တာ ဖြစ်ပါတယ်။ အဲဒါ ၁၅ ရက်အတွင်း လူ ၅၀၀၀ လောက် ရှိပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနက အဆိုပါ မြန်မာယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်သည် ထိုင်းနိုင်ငံ အလုပ်ရှင်များထံ၌ လက်ရှိလုပ်ကိုင်နေသော အလုပ်သမားများသာ အကျုံးဝင်ပြီး အဆိုပါ လက်မှတ်အတွက် ကုန်ကျစရိတ်သည် ဘတ် ၅၅၀ သာ ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ယာယီ မြန်မာနိုင်ငံကူး လက်မှတ်များကို ထိုင်းနိုင်ငံအတွင်းရှိ ပထုံဋ္ဌာနီ၊ စမုပရာကန်၊ စမုစခွန် (မဟာချိုင်)၊ ချင်းမိုင်၊ ရနောင်း၊ ဆူရတ်ဌာနီ၊ ခွန်ခမ်း၊ လရောင်၊ ကတ်ချနာဘူရီ၊ မဲဆိုင် (ချင်းရိုင်)၊ မဲဆောက် (တပ် ခရိုင်) တို့ရှိ ယာယီမြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးများတွင် ထုတ်ပေးလျက်ရှိနေသည်။
ထိုင်းနိုင်ငံအတွင်းသို့ မြန်မာအလုပ်သမားများ တရားမ၀င် သွားရောက်မှုများ ရှိနေသဖြင့် တရားဝင်အလုပ်သမား ပို့ဆောင်နေသည့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကပင် စောင့်ကြည့်နေရသည့် အနေအထား ရှိနေသည်ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပြောကြသည်။
ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ကျေးလက်နေ လူတန်းစားများ အများစုဖြစ်ပြီး ယာယီနယ်စပ်သွားလာခွင့် လက်မှတ်နှင့် ၀င်ရောက်ကြခြင်းဖြစ်ကာ ထိုင်းနိုင်ငံအတွင်း ရောက်ရှိမှ ကြုံရာအလုပ်ကို ရှာဖွေလုပ်ကိုင်နေကြခြင်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။