Monday, September 10, 2012

ပဲခူးမြို့တွင် စွန့်ပစ်ထားသည့် မွေးကင်းစ ကလေး(၁)ယောက်တွေ့ရှိ


7497
ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်းမနှင့် ကျုံးရိုးလမ်းတို့ဆုံရာ လမ်းထောင့်တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၅း၀၀)နာရီအချိန်ခန့်၌ စွန့်ပစ်ထားသည့် မွေးကင်းစကလေး(၁)ယောက်အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ကလေးအား ဈေးသည်တစ်ဦးမှ ငိုသံကြား၍ သွားကြည့်ရာမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထဘီနှင့်ထုပ်၍စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကလေး၏သက်တမ်းမှာ ရက်အနည်းငယ်သာရှိပြီး ချက်ကြိုးပင် မဖြတ်ရသေးကြောင်း၊ မိန်းကလေးဖြစ်ကြောင်း သိရသည်။ အဆိုပါကလေးအား ပဲခူးမြို့၊ မြို့သစ်(ခ)ရပ်ကွက်နေ ဦးကျော်မင်းလွင် ဆိုသူမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ရှေ့မှောက်တွင် စာချုပ်စာတမ်းဖြင့် မွေးစားခဲ့ကြောင်း သိရသည်။
“ကျွန်တော် ကလေးမွေးစားတာ (၂)ယောက်ရှိသွားပြီ၊ ပထမတစ်ယောက်က ယောက်ျားလေး၊ မိခင်ကိုယ်တိုင်က ကြည်ကြည်ဖြူဖြူနဲ့ပေးလို့ မွေးစားထားတာ၊ အခုဆိုရင်(၉)လသား အရွယ်ရှိနေပြီ၊ အခုမွေးစားတာကတော့ မိန်းကလေး၊ ကလေးက ခန္ဓာကိုယ်နည်းနည်းသေးပေမဲ့ ကျန်းမာရေး အတော်ကောင်းတယ်”ဟု ကလေးအား မွေးစားခဲ့သည့် ဖခင် ဦးကျော်မင်းလွင် မှ ပြောကြားပါသည်။
“ကျွန်တော်တို့မြို့မှာ အခုလိုကလေးစွန့်ပစ်တဲ့ကိစ္စ မကြားဖူးတာ နှစ်အတော်လေး ကြာသွားပြီ၊ အခုမှပြန်ကြားရတာ၊ ဒီသတင်းကြားရတော့ ဘာမှအပြစ်မရှိတဲ့ ကလေးအတွက် အတော်လေး စိတ်မကောင်းဖြစ်မိတယ်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကလည်း နောက်နောင်မှာ အခုလိုမျိုးကိစ္စတွေ ထက်မဖြစ်အောင် သေသေချာချာ စစ်ဆေးဖော်ထုတ်သင့်တယ်”ဟု ပဲခူးမြို့ခံတစ်ဦးမှ ပြောကြားပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။