Monday, September 10, 2012

မန္တလေး- ဂန့်ဂေါ- ကလေးပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ယမားချောင်း ရေကြီးမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် အစီးရေ ၁၀၀ နီးပါး သွားလာမှု ရပ်ဆိုင်း


မန္တလေး- ပခုက္ကူ- စလင်း- ဂန့်ဂေါ- ကလေး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ယမားချောင်း ရေကြီးမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် စုစုပေါင်း ယာဉ်အစီး ရေ ၁၀၀ နီးပါး ယာဉ်အသွားအလာ ရပ်ဆိုင်းထားရကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါယမားချောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စလင်းကြီး မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ကြားတွင် တည်ရှိကြောင်းလည်း သိရှိရသည်။

ယမားချောင်းရေကြီးမှုနှင့် စပ်လျဉ်း၍ “ဒီယမားချောင်းက မန္တလေး- ပခုက္ကူ- စလင်း- ဂန့်ဂေါ- ကလေး ပြည်ထောင်စုလမ်းမကြီးပေါ် မှာ ရှိပါတယ်။ ခါတိုင်းရာသီတွေမှာလည်း ဒီလမ်းကပဲသွားရင် ယမားချောင်းထဲ ဖြတ်ဆင်းပြီး ကားတွေက သွားရလာရပါတယ်။ မိုးတွင်းဘက်လည်း ဒီချောင်းထဲဖြတ် ဆင်းပြီး သွားရတာပါ။ စက်တင်ဘာလ ၄ ရက်နေ့ညက မိုးအရမ်းရွာတော့ တောင်ကျချောင်းရေတွေ ကြောင့် ၅ ရက်နေ့ မနက်လည်း ရောက်ရော ယမားချောင်း ရေကြီးပြီး ကားတွေ လုံးဝဖြတ်မရတော့ဘူး။ ခရီးသည်တင် ကားတွေရော၊ ကုန်ကားတွေရော ယာဉ်သွားလာမှု အားလုံးရပ်ဆိုင်းသွားခဲ့တာပါ”ဟုလည်း မြိုင် မြို့နယ်မှ ကုန်ကားပိုင်ရှင် ကိုသက်နိုင်ဦးက ပြောကြားခဲ့သည်။
စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သောအဆိုပါ ရေကြီးမှုဖြစ်စဉ်ကြောင့် ၅ ရက်နေ့ ညနေပိုင်း၌ ယမားချောင်း တစ်ဘက်စီ၌ ယာဉ်အစီးရေ ၅၀ ခန့်ဖြင့် စုစုပေါင်း ကုန်တင်ယာဉ်နှင့် ခရီး သည်တင် ယာဉ်အစီးရေ ၁၀၀ ခန့်ယာဉ်သွားလာမှုရပ်ဆိုင်းကာ ကုန်သွယ်မှုလည်း ယာယီရပ်ဆိုင်း နေခဲ့ကြောင်း ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းရှင်များထံမှ သိရှိရ သည်။
စက်တင်ဘာလ ၆ ရက်နေ့ တွင်မူ ကုန်တင်ယာဉ်အချို့မှာ ထော် လာဂျီများဖြင့် တစ်ဘက်ကမ်းသို့ ကုန်ရွှေ့ပြောင်းသယ်ယူမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရှိရပါသည်။
“ရေကြီးနေတော့ ကုန်တွေကို ချိန်းထားတဲ့ရက်မှာ မပို့နိုင်တော့ဘူး။ ဒါကြောင့် စက်တင်ဘာလ ၆ ရက် နေ့လည်းရောက်ရော ထော်လာဂျီ ငှားပြီးကုန်တွေကို တစ်ဖက်ကမ်းကို သယ်ကြတယ်။ ကားချည်းပဲ ရေထဲ ဖြတ်မောင်းရတာပေါ့။ ခရီးသည် တင်ကားတွေလည်း ဒီလိုပဲ ရေနည်း နည်းကျရော ကားကိုရေထဲဖြတ် မောင်းပြီး သွားရတယ်။ တချို့ကား တွေကျတော့ ဆက်မောင်းမရလို့ ဒီ အတိုင်းပဲ ထားရပါတယ်။ အခု (စက်တင်ဘာလ ၇ရက်နေ့)အထိ ကားတွေ သွားမရသေးပါဘူး”ဟုလည်း ပခုက္ကူနှင့် ဂန့်ဂေါပြေးဆွဲနေသည့် ကုန်ကားလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။