Friday, September 14, 2012

 ချမ်းမြသာစည်မြို့နယ် မြို့ကွက်သစ်မြေများပေါ်တွင် ကျုးကျော်နေထိုင်သူများအား ဖယ်ရှားပေးရန် မန္တလေးမြို့တော်ဝန်နှင့် စည်ပင်သာယာရေး ၀န်ကြီးဌာန၀န်ကြီးမှ တွေ့ဆုံပြောကြား


မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြို့ကွက်သစ်မြေများပေါ်တွင် ကျုးကျော်နေထိုင်သူများအား မန္တလေးမြို့တော်ဝန်နှင့် စည်ပင်သာယာရေးဌာန၀န်ကြီးမှ တွေ့ဆုံရှင်းလင်းပြောကြားသည့် အခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်နေ့က ချမ်းမြသာစည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မန္တလေးမြို့တော်ဝန်နှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၀န်ကြီး ဦးအောင်မောင်းက''ချမ်းမြသာစည်မြို့နယ် မြရည်နနာရပ်ကွက်ရှိ မြို့ကွက်သစ်များကို မြို့ပြဖွံဖြိုးတိုးတက်ရေးအတွက် ၁၉၉၁ခုနှစ် ကတည်းက လုပ်ထုံးလုပ်နည်းများနဲ့အညီ နိုင်ငံတော်ကနေ တရားဝင်သိမ်းယူထားပြီးဖြစ်ပါတယ်။ မြို့ကွက်သစ် ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့ကို မြို့တိုးချဲ့ရေးအတွက် လန ၃၉ ခွင့်ပြုမိန့် ထုတ်ပေးထားခဲ့ပါတယ်။ မြေပေါ်လက်ရှိနေထိုင်သူတွေဟာ တရားမ၀င် ဥပဒေမဲ့ ၀င်ရောက်နေထိုင်သူတွေဖြစ်တဲ့အတွက် ကြဂုတ်လ ၁၅ရက်နေ့ သတင်းစာမှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ကြေငြာထားပြီးလည်း ဖြစ်ပါတယ်။ ဖယ်ရှားပေးဖို့ သတ်မှတ်ရက်အတွင်း ကျော်လွန်သွားပြီဖြစ်တဲ့အတွက် မိမိအစီစဉ်နဲ့ အေးချမ်းစွာ ဖယ်ရှားပေးကြဖို့ ပြောကြားလိုပါတယ်။ ဖယ်ရှားပေးခြင်း မရှိဘူဆိုရင် စီမံခန့်ခွဲရေး နည်းလမ်းအရလည်းကောင်း၊ တရားဥပဒေနည်းလမ်းအရလည်းကောင်း၊ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ရှင်လင်းပြေ ကြားခဲ့ပါသည်။
''ဖယ်ရှားပေးဖို့အတွက် စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ အချိန်သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေကနေ အသံချဲ့စက်နဲ့ ဆော်သြမယ်။ မြေစိုက်ပိုစတာတွေ စိုက်ထူပြီး သတင်းစာတွေမှာလည်း ထည့်သွင်းကြေငြာသွားမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၇ရက်နေ့ဆိုရင် ကျွန်တော်တို့ရဲ့ နည်းဥပဒေ ၃၁နဲ့ ၃၃အရ လုံလောက်တဲ့ လူအင်အား၊ စက်ယန္တရားယာဉ်တွေနဲ့ ဖယ်ရှားရှင်းလင်းသွားမယ်။ မဖယ်ရှားတဲ့ ကျုးကျော် နေအိမ်များကို တရားဥပဒေအရ ကျုးကျော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ်တဲ့ ရက်အတွင်းမှာ ဖယ်ရှားပေးဖို့ မေတ္တာရပ်ခံပါတယ်''ဟု မြေယာစီခန့်ခွဲဌာနမှူး ဦးတင်ထွဋ်ကျော်က ပြောကြားပါသည်။
အဆိုပါတွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကို ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြို့ကွက်သစ်မြေများပေါ်တွင် ကျုးကျော်နေထိုင်သူ ၅၅၀ ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူအတွင်းမှ အောင်သာယာရပ်ကွက်တွင် နေထိုင်ပြီး မြေ၀ယ်ထားရှိသူ တစ်ဦးက ''အခုလိုအခြေအနေမျိုးတွေ ဖြစ်မလာအောင် အစောပိုင်းကတည်းက တားဆီးသင့်တယ်။ အခုနေရာမှာ ၀န်းတွေ၊ ခြံတွေခတ်ပြီး အုန်အော်သောင်းနင်း မြေအရောင်းအ၀ယ် ဌာနဆိုင်ရာလူကြီး မသိနိုင်စရာ မရှိပါဘူး။ ရှိစုမဲ့စု လေးတွေ ခြစ်ကုတ်ပြီးဝယ်ထားတဲ့ မရှိဆင်းရဲသားတွေ လက်ထဲရောက်တော့မှ တရားမ၀င်ပါဘူး၊ ဖယ်ရှားပေးကြပါပြောတာကတော့ တရာမျှတမှု မရှိပါဘူး''ဟု ပြောကြားသွားခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။