Friday, September 14, 2012
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ပေးရေးနှင့် သိမ်းဆည်း ခံယာမြေများပြန်ရရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ထိန်းသိမ်းခံထားရသူများအရေးနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်တို့ စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါတွေ့ဆုံမှုတွင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဆန္ဒထုတ်ဖော်မှုကြောင့် ထိန်းသိမ်းခံ ထားရသူများနှင့်တွေ့ဆုံခွင့်ပြုရန်၊ ၎င်းတို့အား အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ လက်ပံတောင်းတောင်ခြေ၀န်းကျင် ကျေးရွာများမှ ဒေသခံများတောင်း ဆိုနေသည့် တောင်းဆိုချက်များအား  ဖြေရှင်းပေးရန်မေးမြန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖမ်းဆီးထားသူများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့အား ပြန်လွှတ်ပေးရန်အတွက်မူ ဥပဒေအရာရှိနှင့် တိုင်ပင် ရဦးမည်ဖြစ်ကြောင်း၊ ဒေသခံများ တောင်းဆိုနေသည့် အချက်များနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆွေးနွေးကာ ပြန်လည်ဖြေရှင်းသွားမည်ဟု ၀န်ကြီးချုပ်က ပြောကြားကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောကြားပါသည်။
ထို့အပြင် ယာမြေသိမ်းဆည်းခံရသူများနှင့် ကျေးရွာပြောင်းရွှေ့ခံထားရသူများ၏ လိုအပ်ချက်၊ လိုလားချက် များကိုတိုင်းဒေသကြီးအစိုးရနှင့် ဆွေးနွေးရန် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်ဟုလည်း ဒေါ်ခင်စန်းလှိုင်က ပြောကြားခဲ့သည်။
ယနေ့(စက်တင်ဘာလ ၁၂ ရက်) တွင် မုံရွာမြို့ပေါ်၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဆန္ဒထုတ်မော်မှု ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ရန်ကုန်အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီအပါအ၀င် လေးဦးသည် မုံရွာမြို့သို့ ညနေခင်းပိုင်းက ရောက်ရှိလာခဲ့သည်။
လက်ရှိအချိန်တွင် စက်တင်ဘာလ ၁၀ ရက်နေ့က ထိန်းသိမ်းခံခဲ့ရသော ကျေးရွာသူ ၁၂ဦးအနက် ၉ ဦးမှာ ထိုနေ့ ညပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး မသွဲ့သွဲ့ဝင်း၊ မအေးသက်နှင့် မဖြူဖြူဝင်းတို့မှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။