Monday, August 20, 2012

 မန္တလေးမြို့တွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် City Taxi အစီးရေ ၃၀၀ခန့် ၀င်ရောက်ပြေးဆွဲရန် စီစဉ်တင်ပြထား


မန္တလေးမြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် City Taxi အစီး ၃၀၀ ခန့်ဝင်ရောက်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့ပြနှင့် ကျေးလက်ဒေသ သယ်ယူပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရှိရသည်။

ယင်းသို့ မန္တလေးမြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် City Taxi များ ၀င်ရောက်ပြေးဆွဲရန် မိုးသောက်နှင်းကုမ္ပဏီမှ တင်ပြထားခြင်းဖြစ်ပြီး မြို့တွင်း စီးပွားရေးအချက်အချာနေရာများ၊ အထင်ကရနေရာများ၊ ဘူတာများ၊ ဟိုတယ်များစသည့် ခရီးသွား ဧည့်သည်များသွားလာရန် အခက်အခဲရှိသော နေရာတို့တွင် ဂိတ်အသီးသီးထားရှိကာ ပြေးဆွဲစေမည်ဖြစ်ပြီး မြို့တွင်းရွေ့လျားပြေးဆွဲမည့်ယာဉ်များဖြင့်လည်း ပြေးဆွဲရန် လျာထားဆောင်ရွက်နေကြောင်း သိရသည်။
''ဘူတာကြီးရှေ့မှာ ယာဉ် ၁၅ စီးထားရှိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ တစ်မြို့လုံးအတိုင်းအတာမှာ ယာဉ်စီးရေ ၃၀၀ ဆိုတာ မနည်းပါဘူး။ ဒါပေမယ့် မန္တလေးဘူတာကြီးဝန်းကျင်မှာ အခုထက်ပိုမိုတဲ့ ယာဉ်စီးရေထားရှိဖို့ အကြံပြုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ညအချိန် မီးရထားဝင်ရောက်တဲ့အချိန်မှာ ခရီးသည်တွေသွားလာဖို့ အခက်အခဲ အများအပြားကြုံတွေ့နေရတယ်''ဟု မြန်မာ့မီးရထားဝန်ထမ်းတစ်ဦးက မန္တလေးဘူတာကြီးတွင်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြဆွေး နွေးခဲ့သည်။
ဘုရားကြီးအရှေ့ဘက်မုခ်၊ ဈေးချို၊ ဂေါဝိန်ဆိပ်၊ မရမ်းခြံဆိပ်တို့တွင် ယာဉ်စီးရေ ၁၀ စီးစီ၊ ဘူတာကြီး၊ ဆေးရုံကြီးနေရာဝန်းကျင်တို့တွင် ၁၅ စီးစီနှင့်ကားကြီးကွင်း လေးခုတွင်မူ အစီး ၅၀ နှင့် မြို့တွင်းရွေ့လျားပြေး ဆွဲမည့်ယာဉ်အစီး ၄၀ ဖြင့် လိုအပ် နေသော မြို့တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍအား အဆင့်မီ City Taxi  များပြေးဆွဲရန် တင်ပြထားခြင်းဖြစ်သည်ဟု သိရသည်။
''အခုမြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ ယာဉ်အိုဟောင်းတွေနေရာမှာ လိုက်ထရပ်တွေ၊ ဟိုင်းလပ်တွေ အစားထိုးဝင်ရောက်လာပေမယ့် လိုအပ်ချက်ကတော့ ရှိနေဆဲပဲ။ မန္တလေးက ဆိုင်ကယ်မြို့တော်ဖြစ်တာနဲ့အညီ တစ်ဦးချင်းသယ်ယူပို့ ဆောင်ရေးအတွက် ဆိုင်ကယ် Taxi တွေပြေးဆွဲပေးတာမျိုးက ခရီးဝေး ဧည့်သည်အမျိုးသမီးတွေအတွက် အဆင်မပြေပါဘူး''ဟု မန္တလေးမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။