Monday, August 20, 2012

 သြဂုတ်လ တတိယပတ်အတွင်း သံလွင်၊ စစ်တောင်းအပါအ၀င် မြစ်ငယ်များတွင် စိုးရိမ်ရေမှတ် ကျော်လွန်မှုများ ဆက်လက်ကြုံတွေ့နေ



74610
သြဂုတ်လ ၁၅ ရက်နေ့က ကျိုက်မရောမြို့နယ် ဖယ်တေးကျေးရွာတွေင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
သြဂုတ်လ တတိယပတ်အတွင်း သံလွင်မြစ်၊ စစ်တောင်းမြစ် အပါအ၀င် မြစ်ငယ်များဖြစ်သော င၀န်မြစ်၊ ရွှေကျင်မြစ်တို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်ခြင်းများ ဆက်လက် ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁၆ ရက်နေ့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်တွင် မဒေါက်မြို့၊ သြဂုတ်လ ၁၇ ရက်နေ့ထုတ်ပြန်ချက်အရ သံလွင်မြစ်တွင် ဘားအံမြို့၊ ရွှေကျင်မြစ်တွင် ရွှေကျင်မြို့၊ င၀န်မြစ်တွင် ငါးသိုင်းချောင်းမြို့တို့၌ စိုးရိမ် ရေမှတ်ကျော်လွန်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
စစ်တောင်းမြစ်တွင် မဒေါက်မြို့၌ ၁၂၀၈ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ၁၃၈ စင်တီမီတာ(၄ ဒသမ ၅ ပေခန့်) ကျော်လွန်နေသည်။
သံလွင်မြစ်တွင် ဘားအံမြို့၌ ၇၈၂ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် အထက် ၃၂ စင်တီမီတာ(တစ်ပေခန့်) ကျော်လွန်နေကြောင်း၊ ရွှေကျင်မြစ်တွင် ရွှေကျင်မြို့၌ ၇၁၈ စင်တီမီတာသို့ ရောက်ရှိနေကာ စိုးရိမ်ရေမှတ်အထက် ၁၈ စင်တီမီတာ (၀ ဒသမ ၆ ပေခန့်) ကျော်လွန်နေကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။
င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၁၁၇၆ စင်တီမီတာ သို့ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ၄၆ စင်တီမီတာ(၁ ဒသမ ၅ ပေခန့်) ကျော်လွန်နေကာ နောက် လာမည့် သုံးရက်အကြာ (သြဂုတ်လ ၂၀ ရက်နေ့ဝန်းကျင်)အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၁၁၃၀ စင်တီမီတာ အထက်တွင် ဆက်လက် တည်ရှိနေမည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝဘေးအန္တရာယ်ကို သတိပြုရသည့်ကာလ သုံးခုရှိပြီး မိုးဦးကာလ ဇွန်လ၊ မိုးလယ်ကာလ ဇူလိုင်နှင့်သြဂုတ်လ၊ မိုးနှောင်းကာလ စက်တင်ဘာလတို့ ဖြစ်သည်။
မိုးဦးကာလဖြစ်သော ဇွန်လအတွင်းကလည်း ဧရာဝတီမြစ်တွင် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ကသာ မြို့တို့၌မြစ်ရေကြီးခြင်း သတိပေးချက် ကို ထုတ်ပြန်ခဲ့ရပြီး ဗန်းမော်မြို့တွင် စိုးရိမ်ရေမှတ်သို့ ကျော်လွန်ခဲ့သည်။
မိုးလယ်ကာလအတွင်း ဇူလိုင် လ နောက်ဆုံးပတ်အတွင်းမှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြစ်ရေကြီးခြင်း သတိပေးချက်များကို စစ်တောင်းမြစ်တွင် မဒေါက်မြို့နှင့် တောင်ငူမြို့၊ သံလွင်မြစ်တွင် ဘားအံမြို့၊ပဲခူးမြစ်တွင် ပဲခူးမြို့၊ င၀န်မြစ်တွင် ငါးသိုင်းချောင်းမြို့၊ ဧရာဝတီမြစ်တွင် ဟင်္သာတမြို့၊ ရွှေကျင်မြစ်တွင် ရွှေကျင်မြို့စသည်တို့၌ ထုတ်ပြန်ခဲ့ရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။