Monday, August 20, 2012

 လေပြင်းတိုက်ခတ်မှုနှင့် မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုနှင့် ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့၍ အိမ်ထောင်စုပေါင်း ၂၅၀၀ ကျော်ခန့် အထောက်အပံ့ အကူအညီ လိုအပ်လျက်ရှိ



74613
သြဂုတ်လ ၁ ရက်နေ့က မှော်ဘီမြို့နယ်အတွင်း ရေကြီးမှုဖြစ်ပေါ်၍ လာရောက်လှူဒါန်းမှုအား တွေ့ရစဉ်

ဇူလိုင်လနှင့် သြဂုတ်လအတွင်း လေပြင်း တိုက်ခတ်မှုများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် မြစ်ရေကြီးမှုများကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုများနှင့် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်းနှင့် နေအိမ် ရေနစ်မြုပ်မှုများ ဆက်လက်ဖြစ်ပေါ်နေ၍ လက်ရှိအချိန်ထိ ကယ်ဆယ်ရေး စခန်းများတွင် အိမ်ထောင်စုပေါင်း ၂၅၀၀ ကျော်ခန့်ရှိနေကြောင်း၊ သက်ဆိုင်ရာ အထောက်အပံ့ အကူအညီများ လည်း လိုအပ်နေကြောင်း လူမှုဝန် ထမ်းနှင့် ပြန်လည်နေရာချထားရေး ဗဟိုမှ သိရှိရသည်။

ဇူလိုင်လ နောက်ဆုံးပတ်မှစ၍  မိုးသည်းထန်းစွာ ရက်ဆက် ရွာသွန်းခဲ့သောကြောင့် ပဲခူးမြစ်၊ င၀န်မြစ်၊ ဧရာဝတီမြစ်၊ သံလွင်မြစ်၊ အတ္တရံ မြစ်ရေကြီးမှုများကြောင့် မြစ်ကမ်းပါးနှင့် နီးသော မြို့အချို့ရှိ နေအိမ် များတွင် ရေနစ်မြုပ်မှုများ ကြုံတွေ့ နေရကြောင်း၊ မြေနိမ့်ပိုင်းဒေသများတွင်လည်း ရေကြီးမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။
ဇွန်လနောက်ဆုံးပတ်မှစ၍ သြဂုတ်လလယ်ထိ လေဆင်နှာမောင်း တိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် လူနေအိမ်များ ပြိုကျပျက်စီး ရေနစ်မြုပ်သည့် နေအိမ်များ ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စု ၃၀၀ နီးပါး လူဦးရေ ၃၅၀၀ ခန့်၊ ဧရာဝတီတိုင်းဒေသကြီး တွင်အိမ်ထောင်စု ၇၀၀ ကျော် လူဦးရေ ၂၀၀၀ ခန့်၊ ကရင်ပြည်နယ် တွင် အိမ်ထောင်စုပေါင်း ၁၁၄၆ စု လူဦးရေ ၅၉၂၄ ဦး၊ ပဲခူးတိုင်း ဒေသကြီးတွင် အိမ်ထောင်စု ၈၀ စု လူဦးရေ ၂၂၁ ဦး၊ မွန်ပြည်နယ် အိမ်ထောင်စု  ၂၀၀ လူဦးရေ ၁၀၀၀ ခန့်၊ ရှမ်းပြည်နယ်တွင် အိမ်ထောင် စု ၅၀ ခန့် လူဦးရေ ၁၀၀ နီးပါး တို့မှာ နီးစပ်ရာ မြို့နယ်များတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ၀န်ထမ်းတွေက ဖြစ်ဖြစ်ချင်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ ပြီးတော့ ပြန်လည် နေရာချထားရေးကို လုပ်ဆောင်တယ်ပေါ့။ ဒါပေမယ့် အခုအနေထားက မိုးအဆက်မပြတ် ရွာနေတာဆိုတော့ အတည်တကျ နေထိုင်လို့ရအောင် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။ အဲဒီအတွက် ကယ်ဆယ်ရေးစခန်းတွေမှာ အထောက်အပံ့ပစ္စည်းတွေလည်း လိုအပ်နေပါတယ်”ဟု လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဗဟိုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
သြဂုတ်လလယ်အထိလေပြင်း တိုက်ခတ်မှုများနှင့် ရေကြီးမှုများနှင့် ဆက်စပ်၍ သေဆုံးသူဦးရေ လေးဦးထိရှိကြောင်း၊ ဒဏ်ရာရှိသူအရေ အတွက်မှာ ၂၀ ကျော်ခန့်ရှိကြောင်း သိရှိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့်  ကရင်ပြည်နယ်တို့၌ သဘာဝဘေး ဒဏ်ကို အများဆုံးခံစားနေရကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။