Monday, August 20, 2012

 ရေလုပ်ငန်းကဏ္ဍတွင် အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ သမဂ္ဂဖွဲ့စည်းရန်နှင့် အများပိုင်ကုမ္ပဏီ တည်ထောင်ရန်စီစဉ်


ရေလုပ်ငန်းကဏ္ဍတွင် အလုပ်ရှင် အလုပ်သမားဆိုင်ရာ သမဂ္ဂဖွဲ့စည်း သွားရန်နှင့် အများပိုင်ကုမ္ပဏီ တစ်ခုတည်ထောင်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်း က သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောခဲ့သည်။

“ငါးလုပ်ငန်းဆိုင်ရာကဏ္ဍမှာ အလုပ်ရှင် အလုပ်သမားဆိုင်ရာ သမဂ္ဂဖွဲ့ဖို့ မူအားဖြင့် သဘောတူထားပါတယ်။ ဘယ်လိုဖွဲ့စည်းဆောင်ရွက် သွားမယ်ဆိုတာကိုတော့ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီလို ဖွဲ့စည်းဆောင်ရွက်သွားဖို့ အဖွဲ့ချုပ်အနေနဲ့ အစည်းအဝေးလည်း လုပ်ပြီးပါပြီ”ဟု ၎င်းကပြောကြားခဲ့ပါသည်။
အများပိုင် ကုမ္ပဏီတည်ထောင်ရေးနှင့် ပတ်သက်၍လည်း “လာမယ့် ကာလတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း ၀င်လာမယ်။ အေအီးစီကလည်း လာတော့မယ်။ အဲဒီမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် အများပိုင် ကုမ္ပဏီဖွဲ့စည်းဖို့ လိုအပ်လာပါတယ်။ အခုအခြေအနေက တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း လုပ်ကိုင်နေကြတာမို့ ငွေကြေးပိုင်းဆိုင်ရာမှာလည်း အားနည်းတယ်။ နည်းပညာပိုင်းမှာလည်း အားနည်းတာတွေရှိပါတယ်။ ဒါကြောင့် ရေလုပ်ငန်းဆိုင်ရာ အများပိုင်ကုမ္ပဏီ ကိုတော့ ထူထောင်သွားဖို့ လိုပါတယ်။ စီစဉ်မှုတွေဆွေးနွေးမှုတွေ လုပ်သွားမှာပါ” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ရေလုပ်ငန်းနယ်ပယ် အတွင်း အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်း ထူထောင်ပြီးပါက ဥရောပနိုင်ငံများ သို့တင်ပို့သည့် မြန်မာ့ရေထွက်ကုန်များ တင်သွင်းခွန် ၁၃ ဒသမ ၇ ရာ ခိုင်နှုန်းပေးနေရမှု အပေါ် သက်သာရာရမည့် အခွန်အထူးသက်သာခွင့်များ ရနိုင်သည့် အခြေအနေရှိကြောင်းလည်း သိရှိရသည်။
“အဖွဲ့ချုပ်အနေနဲ့ အများပိုင် ကုမ္ပဏီထူထောင်ပြီး Commercial Direction တစ်ခု ပြောင်းသင့်နေပါပြီ။ အများပိုင်ကုမ္ပဏီတစ်ခု ထူထောင်ဖို့အတွက် အဖွဲ့ချုပ်ဥက္ကဋ္ဌကလည်း နှုတ်အားဖြင့် လမ်းညွှန်ထား ပြီးဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် တစ်ဦးက ပြောခဲ့သည်။
ရေလုပ်ငန်းကဏ္ဍသည် နိုင်ငံခြားငွေ ရှာဖွေပေးနေသည့် လုပ်ငန်းများတွင် အဓိကျသောနေရာမှ ပါဝင်နေပြီး၂၀၁၁-၁၂ဘဏ္ဍာရေးနှစ်တွင် ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဝင် ငွေရရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။