Thursday, August 9, 2012

ရွှေဘိုနယ်တွင် အစုချလယ်စိုက်စနစ်က နှစ်ဦးနှစ်ဖက်အဆင်ပြေ


စပါးစိုက်တောင်သူများအနေဖြင့် လယ်အလုပ်သမားများနှင့် ဖက်စပ်၍ လယ်အစုချစိုက်ပျိုးရေး စနစ်ဖြင့် စိုက်ပျိုးလာခြင်းကြောင့် လယ်ယာမဲ့တောင်သူအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာကြောင်း တောင်သူများထံက သိရသည်။

လယ်အစုချသောတောင်သူများအနေဖြင့် လယ်(၁)ဧကအား (၁)သီးလျှင် ရရှိသောသီးစား (၄)ပုံ(၁)ပုံခန့် လယ်ငှားခအဖြစ်ရရှိကြောင်း လယ်အစုချစားသူ ရွှေဘိုနယ်ခံတောင်သူများထံက သိရှိရသည်။

"ကျုပ်တို့မှာမြေပိုင်မရှိဘူး သူများအခင်းတွေမှာ လူငှားလုပ်စားရတယ် လယ်စုချမယ့်သူရှိတော့ လုပ်ရကိုင်ရတာအဆင်ပြေပြီး ကျုပ်တို့မိသားစု အမြတ်ပိုရတယ်"ဟု ရွှေဘိုနယ် တခေါင်းမင်းကျေးရွာမှလယ်သမားကိုဖောင်ထွန်းက ပြောသည်။

ရွှေဘိုနယ်ရှိကျေးရွာများတွင် လယ်အစုချခြင်းအား တရားဝင်စာချုပ်ချုပ်ဆိုခြင်းမရှိပဲ ယုံကြည်သူ အချင်းချင်းနှုတ်ကတိနှင့်   ဆောင်ရွက်နေခြင်းဖြစ်ပြီး ၄င်းကိစ္စနှင့်ပတ်သက်၍ ယနေ့ထိပြဿနာတစ်စုံတစ်ရာမရှိကြောင်း တခေါင်းမင်းကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွှေဘိုနယ်တွင်ရှိသော လယ်အစုချသူအများစုသည် လယ်ယာမြေပိုင်ဆိုင်သောသက်ကြီးရွယ်အို အချို့နှင့် အကြောင်းအမျိုးမျိုးကြောင့် လယ်ထဲဆင်းပြီး တောင်သူမလုပ်နိုင်သော ကုန်သည်များဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

လယ်အတွက် စိုက်ပျိုးစရိတ် ကူလီစရိတ်မကုန်တော့ဘူး သီးနှံပေါ်ချိန်ရာက်ရင် စပါးအစုတွက် ရတယ်။ကျုပ်တို့က အသက်ကြီးတော့ လယ်မလုပ်နိုင်တော့ဘူး အစုနဲ့ပဲ စားတော့တယ်’’ ဟု လယ်(၅) ဧကအစုချထားသူ အသက်(၇ဝ)ကျော်   တောင်သူဦးမြတ်ထွေးက ပြောသည်။

မုဆိုးခြုံနယ်ဘက်တွင် လယ်ဧက(၃ဝ)ကျော်လေးဆယ်အထိ ခွဲပြီးလယ်စုချစားသော တောင်သူများ လည်းရှိကြောင်း ၄င်းက ဆက်ပြောသည်။

လယ်အစုချသောကြောင့် မြေရှင်တွေအတွက် လယ်ငှားခရပြီး လယ်ထဲဆင်းရသူများအတွက်လည်း ပိုမိုအဆင်ပြေမှုရှိကြောင်း လည်း သိရသည်။ လယ်စိုက်တောင်သူအလုပ်သမားများအနေဖြင့် နံနက်စောစောမှ ညနေစောင်းချိန်ထိ လယ်ထဲတွင် ပင်ပန်းစွာလုပ်ကိုင်စားသောက်နေရကြောင်းကိုလည်း သိရှိရသည်။

"ရွှေဘိုမှာနောက်ပိုင်း အစုချလယ်စိုက်ပျိုးရေးစနစ်လုပ်ကိုင်တဲ့သူတွေများလာတယ်၊ ရာသီဥတု ဖောက်ပြန်လို့ မလုပ်ချင်တဲ့သူတွေနဲ့ အသက်ကြီးလို့ မလုပ်နိုင်တဲ့သူတွေအများစုက အစုချစားကြတယ်၊ ရွှေဘိုနယ်မှာကလည်း လယ်ကွင်းတွေက လက်ညှိုးထိုးမလွဲရှိနေတော့ရေရှည်မှာ ဒီလုပ်ငန်းက ပိုမိုတိုးတက်လာဖို့ပဲရှိတယ်''ဟု ရွှေဘိုမြို့ခံတောင်သူကြီး ဦးဘထူးက ပြောသည်။

ရွှေဘိုနယ်သည် စပါးအဓိကစိုက်ပျိုးဖြစ်ထွန်းသော နယ်မြေဒေသများဖြစ်သောကြောင့် အစုရလျှင် စပါးတင်းအရေအတွက် ဖြင့်ရရှိကြောင်း တောင်သူအချိုက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။