Wednesday, August 15, 2012

အင်းလေးကန်ရှိ ရေဝေရေလဲဒေသများတွင် ဝါးပင်စိုက်ပျိုးမည်


အင်းလေးကန်မတိမ်ကောစေရန် ရေဝေရေလဲဒေသများတွင် ဝါးပင်များစိုက်ပျိုး၍ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အင်းလေးကန်စိမ်းလန်းစိုပြေရေးနှင့် ပြန်လည်တည်ဆောက်ရေးစီမံကိန်းက သိရှိရသည်။

ဝါးပင်ကိုစိုက်ပျိုးရင် စားသုံးမှု ၊နေအိမ်ဆောက်တာ ဥယျာဉ်ခြံလုပ်တာ ၊ လူမှုအသုံးအဆောင် အစ ရှိသဖြင့်ပေါ့ သုံးလို့ရတယ်။ နောက်တစ်ခုက ရေတိုက်စားမှုကို တော်တော်လေးကို ထိန်းထား နိုင်ပါ တယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ နည်းပညာနဲ့မျိုးပွားပြီးတော့ ရလာတဲ့ ဝါးပင်မျိုးနဲ့ပဲ မြေဆီလွှာ ထိန်းသိမ်းပြီးတော့ များများစားစား စိုက်နိုင်အောင် ရည်ရွယ်ပြီး လုပ်ပါတယ်  ဟု အင်းလေးကန် စိမ်းလန်းစိုပြေရေးနှင့် ပြန်လည်တည်ဆောက်ရေးစီမံကိန်းမန်နေဂျာ ဦးဝဏ္ဏသိန်းက ပြောသည်။

အင်းလေးကန်ဒေသတွင် ဝါးပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံများနေထိုင်ရန် အဆောက်အဦး၊ လူမှုအသုံး အဆောင်များနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ကြောင်း၊ ဝါးပင်စိုက်ပျိုးခြင်းကြောင့် နှုန်းမြေဆီလွှာထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအတွက်လည်း အထောက်အကူဖြစ်ခြင်းကြောင့် ဝါးပင်စိုက်ပျိုးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

“ မိုးလေဝသကောင်းဖို့အတွက်က ပတ်ဝန်းကျင်စိမ်းလန်းမှမှာ။ အဲဒါကြောင့် သစ်ပင်တွေ စိုက်ဖို့လိုပါတယ်။   ဒေသစိုက်ပျိုးရေး အတွက်လည်း အများကြီးအကျိုးရှိပါတယ်။ စီးပွားရေးလုပ်ငန်း တွေအတွက်လည်း မိုးလေဝသကောင်းဖို့က အဓိကဖြစ်တယ်'' ဟု ပင်းတယမြို့နယ် ကျုံးကျေးရွာမှတောင်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းစိန်က ပြောသည်။

၂ဝ၁၂ခုနှစ် သြဂုတ်လပိုင်းမှ စတင်ကာ ဝါးပင်မျိုးပွားခြင်းများလုပ်ကိုင်ခဲ့ပြီး ရရှိလာသော ပျိုးပင်များ အား အင်းလေးကန်   ရေဝပ် ရေလဲ နေ၇ာများအား အဓိကထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ကမ်းပါး ပြိုခြင်းနှင့် နုန်းမြေဆီလွှာထိန်းသိမ်းရန် လိုအပ်သော ဓနုဒေသ၊ ပင်းတယမြို့နယ်ရှိ ကျေးရွာများတွင် လည်း စိုက်ပျိုးသွားမည်ဖြစ်သည်။

အင်းလေးကန်အတွင်းသို့ စီးင်းသည့် ရေဝေရေလဲဧရိယာပမာဏ (၂၁၂၂)စတုရန်းမိုင်ရှိပြီး ပတ်ဝန်းကျင်ဒေသများမှ စီးဝင်ကြောင်းကိုလည်း သိရှိရသည်။

စိုက်ပျိုးဖို့က ပျိုးပင်စတီထွင်တာတော့ ဒီလအတွင်းမှာ စပြီးလုပ်မယ်။ ပျိုးပင်ကို မြေကြီးထဲချ စိုက်ဖို့ဆိုရင် (၆)လ (၇)လကြာနိုင်တယ်။ ပထမတစ်သုတ်ရလာတာကို ပျိုးပင်ချစိုက်မယ် ၊ အဲ့လိုနဲ့ အင်းလေးကန်ဝေပ်ရေလဲနေရာတွေကို ဆက်တိုက်ပျိုးထောင်သွား မှာဖြစ်ပါတယ်''ဟု ဦးဝဏ္ဏသိန်း က ဆက်ပြောသည်။

သဘာဝဘေးအန္တရာယ်ကာကွယ်ရန်အတွက် သစ်ခုတ်ခြင်းကို တားမြစ်ရမည်ဖြစ်သော်လည်းအင်းလေးကန်ရှိ ဒေသခံပြည်သူအချို့မှာ ထင်းခုတ်ရောင်းချခြင်း ၊ ထင်းဖြင့် မီးမွှေးကာ ချက်ပြုတ် စားသောက်ရခြင်းကြောင့် သစ်တောပြုန်းတီးမှုများ   ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

''ချက်ပြုတ်စားသောက်ဖို့အတွက် ထင်းရဖို့ သစ်ပင်ခုတ်ရတော့ ပတ်ဝန်းကျင်ထိခိုက် ကုန်တယ်။ အဲဒါကြောင့် အင်းလေးဒေသမှာ မီးရအောင်လုပ်နိုင်မယ် ဆို၇င်တော့ သစ်တောပြုန်းတီးမူတွေ သက်သာမယ်။ သဘာဝဘေးကလည်း ကာကွယ်နိုင်မယ်''ဟု လွယ်ငြိမ့်ကျေးရွာအစုအဖွဲ့ပိုင်တော ဥက္ကဋ္ဌ ဦးစံထွန်းက ၄င်းအမြင်ကို ပြောသည်။

အင်းလေးကန်ရေရှည်တည်တံ့စေရေးအတွက် အဆိုပါဒေသရှိ လူမှုရေးအသင်းအဖွဲ့အချို့ကလည်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးခြင်း ၊ သစ်ခုတ်ခြင်း၊ သစ်ပင်စိုက်ခြင်းဖြင့် မည်ကဲ့သို့ သော အကျိုးဆက်များဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ဝါးပင်စိုက်ပျိုးနည်း နည်းစနစ်များကို ဒေသခံများအား သင်ကြားပေးရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။