Wednesday, August 15, 2012

မိုးနှောင်းကာလ မုန်တိုင်းဖြစ်ပေါ်လာနိုင် ဟုဆို


 မိုးနှောင်းကာလ မုန်တိုင်းဖြစ်ပေါ်လာနိုင် ဟုဆိုယခုနှစ် မိုးဦး ရာသီတွင် မြန်မာ နိုင်ငံနှင့် ဆက်စပ်သော ပင်လယ်ပြင် အတွင်း မုန်တိုင်းဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့သဖြင့် မိုးနှောင်း ကာလတွင် မုန်တိုင်း ဖြစ်ပေါ် လာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ကျင်းပသော ဘာသာရပ်ဆိုင်ရာပညာရှင်များဟောပြောပွဲတွင် မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။

“မုတ်သုံလေဦးက အခုထိကုန်းတွင်းပိုင်းမှာပဲ ရှိသေးတယ်။ ဒီနှစ်မုန်တိုင်းမဖြစ်သေးဘူး။ ပထမမုန်တိုင်းရာသီမှာ မုန်တိုင်းမဖြစ် တော့ ဒုတိယရာသီမှာဖြစ်နိုင်တယ်”ဟု ၄င်းကဆိုသည်။
မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော ဘင်္ဂလားပင်လယ်ပြင် အတွင်း ပထမမုန်တိုင်းရာသီဖြစ်သော မိုးဦးကာလအတွင်း မုန်တိုင်း ဖြစ်ပေါ်ခဲ့ခြင်းမရှိသည့်အတွက် မုန်တိုင်းဒုတိယရာသီတွင် ဖြစ်ပေါ် လာသောမုန်တိုင်းမှာ အားကြီးနိုင်ကြောင်း ၄င်းကဆက်လက်ရှင်းပြ သည်။ နှစ်စဉ်မိုးခေါင်ဒေသဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ယခုနှစ်အတွင်း မိုးရေရရှိမှု နောက်ကျခဲ့ပြီး မိုးနှောင်းကာလတွင်လည်း နိုဝင်ဘာလအထိ မိုးရွာ သွန်းမှုများရှိနိုင်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
“ဒုတိယရာသီ မုတ်သုံအထွက်မှာ မိုးများတာတို့ ဘာတို့ဖြစ် နိုင်တယ်”ဟု ၄င်းကဆိုသည်။ “လာမည့်မုတ်သုံမိုးနှောင်းရာသီတွင် မိုးရေချိန်မြင့်မားလာခဲ့ ပါက စိုက်ပျိုးထားသော ကောက်ပဲသီးနှံများပျက်စီးခြင်း၊ မရိတ် သိမ်းရသေးသော သီးနှံများပျက်စီးခြင်း၊ မိုးရေချိန်မြင့်မားသဖြင့် သီးနှံအစိုဓာတ်များလာခြင်းတို့ကြောင့် လာမည့်နှစ် တိရစ္ဆာန်အစာ အတွက်အခက်အခဲရှိနိုင်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
မြန်မာနိုင်ငံသို့ ၂၀ဝ၆ ခုနှစ်မှစတင်ကာ မုန်တိုင်းများနှစ်စဉ် ဆက်တိုက်ဝင်ရောက်ခဲ့ပြီး ၂၀ဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူဦးရေ ၃ သိန်းခန့် သေဆုံး ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။