Monday, July 30, 2012

 ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ



ရှင်းလင်းပွဲမြင်ကွင်း
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားအား ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၉ရက်နေ့၊ နေ့လည် ၁နာရီက ရန်ကုန်မြို့၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ကျင်းပခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်
ယင်းအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ဒုတိယ၀န်ကြီး ဦးဟန်စိန်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၊  ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့လေကြောင်းတို့မှ တာဝန်ရှိသူများ၊ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ နောက်ခံသမိုင်း၊ မူဝါဒနှင့် ရည်မှန်းချက်များ၊ ရန်ကုန်ဆိပ်ကမ်းရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားများ၊ ရန်ကုန်ဆိပ်ကမ်း၏ လုပ်ငန်း စွမ်းဆောင်နိုင်မှု အခြေအနေ၊ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး Conceptual Plan၊ ပုဂ္ဂလိကအပိုင်းမှ ပါဝင်ဆောင်ရွက်နိုင်ရန် လျာထားသည့် လုပ်ငန်းများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ (Scope of work) ၊ တင်ဒါတင်သွင်းမည့် ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများမှ တင်ပြရမည့် အခြေခံအချက်များစသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လုပ်ငန်းစဉ် ၄ ခုအား ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် လျာထားကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှုး ဦးချိုသန်းမောင်မှ ရှင်းလင်းပြောကြားစဉ်
ယင်းလုပ်ငန်းစဉ်များမှာ ရန်ကုန်ဆိပ်ကမ်း၊ လမ်းမတော်နယ်မြေ (ရွာသစ်ချောင်းနှင့် စဥ့်အိုးတန်းကြား)တွင် နိုင်ငံတကာ အဆင့်မီ ပြည်တွင်းခရီးသွားဆိပ်ကမ်းများ (Inland Port Terminal)အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ခြင်း၊ ဆူးလေဆိပ်ကမ်းတံတား အမှတ် ၁၊ ၂၊ ၃၊ ၄ တို့အား အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေ ထွေကုန်တင်သင်္ဘောကြီးများ ဆိုက် ကပ်နိုင်သည့် ဆိပ်ကမ်းအဖြစ် အဆင့်မြင့်ပြုပြင် တည်ဆောက်ခြင်း၊  ပန်းဆိုးတန်း-ဒလ ခရီးသည်တင်  ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီ ခရီးသည်တင် ဆိပ်ခံတံတား Modernized Passanger Terminal အဖြစ် ပြောင်းလဲတည်ဆောက်ခြင်း၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ ကမ်းပါးထိန်း ရေကာတံတိုင်းအား မြစ်ဘက်သို့ တိုးချဲ့တည်ဆောက်ခြင်း၊ ဆိပ်ခံဗောတံတားများအား အဆင့်မြင့် ပြုပြင်တည်ဆောက်ခြင်းနှင့် နောက်ခံမြေပေါ်တွင် အပန်းဖြေ အနားယူနိုင်ရေးနေရာများနှင့် ဆိုင်ခန်းများ တည်ဆောက်ခြင်းစသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တင်ဒါတင်သွင်းမည့် ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများအား ခေါ်ယူသွားမည်ဖြစ်ပြီး၊ Joint Venture(J.V)စနစ်၊ BOT စနစ်များဖြင့် ပူးပေါင်း ဆောင်ရွက်ရန် ကနဦးလျာထားသည်ဟု သတင်းရရှိပါသည်။   

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။