Sunday, July 8, 2012

ကလေးငယ်များ ဘ၀ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် ဂျက်ကီချမ်း တိုက်တွန်း

ကလေးငယ်များ ဘ၀ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် ဂျက်ကီချမ်း တိုက်တွန်း
2012-07-07
မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ဘ၀အခြေအနေတွေ ဖွံ့ဖြိုးတိုးတက် လာရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး လက်တွဲပြီး အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချမ်းက RFA ကို ဒီကနေ့ ပြောကြားပါတယ်။
AFP

ယူနီဆက် ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ရဲ့ ချစ်ကြည်ရေး အထူး သံတမန် ရုပ်ရှင်မင်းသား ဂျက်ကီချမ်း ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
မိမိတို့ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေး အတွက် မိမိနဲ့တကွ၊ ယူနီဆက် အပါအ၀င် အားလုံး ပူးပေါင်းပြီး လက်တွဲ ဆောင်ရွက်သွားရမှာပါလို့ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းချက်ကို ရုပ်ရှင်မင်းသားကြီး ဂျက်ကီချမ်းက ဖြေကြားခဲ့တာပါ။

ဒါ့ပြင် မိဘတွေ အလုပ်သွားနေတဲ့အချိန်၊ ကလေးငယ်တွေအတွက် ပညာလည်းသင်၊ နေစရာလည်းရတဲ့ လုံခြုံစိတ်ချရတဲ့နေရာတွေ ပေါပေါများများ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

မိဘတွေ အလုပ်လုပ်နေချိန် ကလေးငယ်တွေ သူတို့ဘာသာ အိမ်မှာနေခဲ့ရင်၊ လမ်းပေါ်ရောက်နေရင် ဒါမှမဟုတ် လူစိမ်းနဲ့နေရရင် အန္တရာယ် တွေ့နိုင်တယ်လို့ ဂျက်ကီချမ်းက ပြောပါတယ်။

ယူနီဆက် ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ရဲ့ ချစ်ကြည်ရေး အထူး သံတမန် ကွန်ဖူးမင်းသားကြီး ဂျက်ကီချမ်းဟာ ကလေးငယ်တွေ လူကုန်ကူးခံရမယ့် အန္တရာယ်ကို အာရုံစိုက်လာစေဖို့ ရည်ရွယ်ပြီး အခုလို မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အဖြစ် ဇူလိုင်လ (၅) ရက်နေ့ကစလို့ (၃) ရက်ကြာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

သူဟာ ယူနီဆက်ရဲ့ ချစ်ကြည်ရေး အထူးသံတမန်အဖြစ် ၂၀၀၄ ခုနှစ်က စတင် တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။