Sunday, July 8, 2012

မဲဆောက်မြို့ က ဇူလိုင် ၇ အခမ်းအနား ထိုင်းအာဏာပိုင်တွေ ခွင့်မပြု

မဲဆောက်မြို့ က ဇူလိုင် ၇ အခမ်းအနား ထိုင်းအာဏာပိုင်တွေ ခွင့်မပြု
2012-07-07
ဇူလိုင် (၇) ရက်နေ့ အထိမ်းအမှတ် အခမ်းအနား တရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ OTOPခမ်းမမှာ ကျင်းပဖို့ ၁၉၆၂ခုနှစ်က ၂၀၀၇ ခုနှစ်ထိ ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေ စုပေါင်း စီစဉ်ခဲ့ပေမယ့် ဒီကနေ့ နေ့လည်မှာ ဒေသတွင်း ထိုင်းအာဏာပိုင်တွေရဲ့ တားမြစ်မှုကြောင့် ဖျက်သိမ်းလိုက်ရ ပါတယ်။
ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်ရာမှာ ပါဝင်တဲ့ ၁၉၇၄ ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးအောင်စောဦးက ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုပွဲအတွက် ပြင်ဆင်ထား စင်မြင့်ထက်ကနေ ဒီကနေ့ ကျင်းပမယ့်ပွဲ ဖျက်သိမ်းကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

"ရာပြည့်အကြို ရန်ကုန်တက္ကသိုလ် အထိမ်းအမှတ် အခမ်းအနား ပွဲသဘင်ဟာ အိမ်နီးချင်း နိုင်ငံမှာ ကျင်းပခွင့် မရရှိတာကို ၀မ်းနည်းကြောင်း ကျနော် မှတ်တမ်းတင်ပါတယ်။ လာရောက်ပြီးတော့ ကျနော်တို့ကို နွေးထွေးစွာနဲ့ ရှင်းပြပေးတဲ့ ထိုင်းနိုင်ငံရဲ့ တာဝန်ရှိ အရာရှိ များကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်။ ကျနော်တို့ ဒီလိုလုပ်ချင်းအားဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်နိုင်စရာ အကြောင်းရှိတဲ့ အတွက် အခုလို ဆိုတာကတာတွေကိုတော့ သူတို့ ခွင့်ပြုမပေးနိုင်ပါဘူးတဲ့။ ကျနော် ဒီအခမ်းအနားကို ၀မ်းနည်းစွာနဲ့ ရုတ်သိမ်းကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ။"

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဇူလိုင် (၇) ရက်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ဖို့ စီစဉ်တာဟာ အကြောင်း အမျိုးမျိုးနဲ့ ထိုင်းနိုင်ငံ မဲဆောက်ဒေသတွင်း ရောက်နေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား မိသားစုနဲ့ ကျောင်းသား လူငယ်တွေ အားလုံး ခေတ်အဆက်ဆက်က ကျောင်းသား နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကို သိရှိဖို့ ရည်ရွယ်ကျင်းပတာလို့ ၁၉၇၄ ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးမောင်မောင်တိတ်က အခုလို ပြောပါတယ်။

"၁၉၆၂ခုနှစ် ရန်ကုန်ဝိဇ္ဖာသိပ္ပံတက္ကသိုလ် ကျနော်တို့ရဲ့သမဂ္ဂကြီး အဆောက်ဦးကြီး ဖြိုခွဲ ဖျက်ဆီးခံရတာတင မကဘူး။ အဲဒီ ကာလအတွင်းမှာ ရက်ရက်စက်စက်နဲ့ သတ်ဖြတ်ခံရတဲ့ ကျောင်းသားထုတွေရဲ့ သတ္တိ၊ သစ္စာနဲ့အသိကို လေးစား ဂုဏ်ပြုသောအားဖြင့် သူတို့နောက်မှာ ဖြစ်တဲ့ ကျနော်တို့ ၇၄၊ ၇၅၊ ၇၆နဲ့ ၈၈ နောက် ၂၀၀၇ အထိ ဂျင်နရေးရှင်းတွေက နေပြီးတော့ ကျင်းပရခြင်း ဖြစ်ပါတယ်။"

အခမ်းအနားကို ဒီကနေ့ နေ့လည် ၁၂နာရီကနေ ည (၉) နာရီအထိ ကျင်းပဖို့ ကြေညာထားပြီး ပရိသတ်တွေ ရောက်ရှိလာတဲ့အချိန်မှာ အခုလို ထိုင်းအာဏာပိုင်တွေဘက်က တားမြစ်ချက်ကြောင့် ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။