Thursday, February 28, 2013
KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ကချင်ခေါင်းဆောင်များမှ ပပျောက်စေလို
ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက် ပြောဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ယာယီဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေစဉ်ကာလအတွင်း အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားခဲ့သည့် ဗိုလ်မှူးအဆင့် ရှိသူ တစ်ဦး အပါအ၀င် KIA အဖွဲ့ဝင်(၄၂)ဦး ကို သေဒဏ်အပြစ် ပေးရန် ဆုံးဖြတ်ထားကြောင်း လိုင်ဇာမှ လာသည့် သတင်းများအရ သိရသည်။
ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် အရေးပေါ် စစ်ဆင်ရေးအစည်းအဝေး၌ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း KIA အရာရှိ တစ်ဦးမှ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအား သေဒဏ် မကြာခဏ ပေးလျက်ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလည်း လိုင်ဇာဆေးရုံတွင် တာဝန်ထမ်း ဆောင်နေသည့် ရ၀မ်လူမျိုး(၂)ဦးအား အစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင် ရန် အခြားတပ်ဖွဲ့ဝင်များကို စည်းရုံးခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့ကြောင်းကိုလည်း သိရသည်။
KIA တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များပေးနေခြင်းနှင့်ပတ်သက်၍ ကချင် တိုင်းရင်း သား လူမျိုးစု ခေါင်းဆောင်များမှ မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်း သိရှိရသည်။
KIA တပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သော လဂျားယန်ဒေသစစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊ လိုင်ဇာမြို့အား ထိန်းချုပ်ထားနိုင်သော အရေးကြီးတောင်ကုန်းများမှာ အစိုးရစစ်တပ်လက်အောက်သို့ ကျရောက်သွားခြင်း၊ အစားအသောက်နှင့် ရိက္ခာဆေးဝါးများ လုံလောက်စွာမရရှိခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းကာ အစိုးရစစ်တပ်များနှင့် ပူးပေါင်းရန် ကြိုးစားလာသည့်ဖြစ်စဉ် အများအပြားရှိလာကြောင်းကိုလည်း သိရသည်။
မိစု လို့ခေါ်မှ သဘောကျကြောင်း မွန်အမျိုးသားနေ့၌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ဒေါ်အောင်ဆန်းစုကြည်၏အဘွားဖြစ်သူမှာ မွန်မျိုးဆက်မှဆင်းသက်လာသဖြင့် ၄င်းအနေဖြင့် မွန်သွေးပါသည်ဟု ယုံကြည်ကြောင်း၊ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်မှာ မိစုဟု မခေါ်ပါက ၄င်းအနေနှင့် သဘောမကျကြောင်း ရန်ကုန်မြို့ ပြည်သူ့ဥယာဉ်၌ ကျင်းပခဲ့သော (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
"ကျွန်မက မွန်တွေနဲ့တော့ နည်းနည်းအမျိုးဆက်လို့ ရတယ်လို့ ပြောပါရစေ။ ကျွန်မအမေဘက်က အဘွားက စနူသနော့ ဆိုတဲ့ရွာကလာတဲ့အတွက် မွန်မျိုးဆက်ကနေဆင်းသက်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ သမီး မိန်းကလေးတွေဆိုရင် မိ တပ်ပြီးတော့ ခေါ်ပါတယ်။ အိမ်မှာအမေက ကျွန်မကို မိစုလို့ ခေါ်ပါတယ်။ ဒီလို မခေါ်ရင် ကျွန်မစိတ်ဆိုးနေသလိုပဲဆိုတာ ကျွန်မသိတယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တိုင်းရင်းသားများ၏ အမျိုးသားနေ့အခမ်းအနားများအနက် မွန်အမျိုးသားနေ့ အခမ်း အနားမှာ ဆွေမျိုးများ၏ပွဲသို့ တက်ရောက်ရသကဲ့သို့ ခံစားရကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ဆက်လက်ပြောကြားခဲ့သည်။
"ကျမကအခုလို အမျိုးသားနေ့တွေကို တက်ခွင့်ရတဲ့အခါ ကျမတို့တိုင်းရင်းသား ညီအကိုမောင်နှမ များနဲ့ တစိတ်တ၀မ်း ထဲရှိမယ်ဆိုတာ ပြောပေမယ့်လည်း သူတို့တွေနဲ့ အမျိုးဆက်လို့မရဘူး။ ကျွန်မ အနေနဲ့ အမျိုးဆက်နိုင်တာကတော့ ဗမာကလွဲလို့ တခြားတိုင်းရင်းသားတွေထဲမှာဆိုရင် မွန် အမျိုးသား နေ့ပွဲကို ကျွန်မအမျိုးတွေရဲ့ပွဲကိုလာတယ်လို့ ကျွန်မစိတ်ထဲမှာ ထားပါတယ်။" ဟု ၎င်း က ဆိုသည်။
မွန်အမျိုးသားနေ့အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် အခြား တာဝန်ရှိသူများ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အစရှိသဖြင့် တက်ရောက်လာသည့်အတွက် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးမှာ တိုင်းရင်းသားများအတွက် ယုံကြည်စရာဖြစ်လာကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဥက္ကဌ နိုင်ဖေတင်က ပြောသည်။
"ဒီအခမ်းအနားမှာ နိုင်ငံတော်အကြီးအကဲများ တက်ရောက်လာကြတာကိုတွေရလို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆောင်ပုဒ်ဟာ မွန်အမျိုးသားအတွက်ကော တိုင်းရင်းသားတွေပါ ယုံကြည် စရာ ဖြစ်လာပါတယ်။" ဟု မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဥက္ကဌ နိုင်ဖေတင်ကပြောသည်။
ယခုလို မွန်အမျိုးသားနေ့အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပခွင့်ရ လာသောကြောင့် တိုင်းရင်းသား အခွင့်အရေး အတိုင်းအတာတစ်ခုထိရလာသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ နှင့် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဒု) ဥက္ကဌ မိကွန်ချစ်ချစ် က ပြောသည်။
"ကျွန်မတို့အနေနဲ့ အခုလို သိုက်သိုက်ဝန်းဝန်းနဲ့ ကျင်းပခွင်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ တင်ပြချင်တဲ့ ပြဇာတ်တွေ၊ ပြောဆိုမှုတွေ အခမ်းအနားတွေကို တင်ပြနိုင်တဲ့အတွက် အရမ်းကိုကျေနပ်ပါတယ်။ တိုင်းရင်းသားအခွင့်ရေးတွေ တစ်စုံတစ်ရာရလာပြီလို့တော့ ပြောနိုင်ပါတယ်။ ပွင့်လင်းလာပြီပေါ့။ ခြေလှမ်းလေး တစ်ခုအနေနဲ့တော့ ရလာပြီပေါ့။" ဟု မွန်အမျိုး သားနေ့ ကျင်းပရေးကော်မတီ (ဒု) ဥက္ကဌ မိကွန်ချစ်ချစ် ကပြောသည်။
မွန်အမျိုးသားနေ့ကို ယခင်တပ်မတော်အစိုးရလက်ထက်၌ ကျင်းပခွင့်မရခဲ့သောကြောင့် မွန်တိုင်းရင်းသားများမှာ စုစည်းခွင့်မရခဲ့ဘဲ ယခုအရပ်သားအစိုးရ လက်ထက်တွင် ကျင်းပခွင့် ရလာသောကြောင့် လာမည့်နှစ်များတွင် ယခုတက်ပို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း မွန်တိုင်းရင်းသူတစ်ဦးကဆိုသည်။
"အရင်တုန်းကဆိုရင် အခုလိုကျင်းပခွင့်မရတော့ ရန်ကုန်မှာ မွန်တွေ ဒီလောက်အများကြီး ရှိမှန်း မသိခဲ့ဘူး။ အခုဆိုရင် စည်းစည်း လုံးလုံးနဲ့ မြင်ရတာ အရမ်းဝမ်းသာပါတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်ပို စည်စည်ကားကားနဲ့ ကျင်းပနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။" ဟု မွန်တိုင်းရင်းသူတစ်ဦးဖြစ်သူ မိနွန်ထောက ပြောသည်။
မွန်အမျိုးသားနေ့ပွဲတွင် ရွှေတိဂုံသမိုင်းကြောင်းအပါအ၀င် မွန်ရိုးရာ အကအလှများကို ဖျော်ဖြေရာ၌ မွန်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာသုံးမျိုးဖြင့် ရှင်းလင်းတင်ဆက်ခဲ့သည်။
မွန်အမျိုးသားနေ့ကို ယခင်ကသိမ်ဖြူကွင်း၌ ကျင်းပခဲ့သော်လည်း ၁၉၉ရ ခုနှစ်စတင်၍ ကျင်းပခွင့်မရတော့ပဲ ရွှေတိဂုံဘုရားရှိ မွန်ဓမ္မာရုံ၌ အကျဉ်းချုံးသာပြုလုပ်ကျင်းပခဲ့ရပြီး အရပ်သား အစိုးရလက်ထက် ပြီးခဲ့သည် ၂၀၁၂ မှပြန်လည်စတင် ကျင်းပခွင့်ရခဲ့သော်လည်း ယခုနှစ်မှ ပြည်သူ့ဥယျာဉ်တွင် ပထမဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်သည်။
မတ်လမှစ၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ယာဉ်များ မန္တလေး၌ အရေးယူတော့မည်
လာမည့်မတ်လမှစ၍ မန္တလေးမြိုလမ်းမများပေါ်မှ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား ဥပဒေအတိုင်း အရေးယူဆောင်ရွက်တော့မည်ဖြစ်သည်။
ယာဉ်စည်းကမ်းလမ်းစည်းကမ်းကြီးကြပ်ရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာဦးစီးဌာနတို့ ပူးပေါင်းကာ ချမှတ်ထားသည့် စည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ယာဉ်စည်ကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ သိရှိရသည်။
လက်ရှိယာဉ်စည်းကမ်းဥပဒေဖောက်ဖျက်သော ဖြူနီမျဉ်းကြားတွင် ရပ်ထားသည့် ကားများ၊ မီးနီဖြတ်မောင်း သည့်ယာဉ်များ နှင့် မ၀င်ရနေရာများတွင် ၀င်ရောက်လာသည့် ကုန်တင်ယာဉ်ကြီးများအား အဓိကထား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။
"ကားတွေက စည်းကမ်းမဲ့ရပ်နားတာတွေ များလာတယ်။ ၈၄လမ်းမပေါ် ဈေးချိုအနီး တစ်ဝိုက် နဲ့ ၇၈လမ်းလမ်း မကြီးတွေပေါ်မှာ အဆိုးဆုံးပဲ။ ကားတွေ စည်းကမ်းမဲ့ လမ်းပေါ်မှာရပ်လာတော့ လမ်းပိတ်ဆို့မှုတွေခဏခဏဖြစ်တယ်။သက်ဆိုင်ရာက ထိထိရောက်ရောက်အရေးယူမှုတွေ စတင်လာတော့မယ်ဆိုတော့အရမ်းကောင်းပါတယ်" ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။
စည်းကမ်းမဲ့ယာဉ်များအား ထိန်းသိမ်းရေးယာဉ်အကြီးနှင့် တင်ဆောင်ခေါ်ယူ၍ ယာဉ်စည်းကမ်းဖောက်ဖျက်မှု ဥပဒေအရ ဖမ်းဆီးဒဏ်ရိုက်သွားမည် ဖြစ်ကြောင်း ထိုသိုဖမ်းဆီးအရေးယူဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်း ကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာဦးစီးဌာနတို့ ပူးပေါင်း၍ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။
"အရင်ကနဲ့မတူဘူး မန္တလေးမှာ လမ်းပိတ်ဆို့မှုတွေ ယာဉ်မတော်တဆ မှုတွေ မကြာခဏ ဖြစ်နေတယ်။ သက်ဆိုင်ရာကနေ အရေးယူဆောင်ရွက်မှုတွေ စတင်နေပါပြီ။ ဆိုင်ကယ်သွားလမ်း ဆို ဆိုင်ကယ်သွားလမ်း သူ့လမ်းနဲ့သူ သွားလို့ရအောင် ယာဉ်စဉ်းကမ်းသင်္ကေတတွေနဲ့ ပြထားတယ်။ လမ်းဆုံတွေမှာ အဆင့်မြင့်မီးပွိုင့်တွေ ၊ လုံခြုံရေးကင်မရာတွေပြောင်းလဲတပ်ဆင် ထားပါတယ်။
ယာဉ်စည်းကမ်းလမ်းစည်း ကမ်းထိန်းသိမ်းရေးကတာဝန်ရှိသူတွေ အားလုံး ယာဉ်အန္တရယ်ကင်းစင်ရေး ယာဉ်တိုက်မှုပပျောက်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမှာပါ။"ဟု တာဝန်ကျယာဉ်ထိန်းရဲ တစ်ဦးကပြောသည်။
အင်းစိန် နံ့သာကုန်းစက်ဘီးစခန်း မီးလောင်မှုကြောင့် ကျပ်သိန်း(၂၅၀)ဖိုး ဆုံးရှုံး
အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ နံ့သာကုန်းစက်ဘီးနှင့် ယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးစခန်းတွင်မီးလောင်ကျွမ်းမှုကြောင့် ပျမ်းမျှ ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ (၂၇) ရက်နေ့၊ နေ့လည် တစ်နာရီဝန်းကျင်က စတင်မီးလောင်ကျွမ်းခြင်းဖြစ်ပြီး တစ်နာရီခွဲအကြာတွင် ငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ အဆောက်အဦးတွင် အဆောင် ၁၄ ဆောင်ရှိသည့်အနက် မီးလောင်ကျွမ်းသည့်အထဲတွင် စုစုပေါင်းအဆောင် (၅)ဆောင် ပါဝင်သည်။
" ထပ်ခိုးမှာက စက်ဘီးဖင်ထိုင်ခုံတွေ၊ တာယာတွေ၊စက်ဘီးမှုတ်ဆေးဘူးတွေ ထားတယ်၊ မီးချောင်းတစ်ချောင်းတော့ အမြဲထွန်းထားတယ်၊အပေါ်ထပ်မှာ အစောင့်တစ်ယောက်လည်း အမြဲရှိတယ်၊ အခု ထမင်းစားချိန်မှာအကုန်လုံး အောက်မှာ စုစားတဲ့အချိန် မီးလောင်တာ၊ ကျွန်တော်ကတော့ ၀ါယာရှော့လို့ထင်တယ်၊ ဘာလို့လဲဆိုတော့ အပူချိန်လွန်ကဲလို့ဆိုရင် အရင်ကတည်းကဒီအတိုင်းထားလာတာ နှစ်ပေါင်းမနည်းဘူး" ဟုစတင်မီးလောင်သည့် ဆိုင်ခန်းပိုင်ရှင်က ပြောသည်။
အဆိုပါအဆောင်မှာ ၁၂ ပေခွဲ ၂၅ ပေရှိသည်။ ဆိုင်ခန်းတစ်ခန်းလျှင်ပျမ်းမျှ သိန်း ၅၀ မှ ၆၀ အတွင်း ဆုံးရှုံးမှုရှိပြီး အာမခံထားရှိထားခြင်းမရှိကြောင်း သိရသည်။
"အခုလောင်ကျွမ်းမှုက အပူချိန်လွန်ကဲမှုကြောင့် ဖြစ်တာ၊ ခေါင်မိုးကမျက်နှာကြက်ရှိတယ်ဆိုပေမဲ့ ပစ္စည်းတွေနဲ့ ခေါင်မိုးက အရမ်းကပ်နေတယ်၊ဒါကြောင့် အပူချိန်ပြင်းတော့ မီးလောင်ကျွမ်းရတာပါ"မီးလာရောက်ငြိမ်းသတ်သည့် ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အဆိုပါမီးလောင်ကျွမ်းမှုကို မီးသတ်ကားစုစုပေါင်း ၅၃ စီးလာရောက်ငြိမ်းသတ်ရသည်။ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းကြက်ခြေနီတပ်ဖွဲ့မှ ပြောသည်။
" အမှန်က မီးက စောစောစီးစီး ငြိမ်းတယ်၊ ဒီလောက်ကုန်စရာအကြောင်းမရှိဘူး၊ဒါပေမဲ့ မီးလောင်နေတဲ့အချိန် စက်ဘီးမှုတ်ဆေးဘူးတွေ ထထပေါက်တော့ မီးကပိုပြီး ငြှိမ်းလို့မနိုင်ဘူး ဖြစ်သွားတာ"ဟု မီးလောင်ကျွမ်းမှုတွင် ကူညီငြှိမ်းသတ်ခဲ့သူ ကိုဇော်ဖြိုးက ပြောသည်။
ယခုမီးလောင်မှုမှာ ၂၀၁၃ ခုနှစ်အတွင်း အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်အတွင်း၌ ပထမဦးဆုံးအကြိမ် လောင်ကျွမ်းမှုလည်းဖြစ်သည်။