Monday, December 10, 2012
မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော သံဃာတော်များအား ပြည်ပမှ အထူးကုဆရာဝန်ကြီးများ လာရောက်ကြည့်ရှု

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော သံဃာတော်များ၏ ဒဏ်ရာရရှိမှု အခြေအနေများအား ပြည်ပမှ အထူးကုဆရာဝန်ကြီးများ လာရောက်လေ့လာ ကြည်ရှုခဲ့ကြောင်း သိရသည်။
လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွဲမှုတွင် ဒဏ်ရာရရှိခဲ့သော သံဃာတော်များ၏ ကျန်းမာရေးအခြေအနေနှင့် မန္တလေးဆေးရုံကြီး၏ ကုသမှုအခြေအနေများကို ဒီဇင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံမှ အရေပြား အထူးကုဆရာဝန်ကြီးတစ်ဦးမှ လာရောက်ကြည့်ရှုကာ ဆေးရုံအုပ်ကြီးနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ သံဃာတော်များအတွက် လိုအပ်သော ဆေးဝါးအချို့နှင့် ၀တ္ထုငွေလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
''ထိုင်းနိုင်ငံက အထူးကုဆရာဝန်ကြီးတစ်ဦး လာရောက်ပြီး ဆေးရုံအုပ်နဲ့ တွေ့ဆုံဆွေးနွေးတာမျိုး လုပ်သွားတာပါ။ သူတို့အနေနဲ့ သံဃာတော်တွေရဲ့ကျန်းမာရေး ကုသမှုအပိုင်းကို တာဝန်ယူ လုပ်ဆောင်ချင်တယ်လို့ သိရတယ်'' ဟု ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီမှ ဆရာတော်တစ်ပါးက မိန့်ကြားပါသည်။
ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်းတွင်လည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ဖြင့် ဒေါက်တာတင်မျိုးဝင်းနှင့်အတူ သြစတြေးလျနိုင်ငံမှ ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးပါဝင်သော အဖွဲ့မှလည်း သံဃာတော်များ၏ ဒဏ်ရာရရှိမှုများနှင့် လက်ရှိကုသမှု အခြေအနေများကို လာရောက်မေးမြန်း စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
''စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ တာဝန်နဲ့ လာခဲ့တာပါ။ သြစတြေးလျနိုင်ငံက ခွဲစိတ်အထူးကု ဆရာဝန်ကတော့ ဒဏ်ရာရရှိမှု အခြေအနေကို အကဲဖြတ်နိုင်အောင်အတွက် လေ့လာတဲ့အနေနဲ့ ကြည့်ရှုတာပါ။ နောက်ပြီး သံဃာတော်တွေရဲ့ကျန်းမာရေးအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင်လို့ အဓိကထားပြီး လာခဲ့တာပါ'' ဟု ဒေါက်တာတင်မျိုးဝင်းက ပြောကြားပါသည်။
လက်ရှိအချိန်တွင် ဒဏ်ရာရရှိခဲ့သော သံဃာတော်များအား မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် ၆၂ လမ်းရှိ ကန်တော်နဒီဆေးရုံတို့တွင် ထားရှိကာ ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ အချည်းနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်ခဲ့သူများအား ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

မြန်မာနိုင်ငံ၏ ကျွန်းသစ်အပါအ၀င် မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများ အချည်းနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်ခဲ့သော အာဏာရှိသူ နေရာရှိသူများအား ၄င်းတို့မိဘများမှ မည်သို့သွန်သင် ဆုံးမခဲ့မလဲဟု စဉ်းစားမိကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် (၈) နာရီအချိန် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး ပွဲတော်ကွင်းအတွင်း ပြုလုပ်ခဲ့သော ပြည်သူလူထု တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံက ဆင်းရဲနေခြင်းမဟုတ်ဘဲ မြန်မာ ပြည်သူလူထုသည်သာ ဆင်းရဲနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''နိုင်ငံက ဆင်းရဲတာမဟုတ်ပါဘူး။ ပြည်သူက ဆင်းရဲတာပါ၊ နိုင်ငံက ဒီလောက်ဆင်းရဲတာ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်မအမြဲတမ်း ဒီဟာကို ခွဲခြားပြီးပြောပါတယ်။ ပြည်သူဆင်းရဲတာနဲ့၊ နိုင်ငံဆင်းရဲတာနဲ့၊ ကျွန်မတို့ နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် သဘာဝသယံဇာတပစ္စည်း အများကြီးကြွယ်ဝတဲ့ နိုင်ငံပါ။ ဒါပေမယ့် တကယ့်နိုင်ငံရဲ့ ရတနာကတော့ နိုင်ငံသူ နိုင်ငံသားတွေပဲ။ နိုင်ငံသူ နိုင်ငံသားတွေ အရည်အချင်းမရှိရင် မြေအောက်သယံဇာတတွေပဲဖြစ်ဖြစ်၊ မြေပေါ်သယံဇာတတွေပဲဖြစ်ဖြစ်၊ ဘယ်လောက်များများ အချည်းနှီးပဲ။ ဥပမာ ကျွန်မတို့ သစ်တောတွေ ပြုန်းတီးသွားပြီ။ အင်မတန်မှ ကမ္ဘာက တန်ဖိုးထားတဲ့ ကျွန်းသစ်တွေဆို ပြုန်းတီးသွားပြီ။ ပျောက်ကွယ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တကယ့်ရတနာတွေဖြစ်တဲ့ ပြည်သူပြည်သားတွေက မကာကွယ်နိုင်ခဲ့လို့ မစောင့်ရှောက်နိုင်ခဲ့လို့။ တချို့က ပြောတာပေါ့။ ကျွန်တော်တို့ ကျွန်မတို့ ဆိုင်တာမှ မဟုတ်ဘဲ။ အစိုးရက သူတို့လုပ်ချင်တိုင်း လုပ်သွားတာပဲလို့ မှန်တော့ မှန်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူပြည်သားတွေမှာလည်း တာဝန်ရှိတာပဲ။ အစိုးရဆိုတာလည်း ပြည်သူတွေထဲကပဲ ပေါက်ဖွားလာတာပဲ။ ကျွန်မတစ်ခါတလေ စဉ်းစားကြည့်တယ်။ ဒီလိုတာဝန်မဲ့လုပ်တဲ့ အာဏာရှိတဲ့လူတွေ၊ နေရာရှိတဲ့လူတွေ ဘယ်လိုမိသားစုတွေမှာ ကြီးပြင်းလာသလဲလို့။ သူတို့ရဲ့မိဘတွေက ဘယ်လိုများ သွန်သင်ဆုံးမခဲ့သလဲ ဆိုတာကို ကျွန်မစဉ်းစားမိတယ်။ ဒီတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ငယ်ရွယ်တဲ့သားသမီးတွေရှိတဲ့ ပြည်သူတွေကို စဉ်းစားစေချင်တယ်။ ငါတို့သားသမီးတွေသာ နိုင်ငံမှာ အင်မတန် သြဇာရှိတဲ့ ရာထူးတွေရခဲ့ရင် ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်စေချင်လဲဆိုတာ စဉ်းစားပါ။ စဉ်းစားပြီး သားသမီးတွေကို ပြုစုပျိုးထောင်ပါ'' ဟု ပြောကြားခဲ့သည်။
ထို့အပြင် စနစ်မကောင်း၍ နိမ့်ကျသွားခဲ့ရသော မြန်မာနိုင်ငံ၏ ပညာရေးအား လွှတ်တော်မှတစ်ဆင့် ဥပဒေများပြု၍ ပြုပြင်ရန် ကြိုးပမ်းနေကြောင်း၊ အခြေခံဥပဒေ ပြုပြင်ရေးဆိုသည်မှာလည်း နိုင်ငံအတွက် လိုအပ်သည့် အရာများကို သူမမှပြောင်းချင်တာဖြစ်ကြောင်း နိုင်ငံအတွက် လိုအပ်မှုအရ ပြောင်းသင့်သည်ကို ပြောင်းရသလို ပျော့ပျောင်းသင့်သည့်နေရာတွင်လည်း ပျော့ပျောင်းရန်လိုကြောင်း၊ အပြောင်းအလဲတွေကို ပျော့ပျော့ပျောင်းပျောင်းနဲ့ အများအတွက်ကောင်းတဲ့ နည်းတွေ အမျိုးသားရင်ကြားစေ့ရေးလို ဖြစ်စေမည့်နည်းတွေနှင့် ပြောင်းလဲမှုများကို ရှာဖွေမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါ သည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ (၆၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ သ၀ဏ်လွှာ ထုတ်ပြန်
အဆိုပါ အချက်လေးချက် ပါဝင်သော သ၀ဏ်လွှာတွင် တစ်ရစ်ချင်း၊ တစ်ထစ်ချင်း ဖွံ့ဖြိုးတိုးတက်လာသော လူသားတို့၏ နိုင်ငံရေးသမိုင်းဖြစ်စဉ် တစ်လျောက်ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ခြုံငုံသုံးသပ်လျှင် လူသားတို့၏ အခွင့်အရေး မညီမမျဖြစ်မှုများ၊ တစ်နည်းအားဖြင့် လူ့အခွင့်အရေး ဆုံးရှုံးမှုများ ချိုးဖောက်ခံရမှုများကြောင့်ဟု ယေဘုယျ သုံးသပ်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား တန်းတူညီမျရေး၊ လူသားအချင်းချင်း ခွဲခြားဆက်ဆံခံမှု ပပျောက်ရေးတို့အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားသော လူ့အခွင့်အရေး အခြေခံမူများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ တည်ရှိမှုပုံသဏ္ဍာန်အတိုင်း ကျွန်ုပ်တို့၏ နိုင်ငံသည် နယ်နိမိတ်စည်းခြား သတ်မှတ်ထားသည့်အလျောက် နိုင်ငံသားအခွင့်အရေးများ အပြည့်အ၀ ရရှိရေးနှင့်အတူ အမျိုးသားကြန်အင်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ရှုမြင်ကြောင်း ဖော်ပြပါရှိထားသည်။
ထို့အပြင် (၆၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကျွန်ုပ်တို့ နိုင်ငံသားအားလုံး မိမိတို့မွေးရာပါ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများ အပြည့်အ၀ ရရှိစေရန်အတွက် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲဝင် မြန်မာအမျိုးသမီးအသင်း ခြေစစ်ပွဲနောက်ဆုံးအဆင့်၌ ထိုင်းကို အနိုင်ရရှိ

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် အာရှယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ပြီးခဲ့သည့်ဒီဇင်ဘာလ ၁ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ပြီး ယင်းခြေစစ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲနောက်ဆုံးအဆင့်၌ ထိုင်းအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် (၇) ကြိမ်မြောက် ပြိုင်ပွဲကို တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။ ယင်းနောက်ဆုံးအဆင့် ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် လက်ရှိချန်ပီယံ ဂျပန်၊ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျအသင်းတို့နှင့် အုပ်စုပတ်လည်ပုံစံ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲ၌ အုပ်စု (ခ) တွင် ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ အိန္ဒိယအသင်းတို့နှင့် အတူကျရောက်ခဲ့ပြီး ဗီယက်နမ်နှင့် အိန္ဒိယကို အနိုင်ရရှိခဲ့ကာ တရုတ် (တိုင်ပေ) နှင့်သရေကျပြီး အုပ်စုပထမနေရာ ရရှိခဲ့သည်။ ထို့ကြောင့် တစ်ဖက်အုပ်စုဗိုလ်ဖြစ်သော ထိုင်းအသင်းနှင့် ခြေစစ်ပွဲနောက်ဆုံးအဆင့်အဖြစ် ရှုံးထွက်ကစားခဲ့ရခြင်း ဖြစ်သည်။ ယင်းခြေစစ်ပွဲ နောက်ဆုံးအဆင့်ရှုံးထွက်ပွဲကို ဒီဇင်ဘာလ ၉ ရက်က ဟိုချီမင်းမြို့ရှိ Thonh Nhat ကွင်းတွင် ကစားခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအတွက် အနိုင်ဂိုးကို နောက်တန်းလူ လင်းဥမ္မာထွန်းက ၆၇ မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
| အုပ်စု(ခ) | ပွဲ | နိုင် | သရေ | ရှုံး | ရဂိုး | ပေးဂိုး | ရမှတ် |
| မြန်မာ | ၃ | ၂ | ၁ | ၀ | ၁၁ | ၂ | ၇ |
| ဗီယက်နမ် | ၃ | ၂ | ၀ | ၁ | ၁၄ | ၃ | ၆ |
| တိုင်ပေ | ၃ | ၁ | ၁ | ၁ | ၉ | ၄ | ၄ |
| အိန္ဒိယ | ၃ | ၀ | ၀ | ၃ | ၀ | ၂၅ | ၀ |
နောက်ဆုံးအဆင့် Play-Off
မြန်မာ ၁-၀ ထိုင်း